Part (19) Unicode

63 11 2
                                    

" မြသွေးတို့ စကားကောင်းနေကြတာလား"

နှိုင်းတို့၏ စကားဆုံးချိန်တွင် အခုမှရောက်လာကာ ဘာမှမသိလိုက်သည့်ပုံစံဖြင့်ပန်းချီသည် စကားဆိုလိုက်သည်။ ကဗျာသည်လည်း အလိုက်သင့်ပင် မသိသလိုဟန်ဆောင်လိုက်သည်။ စီးပွါးရေးထိပ်တန်း ဥက္ကဌ အနေဖြင့် သူမ၏ ဝမ်းနည်းဖွယ်ငယ်ဘဝအား တခြားသူများအား သိစေချင်လိမ့်မည်မဟုတ်။ ထို့ကြောင့်သာ ကဗျာ နှင့် ပန်းချီသည် ဤအကြောင်းအရာများအား မသိကျိုးကျွန်ပြုလိုက်၏။

"နှိုင်းပေါ့ ရွေးပေးတာတွေမကြိုက်ဘူးလုပ်နေတာ"

"နှိုင်းက ဘယ်လိုပုံစံကြိုက်လို့လဲ"

"ဘယ်လိုပုံစံဖြစ်ဖြစ်ပါ ပေါ့ပါးရင်ကိုရပြီ"

"ဒါဆိုကဗျာတို့ ကူရွေးပေးကြည့်မယ်"

နှိုင်းသည် မြသွေး ၊ ကဗျာနှင့် ပန်းချီတို့ရွေးပေးသည့် ဝတ်စုံများအား ကြည့်ကာ ခေါင်းကိုက်သလိုခံစားလာရသည်။ သို့သော် ထိုလူသုံးယောက်နှင့် သူမတစ်ယောက်ထဲမို့ လိမ္မာစွာ စကားနားထောင်နေရသည်။ နားမထောင်၍လည်းမဖြစ် ။ မြသွေး၏ အမေအိုတစ်ယောက်ကဲ့သို့ ဆူပူသည့်စကားများနှင့် ကဗျာတို့၏ နားချသည့်စကားများ ထပ်တလဲလဲ ကြားရမည်ဆိုးသည်လေ။

"နှိုင်း ခနလာပါဦး"

မြသွေး၏ ခေါ်သံကြောင့် နှိုင်းသည် မြသွေးအနားသို့လျှောက်သွားလိုက်သည်။

"ဒီဝတ်စုံလေး နှိုင်းနဲ့လိုက်လောက်မယ် ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့ ကောင်မလေးပုံစံဒီဇိုင်းလေး"

မြသွေးပေးသည့် ဝတ်စုံအား ကြည့်လိုက်သည်။ အမှန်ပင် မြသွေးပြောသည့်အတိုင်း ရိုးရိုးရှင်းရှင်းလေးနှင့် ဆွဲဆောင်မှုရှိစေသည်။

အဖြူရောင် ဖဲသား ဂါဝန်ရှည်သည် ဒူးအောက်ပိုင်းတွင် အနည်းငယ် ကားသွားသည့်ပုံစံ။ ထိုပုံစံသည် နှိုင်း၏ ခန္ဓာကိုယ်အလှအား သိသာစေသည်။ အနည်းငယ်ကားသွားသည့်အတွက် လမ်းလျှောက်ချိန်တွင် ကျဉ်းကြပ်စေလိမ့်မည်မဟုတ်။ ပခုံးထက်တွင် သေးငယ်သော ကြိုးလေးနှစ်ခုအား လှပစွာ ကျစ်ထားသည့် ပုံစံပါသည်။ သူမ၏ ပခုံးသားနှင့် ညှပ်ရိုးတို့သည် ကြည့်ရှူသူအား ဆွဲဆောင်ပေးနိုင်သည်။ ရိုးရှင်းသည်ဟုထင်ရသော်လည်း အမှန်ပင် လှပသော ဝတ်စုံပင်။ နောက်ကျောတွင် ပိရိသေသပ်စွာဖြင့် ပုံဖော်ထားသော ကြက်ခြေခတ်ပမာ ချည်ကြိုးများလည်းရှိသည်။ ထိုချည်ကြိုးများသည် ကျောပြင်တစ်ခုလုံးအားမပေါ်စေဘဲ ဖုံးကွယ်ထားပေးနိုင်လိမ့်မည်။

ပြိုကျလျက်ရှိသော မိုးရိပ်Donde viven las historias. Descúbrelo ahora