စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၆၂) ဇာတ်သိမ်းပိုင်း
@@@@@@@@@@@@@@@@@@@@@@@@@@@@
မြင်လိုက်ရသော မြင်ကွင်းက သူ့ရဲ့ဝိဉာဉ်တွေ နတ်မီးနှင့် လောင်ကျွမ်းသွားတော့မလို၊ ရင်းအော်က ကျောက်ဆောင်ဘေးနားမှာ ပက်လက်လေးမှီထား၏။ အသက်ဓာတ်တွေ ထိန်းချုပ်ထားသော ထိုနေရာ တစ်ခုလုံးလည်း ငြိမ်သက်သွားပြီ အလင်းစက်ကွင်းတွေက မရှိတော့ပဲ ထိုနေရာအနီးတစ်ဝိုက်တွင် သူမ၏ ခရမ်းရောင် အသက်ဓာတ်တွေ ပျံ့နှံ့နေကာ ထိန်းချုပ်ထားသော နေရာမှ အသက်ဓာတ်များ ကတော့ မူပိုင်အသက်ဓာတ်များ အဖြစ်သို့ ပြောင်းလဲ သွားတော့၏။ ရင်းအော် အနားသို့ တိုးကပ်သွားတော့ သူမက မျက်လုံးတွေ ပွင့်လာပြီး သူ့ကို ငေးကြည့်နေသည်။ နောက်တစ်ကြိမ် ထပ်မမြင်ရတော့မယ့်သူလို သူ့အား ငေးနေသောကြောင့် သူမ အနားတွင် ဝင်ထိုင်လိုက်ပြီး သူမအား မထိရဲသလို ဖြစ်မိသည်။ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ သူမက သူမ လက်တွေကို သယ်မဖို့တောင် ခက်နေဟန် တူ၏။ သူမ ပါးပြင်သို့ လက်ဖဝါးဖြင့် မရဲတရဲ ထိတွေ့လိုက်ပြီးရင်း ဆို့နစ်သော လေသံဖြင့် ခေါ်မိသည်။
'ရင်းအော်'
သူခေါ်လိုက်တော့မှ သူမ နှုတ်ခမ်းဖျားလေးက လူးခနဲ ဖြစ်လာပြီး မျက်လုံးတို့က ပွင့်ဟလာသည်။
'ငါသိတယ် မင်းရောက်လာမယ် ဆိုတာကို ငါသိတယ် ပြီးတော့ မင်းမမှားဘူး ဆိုတာလည်း ငါသိသွားပြီ'
သူမက သွေးတွေ အန်ကျလာပေမယ့် ပြုံးဖို့ ကြိုးစား နေသေးသည်။ ပြီးတော့ ရယ်သွမ်းသွေးရန် နှုတ်ခမ်းတွေကို လှုပ်ရှားဖို့ ကြိုးစားသည်။ သို့သော် ထပ်ပြီးသွေးတွေ အန်ကျလာကာ သူမ မျက်နှာလေး တစ်ချက်မဲ့သွား၏။ ထို့နောက် သူမ၏ နှုတ်ခမ်းလေးတွေကို သူမဖာသာ အတင်း ဖိကိုက်ကာ နှုတ်ခမ်းတွေကို ထပ်ပြီး လှုပ်ရှားမလာတော့ပေ။
ထိုမြင်ကွင်းက သူ့ရင်ထဲမှာ ရှိရှိသမျှ အရာတွေ ပြုတ်ထွက် ကုန်တော့မလို ခံစားရစေသည်။ သူမအနားတွင် ကြောက်ရွံ့စွာ ဝင်ထိုင်လိုက်ပြီးမှ သူမ ဖိကိုက်ထားသော နှုတ်ခမ်းတွေကို လက်ဖြင့် ဖျစ်ညစ်လိုက်တော့ သူမနှုတ်ခမ်းအတွင်းမှ သွေးတို့က နောက်ထပ်တစ်ကြိမ် လျှံကျလာ၏။ သူမက သွေးတွေ လျှံကျလာမှာကို စိုးရိမ်စွာဖြင့် နှုတ်ခမ်းတွေကို ပြန်လည် ဖိကိုက်ဖို့ ကြိုးစားရှာသည်။
YOU ARE READING
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Historical FictionOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...