Part (25) Unicode

69 6 2
                                    

နှိုင်းသည် ကဗျာ့၏ အချစ်အားရရန် မည်ကဲ့သို့ကြိုးစားရမည်နည်း။ သူမတွင် လမ်းစပျောက်လျက်ရှိနေသည်။ မည်သို့ပင် တွေးတောပါစေ အဖြေမရနိုင် ဖြစ်နေသည်။ သို့သော် နှိုင်းသည် အကြိမ်ပေါင်းများစွာ တွေးကြည့်ပြီးနောက် အဖြေတစ်ခုရလိုက်သည်။

"မြတ်ပန်းချီချယ်ဆိုတဲ့ အမျိုးသမီးမရှိခဲ့ရင်တော့ နှိုင်းကို ကဗျာက ပြန်ချစ်နိုင်ကောင်းပါရဲ့"

နှိုင်း ခပ်ယဲ့ယဲ့ပြုံးနေလိုက်ပါသည်။ သူမ၏ စိတ်အတွင်းမှ အကြံအစည်တစ်ခုရလာသည့်နောက် သူမပေါ့ပါးသည်ဟု ခံစားလိုက်ရသည်။ နှိုင်းသည် ကဗျာ့ကြောင့် ပျော်သည်။ ကဗျာကြောင့် နာကျင်မှုအား ခံစားရသည်။ ကဗျာအား ပိုင်ဆိုင်လိုစိတ်ဖြင့် သူမ အဘယ်ကိစ္စရပ်အားမဆို ပြုလုပ်ရန်အဆင်သင့်ဖြစ်နေခဲ့သည်။

"နှိုင်း တစ်ယောက်တည်း ဘာတွေပြုံးနေတာလဲ"

အတွေးများဖြင့် ပျော်မြူးနေသော နှိုင်းအား အနောက်မှရောက်လာသော မြသွေး မေးလိုက်ခြင်းပင်။ ယခုရက်ပိုင်းအတွင်း နှိုင်းသည် တစ်ယောက်တည်း ငေးငိုင်နေသည်။ ခက်ခဲသော ပုစ္ဆာအား အဖြေထုတ်မရသည့်နှယ် အတွေးကမ္ဘာအတွင်း၌သာ ကျင်လည်နေသည်။ အမြဲလိုလို တွေးတောနေသော နှိုင်းထံတွင် အပြုံးသည် ယနေ့မှပင် မြင်ရသည်။

"မပြုံးပါဘူးနော်"

"မပြုံးလို့ဘဲ ပါးစပ်က နားရွက်ရောက်နေပြီ နှိုင်းရဲ့ မှန်လေးဘာလေး ကြည့်ပါဦး"

"မြသွေးနော် မဟုတ်တာတွေ"

"မဟုတ်ဘူးလား"

မြသွေးသည် မျက်လုံးအား အပေါ်သို့လှန်ကြည့်လိုက်ကာ ပြောလာသည်။

မြသွေး၏ အပြုအမူအား နှိုင်းသည် သဘောတကျ ရယ်မောပါသည်။ ထိုအခါ နှစ်ယောက်သား ပြိုင်တူရယ်မောလိုက်ကာ မြသွေးသည် နှိုင်း၏ နဘေးတွင် ဝင်ထိုင်လိုက်သည်။

နှိုင်းသည် မြသွေးနှင့် အတူရှိချိန်တွင် လွတ်လပ်သည်ဟု ခံစားရသည်။ သူမသည် လွတ်လပ်စွာ ပြုံးရယ်ခွင့်ရသည်။ စိတ်ထဲမှ အရာများအား လွတ်လပ်စွာ ဖွင့်ပြောတိုင်ပင်ခွင့်ရှိသည်။ မြသွေးနှင့် ရင်းနှီးလာသည့် နောက်ပိုင်း နှိုင်းထံတွင် အစ်မတစ်ယောက်ရှိလာသည်ဟု ခံစားရသည်။

ပြိုကျလျက်ရှိသော မိုးရိပ်Donde viven las historias. Descúbrelo ahora