"သမီး သေချာလေးဖြေခဲ့နော် "
"ဟုတ်ကဲ့ဖေဖေ ။မြန်မာစာကတော့အေးဆေးပါ "
တက္ကသိုလ်၀င်စာမေးပွဲရက် မို့ ကျောင်းရှေ့လူများကျိတ်ကျိတ်တိုးနေ၏။ သူမ ဖေဖေ့ကိုနှုတ်ဆက်ရင်း ကျောင်းထဲ၀င်ခဲ့၏။ သူမဖြေဆိုရမည့်ကျောင်းမှာ အ .ထ.က(၂)စမ်းကျောင်း ။ လူရှုပ်တာမကြိုက်သည့်သူမအဖို့ ခပ်သွက်သွက် ဖြေဆိုမည့်အဆောင်ဘက် ထွက်ခဲ့၏။ ကျောင်းထဲလူအနည်းငယ်ရှုပ်နေသည်။
"အ့ "
သူမ၏တွန်းတိုက်မှုကြောင့် တစ်ဖက်မိန်းကလေးသည်အနည်းငယ်ငြီးသံထွက်သွား၏။ ဆံပင်ကိုအလယ်ခွဲလျက် ထိပ်ဘေးတစ်ဖက်တစ်ချက်တွင်ကလက်ပိစိလေးတစ်ခုစီညှပ်ထား၏။နောက်ကိုတော့ကျစ်ဆံမြီးကျစ်လျက်နှစ်ဖက်ခွဲကာဖဲကြိုးအ၀ါလေးစည်းထားပြန်သည်။ကျသွားသောသူ့ပစ္စည်းများကိုကောက်၍ လက်မောင်းကိုလက်ဖြင့်ပွတ်သပ်၏။သို့သော် ဘာမှမပြော ။သူမတောင်းပန်ဖို့ရည်ရွယ်ချိန်မှာ ထိုမိန်းကေလးဟာသူလိုရာ ထွက်သွားပေပြီ။ဤကျောင်းကဟုတ်မည်မထင်။အားနာစိတ်ကြောင့်အနည်းငယ်စိတ်ထင့်သွား၏။သို့သော်
*သူတောင် ဘာမှမပြောသေးတာ ငါက ဘာလုပ်ရမလဲ *
ကိုယ့်မာနကိုယ် ပြန်ထိန်းကာစိတ်ထဲမထားဘဲ ကိုယ့်အဆောင်ကိုယ် ဆက်လျှောက်၏။ဖြေရမည့်အဆောင်အရောက်ခုံနေရာတစ်ချက်ကြည့်ပြီး ၀ရံတာဘက်တွင်ကျောင်းရှေ့မျက်နှာမူကာ အခန်းကိုကျောပေးလျက်နေမိ၏။ အခန်းရှာဖွေသူများ ဆူညံပွက်လောရိုက်နေကြသည်။အချို့က အချင်းချင်းစာများပြန်နွေးနေကြ၏။
"ဟင်းး ရှာလိုက်ရတာ "
ခုနကအသံနှင့်တူသည်မို့ဆတ်ခနဲလှည့်ကြည့်လိုက်၏။အမှန်ပင် ထိုမိန်းကလေး။သူမ မှတ်မိနေတာ ဖဲကြိုးအ၀ါနှင့် ကလစ်သေးသေးလေးနှစ်ခု။ခုမှ မျက်နှာကိုရှေ့မှာသေချာမြင်ရ၏။
မျက်နှာသည် ပြုံးလွန်းနေသည်။သို့သော် တမင်တကာပြုံးထားခြင်းမျိုးမဟုတ် ။ပင်ကိုယ် အပြုံးမျက်နှာဖြစ်၏။နှုတ်ခမ်ပါးများသွယ်လျလျက် ရှိ၏။ထိုနှုတ်ခမ်းများတွန့်ချိုး ကခုန်လျှင်မည်မျှ လှလိုက်မည့်အပြုံးလဲ။မျက်ခုံးများဆက်လုနီးနီးရှိ၏။ မျက်လုံးများမှာ အရောင်မှိန်နေသော်ငြား တည်ငြိမ်မှုကို ကြိုက်သည့်သူမအဖို့သဘောကျစရာ။ သူမကိုမြင်တော့ သူကမခို့တရို့ ပြုံးပြ၏။
"အို..."
ယောင်ရမ်းလျက်နှုတ်မှ အာမေဋိတ်သံထွက်သွား၏။ကမန်းကတမ်း လက်ဖြင့်အုပ်လိုက်မိသည်။သို့သော် သူမတစ်ကိုယ်စာကြားရုံသာ။
ထိုအခိုက်တန့်
"ချက်..ချက် ..ချက်..ချက်.."
သူမနားထဲအသံအားလုံး ပျောက်ကွယ်သွား၏။လက်ပတ်နာရီမှ စက္ကန့်လက်တံရွေ့လျားမှုအသံသာလျှင် သူမနားထဲကျန်ရှိ၏။ငါ ။ငါ ။ဘာဖြစ်သွားတာလဲ။
အကြည့်ကိုချက်ချင်းလွှဲလျက် စိတ်ကိုမနည်းပြန်ကပ်ရ၏။ မ၀ံ့မရဲပြန်လှည့်ကြည့်တော့ သူမက သူ့ဖာသူ ဟိုဘက်နားတွင်သွားထိုင်နေပြီ။ခုမှမြင်ဖူးသော ထိုမိန်းကလေးကို ကေ့သီအသိအာရုံထဲ နေရာအပြည့်ယူနေသည်။စိတ်များယောက်ယက်ခတ်လျက် သူမ ခန္ဓာကိုယ်က ဂနာမငြိမ်ဖြစ်လှ၏။ဘဲလ်အသံကြားမှ သူမ စာမေးပွဲဖြေရမည်ကို အသိကပ်၏။ဖြစ်ချင်တော့ ထိုမိန်းကလေးသည် သူမ ဘေးခုံ၌ကပ်လျက် ကျနေသည်။ကံကောင်းချင်တော့သူမသိပ်ကြောက်သောသင်္ချာကိုသူ့အကူအညီဖြင့် ဖြေဆိုနိုင်ခဲ့၏။စာမေးပွဲကြိးပြီးတော့ သူမ ထိုမိန်းကလေးကိုနေရာအနှံ့ရှာဖွေခဲ့ပါသေးသည်။သို့သော် မတွေ့ခဲ့ ။ထိုကတည်းက သူမဘ၀တစ်လျှောက်လုံး ထိုမိန်ကလေးဟာ သူမ စိတ်ထဲ အမြဲတည်ရှိနေခဲ့လေသည်။
YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။
