"ဆရာမ သခွားသီးသုပ်စားမလားဟင် ကျုပ် ငပိလေးနဲ့စပ်စပ်လေးသုပ်ပေးမယ်လေ "
"ဟင့်အင်း "
"ဒါမှမဟုတ် သီးသီးထောင်းစားမလား သင်္ဘောရွက်လေးနဲ့ထုပ်စားရင် ရှယ်ပဲလေ "
".."
" ဒါဆို ဆရာမစားချင်တာပြော ဒီကလုံးတင် ချက်ချင်း ရှာပြီးလုပ်ကျွေးမယ် "
"အိုကွယ် မလုံးတင်ရယ်။ ကျမ ဘာမှ မစားချင်ပါဘူး ။အဲဒီအစား ၀ါးကျည်တောက်တွေသာ ကူသယ်ပေးပါလား "
"ဟွန့် ဆရာမကလည်း အဲတာတွေ။ ပြီးရင် ကျုပ်တစ်ခါတည်း သယ်ပေးနိုင်တာပေါ့ ။ မနက်ကတည်းက စကားတစ်ခွန်းမှမပြောဘဲ ဟိုတာလုပ်လိုက် ဒီတာလုပ်လိုက်နဲ့နေတာလေ ။ကျမ မနေတတ်တော့ဘူး ။ဘာဖြစ်လို့လဲ ။မမပန်းကို လွမ်းနေလို့လားဟင် "
"သြော် ခက်ပါလား မလုံးတင်ရယ်။ ကျမ အလုပ်ရှုပ်နေတာမြင်သားနဲ့ကွယ်။ ပြီးတော့ မလုံးတင်ကို ပြောစရာမှ မရှိတာ ဘာပြောရမလဲရှင်ရယ် "
"ဒါမဲ့ ဆရာမပုံမှန်မဟုတ်ဘူးလေ။ ကျုပ်ကိုစိတ်ဆိုးနေသလား ဒါမှမဟုတ် အလိုမကျစရာရှိလို့လားမှမသိတာ။ ခုလိုမျိုးဖြစ်နေတာ ဒီရွာကို စရောက်တုန်းက ဆရာမနဲ့တူတယ်နော်။ အဲတုန်းကဆိုတာက ခံသာသေးတယ် ခုဟာက မဟုတ်သေးဘူး"
မလုံးတင်ဟာ သူ့အားအဖက်မလုပ်သည်ကို ရောက်စတုန်းက မည်သူနှင့်မျှမရင်းနှီးသဖြင့်ငြိမ်နေသောသူမပုံစံနှင့် နှိုင်းယှဥ်ပြောနေ၏။ပြောလဲပြောချင်စရာပါပဲလေ ။ကို့ ကိုလွမ်းသည့်စိတ်ကိုအလုပ်နှင့်ဖျောက်၍ မလုံးတင်အားအလေးမထားမိ။
"ကွယ် ...။ မလုံးတင်က ကျမကိုရစ်နေတာလား ကျမကပဲ မလုံးတင်ကို စိတ်ကောက်နေသလား သေချာပြန်စဥ်းစားပါအုံး။လာ ။ဒါလေးလက်စသတ်ပြီးရင် အိမ်လိုက်ခဲ့ ကျမပဲ မလုံးတင်စားချင်တာလုပ်ကျွေးမယ်နော် "
"အဟီးး တကယ်နော် ။ပေးပေး ဆရာမ မသယ်နဲ့ ကျုပ် ပဲသယ်လိုက်မယ်။ ဦးသာရင်အိမ်ကိုမလား "
"ဟုတ်ပါ့ရှင် "
"ဟဲ့ လုံးတင်။ ဆရာမ နားပဲကပ်မနေနဲ့ ။ညည်း အလုပ် လုပ်တယ်ကိုမမြင်သေးဘူးနော် "
"အေးပါဟယ် ။ဟိုဆရာလေးတို့ပြန်သွားကတည်းက အိမ်ကိုသေချာမကပ်ဘူး ။ကပ်တော့လည်း နေ့ဆရာမ ညဆရာမနဲ့ ငါနားငြီးလွန်းလို့ ဆရာမအိမ် သာ ပြောင်းနေတော့လို့ ပြောထားရတယ်အေ "
"အမေကလည်းဒွေးလေးပြောတိုင်းလိုက်ပြောနေတာပဲ ။ကျုပ်က ဆရာမ အနားကပ်ချင်လွန်းလို့ကပ်နေတာမဟုတ်ဘူး။ ဆရာမ ပျင်းနေမှာစိုးလို့ကပ်တာ "
"အေး နင်ကပ်တာနဲ့ဆရာမတောင် စိတ်ညစ်နေရော့မယ် ။သူ့ခမျာအေးအေးဆေးဆေးနေချင်ရှာမှာပေါ့ဟယ် ။တစ်ခါတလေလည်း "
"မနေချင်ပါဘူး။ ဆရာမက ကျုပ်ကို အရမ်းချစ်တာ။ ကျုပ် လင်ယူရင်တောင် ဆရာမနဲ့မခွဲဘူးသိလား "
"ဟဲ့ ။ဘယ်လိုပြောနေတာလည်း ။ဆရာမရေ အဲတာသာကြည့်တော့ ။ဒီသမီးတစ်ယောက်နဲ့ ကျုပ်မနိုင်ဘူးဟေ "
"ရပါတယ် ကြီးဆွဲတင်ရယ်။ မလုံးတင်က ပွင့်ပွင့်လင်းလင်းပြောတတ်လို့ပါ ။ပြီးတော့ သူပြောသလိုပဲ ကျမလဲသူနဲ့ဆိုမပျင်းရဘူးပေါ့ "
"အေးအေး ဆရာမ အဆင်ပြေရင်ပြီးတာပါပဲ "
"အမေ ဘာတွေစကားများနေပြန်တာလဲ ။ဆရာမ လာတော့ ကျုပ် ချင်းသုပ်စားချင်လှပြီ "
၀ါးကျည်တောက်များကို ခေါင်းပေါ်ရွက်ရင်းသူမအားလှမ်းခေါ်နေသောမလုံးတင်ကြောင့် ရွာသူရွာသားအချို့အား နှုတ်ဆက်၍သူမ လူကြီးအိမ်မှပြန်ခဲ့ပါ၏။ ဖွင့်ပွဲနေ့ကျ ၀ါးကျည်တောက် ကျွေးမှာမို့ တောင်ဘက်ရွာတန်းဘက်မှ ၀ါးများကိုရေစင်စင်ဆေးလျက် ဦးကြီးသာရင်အိမ်သို့ပို့နေရခြင်းဖြစ်၏။ ရွာထဲမှ အမျိုးသမီးအချို့က ဆန်ရွေး၊ အချို့ကတော့ ကောက်ညှင်းဆန်ပြာ(ရွေး)နေကြ၏။ရွာနီးချောင်းစပ်လာသမျှအကုန်ကျွေးမှာမို့ ဆန် ၅အိတ်နှင့်၀ါးအလုံး၃၀ လျာထားကြ၏။ ဖွင့်ပွဲရက် နီးလာပြီမို့ ရွာသူရွာသားများကိုယ်စီ ကိုယ်စီ တာ၀န်ယူထားသည်များကိုပြင်ဆင်နေကြရ၏။ ကာလသားအချို့က ဧည့်ခံကျွေးမွေးမည့်နေရာ၌ နေမပူစေရန် မဏ္ဍပ်ထိုးပြီးကြပြီ။
YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။
