"လူကြီးမင်းတို့ကို ဒီနေ့မိတ်ဆက်ပေးမှာကတော့ Forever ကုမ္ပဏီရဲ့ တွဲဖက်ဒါရိုက်တာ ဒေါ် သရဖီကိုဖြစ်ပါတယ် ခင်များ"
"ဖြောင်း ဖြောင်း ဖြောင်း "
ခန်းမအတွင်းလက်ခုပ်သံများညံစီသွား၏။စတိတ်စင်ပေါ်သို့လှမ်းတက်နေသောသူမရဲ့ခြေလှမ်းများဟာအားမာန်အပြည့်။သို့သော် တက်ကြွမနေပြန်။
"မသရဖီကို "
မိုက်ခွက်ကိုကမ်းရင်းသူမအား ပြုံးပြနေသောကိုလရောင်။
"အားလုံးပဲ ကျမ သရဖီကိုပါ ။ ကိုလရောင်နဲ့အတူအလုပ်လုပ်ရတာ ၀မ်းသာပါတယ် ။ကျေးဇူး"
ဘာမှထွေထွေထူးထူး ပြောမနေပဲ သူမ အဆုံးသတ်လိုက်၏။အားလုံးအံ့အားသင့်စွာကြည့်နေကြ၏။တစ်ချို့ကအားမလိုအားမရဖြစ်နေကြ၏။သူမ ကိုလရောင်နဲ့တွဲဖက်လုပ်ရတာ အခွင့်ထူးခံလူဟုယူဆစေချင်ပုံရသည် ။ရုပ်ချော ဥစ္စာပေါ ပညာတတ် စတဲ့ဂုဏ်ပုဒ်တွေအပြင် စိတ်သဘောထားအနေဖြင့်လဲ ကောင်းမွန်တဲ့ဂုဏ်သတင်းတွေပိုင်ဆိုင်ထားသော လရောင်ဟာ သူမအတွက် အလုပ်၌ထက်မြတ်သောယောက်ျားတစ်ဦးထက်မပို။သူ့အားကမ်းလှမ်းထားသောသမီးရှင်တွေ၊လက်တွဲချင်သောလုပ်ငန်းရှင်တွေ အထူးသဖြင့်ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေသော ကိုလရောင်ဟာ သူမ မျက်လုံးထဲတွင်တော့သာမန်အမျိုးသားတစ်ဦး။လူတစ်ချို့ကတော့ သူမကို လရောင်ဟာ စိတ်၀င်စား၍ သူမခုလိုအခွင့်အရေးရခြင်းတဲ့။ တကယ်ကသူမ လရောင်နဲ့လက်တွဲတာ အလုပ်သဘောအရ အဆင်ပြေလို့။ဒါဆို လရောင်ကရော ။အတူတူပင် ။သူတို့ချင်း ထို့ထက် ပုဂ္ဂိုလ်ရေးထပ်မရှိ။ဒါကိုလူတွေက ထင်မိထင်ရာ ပြောဆိုနေကြ၏။သေချာလဲမသိပါဘဲနှင့်။ လူတစ်ယောက်ကို သေချာမသိ၊မကြည့်ပါပဲ သူတို့ထင်ချင်ရာထင်ကြ၏။ထိုထင်ကြေးများ ကြား အဲဒီလူ၏အရည်အချင်းများဟာ အမြဲလျစ်လျှူရှုခြင်းခံရသည်။အဲဒီလိုပါပဲ ။လူတွေဟာ စိတ်ပျက်စရာ။
လူတောထဲကြာကြာမနေချင်သည်မို့ ပွဲ မပြီးသေးခင်ပြန်လာခဲ့၏။
"Congratulation သရဖီကို "
ခန်းမထဲကထွက်သည်နှင့်ပန်းစီးကိုပိုက်လျက် မိုးညိုက စကားဆိုသည်။သူမ ပြုံးရုံသာပြုံးပြလိုက်ပါသည်။ မိုးညိုဟာ ကိုကိုကြီးပြီးလျှင် ဒုတိယမိသားစု၀င်ပါပဲ။
"မင်းက ဒီပုံစံနဲ့ ပိုလိုက်တယ် သရဖီကို "
မိုးညိုအပြောကြောင့်သူမ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိသည်။ အဖြူရောင် အနောက်တိုင်း ၀တ်စုံကို လေဒီရှူးဒေါက်အမြင့်နှင့်တွဲဖက်၀တ်ဆင်ထားသောသူမ။
အနည်းငယ်ပြန်ရှည်စပြုနေပြီဖြစ်သောဂုတ်ထောက် ဆံကေသာဟာ ခေါင်းပေါ်တွင်ပုံကျ နေလိမ့်မည်။နေကာမျက်မှန်ကို ခေါင်းပေါ်မှချကာ သူမ ကားထဲ၀င်လိုက်၏။မိုးညိုကို လာခေါ်ခိုင်းထားသည်မို့ သူမ ကားတော့မဟုတ်။သူမမှာ ကားမရှိ။ မရှိဆို မစီးတော့တာဖြစ်၏။
မေမေ့အိမ်မှာမနေကတည်းက သူမ ကိုယ့်ဘ၀ကိုယ်ရပ်တည်လာတာ။ပြီးတော့ အထီးကျန်တဲ့နေ့ရက်တွေဖြတ်သန်းလာတာ။
"၆လကျော်ပြီနော် မိုးညို "
လမ်းဘေးကို မျက်နှာမူရင်း မဆီမဆိုင် သူမ စကားပြန်မိသည်။အသက် သူမကိုထားခဲ့တာ ၆လကျော်ပြီ ။
အတိအကျဆိုလျှင် ၆လနှင့် ၁၄ရက်။
"ဟင်းးး မကွေးဘက်လဲ အရိပ်အယောင်မတွေ့သေးဘူးလား "
"ဟင့်အင်း တစ်မြို့လုံးနှံ့နေပြီ "
"နယ်ရွာတွေဘက်ကော ဆင်းကြည့်မလား ။ဒီတစ်ခါ ကျွန်တော်ကော လုပ်အားပေးလိုက်ခဲ့မယ်လေ "
ဟုတ်၏။သူမ ကိုလရောင်နဲ့စတင်အလုပ်တွဲလုပ်ပြီး ရသမျှ လုပ်ခလစာများအား ဆေးပစ္စည်းများ၀ယ်ယူကာ အနယ်နယ်အရပ်ရပ်မှ ဆေးရုံဆေးခန်းများကိုထောက်ပံ့လျက်ရှိသည်လေ။အထူးသဖြင့် အသက်ရဲ့မွေးရပ်မြေ မကွေးကိုတော့ပို၍အသွားစိပ်၏။သွားတိုင်း သူမ အသက်အကြောင်းစုံစမ်းရတာအမော။တွေလိမ့်နိုးနိုးနှင့်ရှာဖွေရတာလဲအမော။သို့သော် အချည်းနှီးသာ။ခုတစ်ခေါက် မိုးတွင်း မကွေးမြေကို ထပ်မံအခြေချဖို့ဆုံးဖြတ်ထား၏။
"ဆေးရုံခဏ၀င်အုံးမယ်နော် မိုးပွင့်ကိုအိမ်လိုက်ပို့မလို့ "
သူမ ခေါင်းအသာငြိမ့်ပြလိုက်၏။သူမ၏စိတ်မှလွဲလျှင်အရာအားလုံးဟာပုံမှန်လိုလည်ပတ်နေကြသည်။ အသက်ထွက်သွားပြီး မိုးပွင့်ကတစ်ငိုငိုတရယ်ရယ်နှင့်မို့ သူ့အိမ်ခဏခဏသွားဖြစ်ကြ၏။အသက်တို့တိုက်ကလေးဟာ အထီးကျန်စွာ ကျန်ရှိသည်မြင်ရတော့ ရင်ဘတ်ထဲအောင့်သက်သက်။နောက်တော့ မိုးညို့အစီစဥ်ဖြင့် သူတို့ဆေးရုံတွင်သာ ယာယီအလုပ်၀င်လုပ်စေရ၏။၀င်စတုန်းက ဆရာ၀န်ကုတ်နှင့်အမျိုးသမီးမြင်တိုင်း အော်အော်ငိုတဲ့အလုပ်သင်မလေး မိုးပွင့် ။ခုတော့ အလုပ်သင်မလေး မိုးပွင့်မဟုတ်တော့။ဆေးရုံတစ်ရုံလုံးအား မပျင်းရိရလေအောင် ဖျော်ဖြေပေးသော သာလိကာမလေး မိုးပွင့်ဖြစ်နေချေပြီ။
"ဟာ အမကော ပါလာတာပဲ "
ဆေးရုံတံခါး၀၌ကားရပ်စောင့်နေသောမိုးပွင့်က သူမကိုမြင်တော့ ကားတံခါးကိုဆွဲဖွင့်လျက် အားရ၀မ်းသာစွာဆိုသည်။
"ညီမလေး မကွေးဘက်လိုက်ချင်လား "
သူမ မိုးညိုကို လှည့်ကြည့်မိ၏။ကားကိုဖြေးညှင်းစွာကွေ့မောင်းလျက် မိုးညိုကပြုံးပြ၏။
"ဟင် ဒေါက်တာ့ကို တွေ့ပြီလား ။ဟုတ်လားအမ "
သူမလက်ကို အားကိုးတကြိိးဆွဲလှုပ်ရမ်းလျက် အရည်ရွှမ်းနေသောမျက်၀န်းတို့ဖြင့်ကြည့်ကာ စကားဆိုနေသောမိုးပွင့် ။
"မတွေ့သေးပါဘူးကွာ။မင်းဒေါက်တာကအပုန်းကောင်းတာကို "
သူမ စကားပြန်တော့ ချက်ချင်းညိုးကျသွားသောမျက်၀န်းများ။
"ဟွန့် အဲလိုဆို မလိုက်ချင်ပါဘူး ။ မိုးပွင့်က ဒေါက်တာခေါ်မှ မကွေးမြေကိုခြေ ချမှာ "
နှုတ်ခမ်းကိုထော်လျက် ပြောနေသော ကလေးမလေးကို သူမကောမိုးညိုပါ ပြုံးလျက် ခေါင်းခါကြရ၏။
"အကိုလဲပါမှာလေ ။သရဖီကို တစ်ယောက်တည်း ရှာတာမတွေ့လို့ အကိုပါကူရှာအောင်လိုက်မလို့ ။မိုးပွင့် လဲလိုက်ရှာကူမယ်ထင်ထားတာ ။အင်းလေ လူတွေဟာပြောင်းလဲမြန်သားပဲ အစကတော့တငိုငိုတရယ်ရယ်နဲ့ ခုကျ "
"အံမယ် ။ ရှာအောင် သွားမယ်ဆို လိုက်မှာပေါ့ ။အစကနေပြောပါလား ။အကိုပါရင် မိုးပွင့်လဲ လိုက်မှာ ဟွန့် "
"ဒါဆို အမချည်းဆို မလိုက်ဘူးပေါ့ ဟုတ်လားမိုးပွင့် "
"အာ အဲလိုသဘောမဟုတ်ဘူးလေ ။ အမနဲ့ဆို ညီမက ဘာမှ မလုပ်တတ် မသိနဲ့။အကိုပါရင်တော့ အားကိုးလို့ရတာပေါ့ ဟဲဟဲ နော့အကိုမိုးညို "
"ဟားးဟားးး ငါ့နှမကတော့လေ "
ဒီကလေးမလေးဟာ မိုးညိုကိုအတော်တွယ်တာရှာသား။
"ကောင်းပြီလေ ။ခုလကုန် ပြီး၂ရက်၃ရက်လောက်ဆိုထွက်မယ် မိုးတွင်းဆိုတော့ အ၀တ်ပိုထည့်ခဲ့ကြ။မိုးကာ ရှိလဲယူခဲ့နော် ။ရက်အတိအကျကို နောက်မှ အမ ဖုန်းဆက်ပြောမယ် "
"အိုခေ ။ ဟင် "
"ဘာဖြစ်လို့လဲ မိုးပွင့် "
"ဟို ဒေါက်တာ့အိမ်တံခါး "
မိုးပွင့်အဖြေအကြား သူမတို့မတိုင်ပင်ပါပဲ ပြိုင်တူ ထိုခြံဘက်ကြည့်မိလိုက်ကြ၏။ခြံတံခါးတွင်ခတ်ထားနေကျသော့ခလောက်ကြီးရှိမနေ။လူမရှိ၍ခြောက်ရော်ကြွေကျနေသောသစ်ပင်ပန်းမန်တို့သည်လဲ ရေစက်များကျလျက်ရှိ၏။ကားကိုအမြန်ရပ်ကာသူတို့သုံးဦးသား အလျင်အမြန်ပင်အိမ်ဆီသို့လှမ်းခဲ့ကြ၏။
"အသက် "
သူမနှုတ်ဖျားမှ တိုးလျစွာထွက်ခွာသွားသောအသံ။ထို့နောက်တွင်တော့
"မမသက်ရေ !ဒေါ်လေး !!"
"ဒေါက်တာ "
လှစ်ဟထားသောအိမ်တံခါး၀၌ရပ်လျက်သူတို့သံပြိုင်အော်ခေါ်မိကြ၏။အိမ်ထဲသို့သောမည်သူမျှ ခြေမချ။မည်မျှပင်သူတို့စိတ်ဆန္ဒပြင်းပြစေကာမူ ဒါလူ့ကျင့်၀တ်ပဲမဟုတ်လား။
နောက်ထဲမှ တစ်စုံတစ်ယောက်ထွက်လာပုံပေါ်သည်။ခြေသံခပ်သဲ့သဲ့ကိုကြားရ၏။ခြေသံနီးလေလေ သူမရင်မှ လှုပ်ခတ်မှုတို့သည် ပိုမိုမြန်ဆန်လေလေဖြစ်နေသည်။အသက် ။အသက် ဖြစ်ပါစေတော့။
"ဟော် ဘယ်သူတွေလဲမှတ်တာ မင်းတို့ပဲ။အထဲ၀င်လေ ။ဘာရပ်လုပ်နေကြတာလဲ။ "
"မကေသီ "
"အမ ဒေါက်တာပြန်ရောက်ပြီလားလို့ ။အမဖြစ်နေတာလား "
မိုးညိုနှင့်မိုးပွင့်တို့နှုတ်မှ တစ်ယောက်တစ်ခွန်းထွက်လာသော်လည်းသူမကတော့မျှော်လင့်ချက်များပျောက်ဆုံးသွား၍ဆွံ့အနေမိသည်။
"မကေသီ ဘာလို့များ..."
"ဟာ လူကိုသူခိုးကြည့်နဲ့မကြည့်ကြနဲ့ကွာ ။မင်းတို့ဖြိုးသက်ထက်ဇော်က သူ့ကိုကူညီတဲ့ပိုက်ဆံကို မဆပ်နိုင်သရွေ့ဒီခြံနဲ့တိုက်ကိုယူထားဆိုလို့ တို့ယူထားရတာ ။ခု တို့ခဏလောက်နေမလို့ လာရှင်းတာ ။အစကတော့မတွေးမိပါဘူး ။ထွန်းရင်သီချင်းထဲကလို လူမနေတဲ့အိမ်ကလေးးး အထီးကျန်ဆန်လွန်းနေလို့ တို့လာနေဖို့ဆုံးဖြတ်လိုက်တာ "
"မမသက်နဲ့အဆက်သွယ် ရလားဟင် "
စားပွဲခုံပေါ်မှ ပစ္စည်းများကိုဘေးရွှေ့နေသောသူမ တစ်ချက်တွေေ၀သွား၏။
"အင်းး မရပါဘူး "
မုသားစကားကိုအမှန်တိုင်းပြောလိုက်တော့ ထိုမိန်းကလေးဟာ သက်မ ညှင်းညှင်းကို အသာချ၏။(မုသားစကားကိုအမှန်တိုင်းပြောတယ်ဆိုတာ ရှုပ်သွားလားမသိနော်။ တကယ်တော့ကေသီဟာ အသက်ထွက်သွားစက အဆက်အသွယ်ရပါတယ်နောက်ပိုင်းတော့ မရတော့ပါဘူး။ အဲတော့ ပထမ ရရဲ့သားနဲ့မရဘူးမို့ မုသား နောက်က တကယ်မရတော့တဲ့အတွက် အမှန်တိုင်း ဖြစ်ရတာပါ။နားလည်မှုလွဲခဲ့သည်ရှိသော ကျွန်တော့်အရေးအသားလိုအပ်ချက်ဖြစ်ပါကြောင်း)
"အသက်ဘယ်မှာရှိလဲ မကေသီ မသိတာအမှန်လား "
"အင်းးး"
ကြီးလေးသောမုသားကိုဆိုရတော့ သူမ စိတ်တို့လေးပင်သွားရ၏။ဖြိုးသက်ထက်ဇော်သူမကိုအဆက်အသွယ်မလုပ်တာ သော်ဇင်တို့ရန်ကုန်ပြန်ရောက်ကတည်းကပင်။သူမ ဘက်မှဆက်သွယ်လဲမရ။သော်ဇင်တို့ကလဲ ဖြိုးသက်ထက်ဇော်ကိုကတိပေးထားသည်မို့ သူ ဘယ်လိုမေးမေး ပြောပြမည်မဟုတ်ကြောင်း အညာမှပြန်ရောက်ကတည်းက လာရောက်၀န်ခံထားလေ၏။အံ့သြဖွယ်ကောင်းလေစွ ။သို့သော် သူမ လိုက်ရှာလျှင်အလွယ်ကလေး သိနိုင်ပါသည်။သို့သော် မလုပ်ချင်ပါ ။အေးအေးချမ်းချမ်းနေလိုသော သူ့ကို အနှောင့်အယှက်ပေးမိမှာစိုး၍ဖြစ်သည်။ဟိုတလောက သူ့ရွာက အမျိုးသမီးတစ်သိုက်၏သီချင်းတောင်းဆိုမှုကြောင့် အခု သူဘယ်ရောက်နေလဲ သူမ အတိအကျသိထား၏။အဲဒီရက်တွေက အစီအစဥ်မှာတာ၀န်ကျသော နွေးနွေးကရုတ်တရက်မူးလဲ၍သူမ အစား၀င်ပေးခဲ့ရသောနေ့ဖြစ်သည်။
"ဟုတ်ကဲ့ တေးချစ်သူရွေးသည်တေးပန်းချီအစီစဥ်ကပါရှင် "
ပုံမှန်လူတွေကဲ့သို့ အသံကိုချိုနိုင်သမျှချိုထားရသည်။
"သီချင်းတောင်းချင်လို့တော့် !!"
အုပ်စုလိုက်ကြိိး၀ိုင်းအော်ပြောနေကြသောကြောင့်သူမ နားပင်ပွင့်ထွက်မတတ် ဖြစ်ခဲ့ရ၏။စိတ်ထဲ မျက်ခနဲဖြစ်သွားသော်လည်း စိတ်ကိုလွှတ်ချလို့မဖြစ်ပါ။
"အဖွဲ့လိုက်ကြီးဖုန်းကိုကပ်ပြောနေတာလားနော် "
"ဟုတ်တယ် ဟုတ်တယ် ကျုပ်က ဖုန်းကိုကိုင်ထားပြီးသူတို့ကလုပြောနေတာ "
"ဘာသီချင်းလေးများတောင်းမလို့လဲနော် "
"ဟိုဟာလေ အဆိုကျော် စိုင်းထီဆိုင်းရဲ့'ပါရမီရှင် ´ "
"ဟုတ်ကဲ့ ဘယ်သူ့အတွက်များတောင်းပေးသလဲရှင့် "
"ကျုပ်တို့ရွာကို ရောက်လာတဲ့ ဆရာ၀န်မလေး ဖြိုးသက်ထက်ဇော် ဖို့ "
ထိုနာမည်အကြားသူမ တဒင်္ဂ တိတ်ဆိတ်သွားရ၏။ဖြိုးသက်ထက်ဇော် ။မင်းကတော့လေ ဘယ်နေရာရောက်ရောက် အဆင်ပြေနေသားပဲ။မျက်နှာထက်အပြုံးတို့အလိုလို ပွင့်လန်းလာ၏။
"တောင်းဆိုထားတဲ့အမတို့နာမည်လေးတွေနဲ့နေရပ်လိပ်စာကော ပြောပြအုံးမလားရှင့် "
"အကုန်ပြောရင် လေကုန်တယ်လေလိပ်စာကတော့မကွေးတိုင်း၊ မင်းလှမြို့နယ် ၊လက်ပံတံခါးရွာ နာမည်က မလုံးတင်အဖွဲ့ဆို ရပြီ "
သူတို့၏စကားများသည်တုံးတိဆန်လွန်းလှသော်လည်း သူမ အပြစ်မတင်ရက်ပါ။ တောရပ်တောရွာများဟာ အပြောရိုး၊သဘောရိုး၊အလုပ်ရိုးတွေမဟုတ်လား။
"ဟုတ်ကဲ့ပါ ဒါဆို အမတို့ရဲ့ဆရာ၀န်မလေးအတွက် သီချင်းလေးကိုခုပဲထုတ်လွှင့်ပေးလိုက်ပါမယ်နော်။သာယာတဲ့နေ့လေးဖြစ်ပါစေရှင် "
"ကျေးဇူးတော်ရေ့ !!"
အသံသွင်းပြီးနောက် သူမ ရင်၌ပျော်ရွှင်မှုတို့ စီးမျောကခုန်နေ၏။
YOU ARE READING
ရင်ခွင်ဦး
Romansaချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။
