"ဟမ် ဘာ ဘာကိုမရှိတော့တာလဲ ။ မနေ့ညကမှ အကိုတို့ဖုန်းပြောထားသေးတယ်လေ။အကို နားလည်အောင်သေချာရှင်းပြစမ်း "
မယုံကြည်နိုင်စွာ ဒေါသသံအနည်းငယ်စွက်လျက် မိုးပွင့်အား လှုပ်ရမ်းကာမေးမိ၏။
"ဟင့် မနက်စောစောကပဲ ဒေါက်တာ့ဆီက စာအိတ်တစ်အိတ်နဲ့စာတစ်စောင်ရောက်လာတယ် ။ဒီမှာ ဟင့် ဟင့် "
တရှုံ့ရှုံ့ ရှိုက်ရင်းကမ်းပေးသောစာကို သူအမြန်ယူကြည့်လိုက်၏။
မိုးပွင့်ရေ
မမတို့ဆေးခန်းလေး မဖွင့်ဖြစ်တော့လို့ ညီမလေးအတွက် လစာ သုံးလစာ ထည့်ထားပေးတယ်ကွယ်။မမကိုမျှော်မနေဘဲအလုပ်သစ်ထပ်ရှာလိုက်နော်။ ၂လစာက အလုပ်သစ်ရှာမရခင်သုံးရအောင်တမင်ပေးထားခဲ့တာ။ ကံ မကုန်ရင် ပြန်ဆုံကြမှာမို့ မိုးညိုကို အကူညီတောင်းပြီးလဲ လိုက်မရှာပါနဲ့။မမရဲ့ ညီမလေး အဆင်ပြေပါစေကွယ် ။
စာအားဖတ်ပြီးသည့်နောက် စိတ်ဓာတ်များကျဆင်းသွား၏။မမ ဘယ်သွားတာလဲ။စာအိတ်ကိုသေချာကြည့်မိတော့ တံဆိပ်ခေါင်းမပါ။ ဒါဆိုစာတိုက်ကမဟုတ်ဘူးပေါ့။
"ဘယ်သူ လာပေးတာလဲ သိလား "
"မိုးပွင့်နဲ့မတွေ့ဘူးအကိုရဲ့ မိုးပွင့်နောက်၀င်နေတုန်း မေမေ့ကိုပေးသွားတာ "
"ဟာကွာ... "
မျှောလင့်ချက်မဲ့စွာ သူရေရွတ်မိ၏။ မမဟာ သူ့ကိုတစ်ခွန်းမှ မဟ ပါပဲထွက်သွားရက်နိုင်သည်။မိုးပွင့်ကို မှာခဲ့ပုံထောက်ရင် သူ လိုက်ရှာမည်ကိုကြိုသိ၍ဖြစ်မည်။ဘေးမှ သရဖီကို သည် သူလုပ်သမျှကို ငေးမောနေ၏။သရဖီကို ။သူမ စိတ်နဲ့လူနဲ့ ကပ်ပါရဲ့လား ။သူကောဘာထူးလဲ ။စိတ်တွေ ယောက်ယက်ခတ်နေသည်။ခုချိန်မှာ ဘယ်သူ့က ဘယ်သူ့ကိုသနားပြိီး ဘယ်သူကဘယ်သူ့ကိုနှစ်သိမ့်ရမလဲတောင်သူသေချာမသိတော့။
"အသက် ပြန်မလာတော့ဘူးလားဟင် "
"ဟင် အမ အမ သတိရနေပြီလား "
သရဖီကို့အမေးကို မိုးပွင့်က အံ့သြမှင်တက်စွာမေးခွန်းပြန်ထုတ်နေ၏။
"ပြန်လာမှာပါ မသရဖီကို ။ကျွန်တော်တို့ စောင့်ကြတာပေါ့ "
"ကျမ စောင့်ရတာကို မုန်းတယ် မိုးညို "
"...."
"ကျွန်တော် ဆေးရုံလိုက်ပို့မယ်နော် ။ခများလဲသေချာနေကောင်းသေးတာမဟုတ်ဘူး။ ပြန်ပြီးနားလိုက်နော် ကျွန်တော်ရှာကြည့်ပါအုံးမယ် ။မမကိုတွေ့တာနဲ့ခများဆီကိုသေချာပေါက်ခေါ်လာခဲ့မယ် "
"တကယ်လို့ မတွေ့ခဲ့ရင်ကော "
မျက်ရည်များဖြိုင်ဖြိုင်ကျရင်းသူ့ကိုမေးလာသောသရဖီကိုအားမိုးညို အဖြေခက်သွား၏။
"ပြန်ကြစို့နော် မိုးပွင့်လဲငိုမနေနဲ့။အကို မမသက်ကိုတွေ့အောင်ရှာမယ်နော် ညီမလေး "
မိုးပွင့်က ခေါင်းကိုညိမ့်ရင်းအဖြေပေး၏။အသံမထွက်ဘဲ မျက်ရည်တွေချည်းကျနေသော သရဖီကို့ ခန္ဓာလေးအားသေချာထိန်းမတ်ကာ ကားပေါ်တင်ရ၏။ ကားပေါ်တက်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရ၏။ပြောသာပြောရတာ မမသက်ဘယ်သွားမှန်းသူကိုယ်တိုင်လဲ မသိ။ မမ အနားနေပြီး အရိပ်အမြွက်လေးတောင် မသိ သည့် ကိုယ့်ကိုယ်ကို မချိတင်ကဲ ဖြစ်ရ၏။ဖြစ်နိုင်သည့်နေရာများကို မှန်းဆကြည့်သော်လည်း ရေရေရာရာမရှိ။ခုမှ အမှန်တကယ်ပင် သူလမ်းပျောက်နေလေပြီ။ ဘေးနားမှ ခန္ဓာကိုယ်လေးကတော့ တုန်ရီစွာ ငိုကြွေးနေရှာသည်။အသံ တစ်စက်မှ မထွက်သော်ငြား မည်မျှ ခံစားနေရလဲ သူအတပ်သိပါသည်။တုန်ရီနေသည့်ကြားမှတသ်ချက်တစ်ချက် ရှိုက်သံလေး ထွက်ထွက်လာ၏။
"ဟင်းးးးး"
သက်မကို ဟင်းခနဲချရုံမှလွဲ၍သူဘာမှမတတ်နိုင်။သူတို့နှစ်ယောက်အတွက် သူပင်ရင်မောရ၏။ချစ်နေကြပါလျက် အဘယ့်ကြောင့်များ ကံတရားက မျက်နှာသာမပေးရလဲမသိ။
YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။
