Part - {79}

1K 114 5
                                    

ကျွန်တော့်ခေါင်းကို ဆုပ်ကိုင်လိုက်ပြီး ကွေးကွေးလေး နေလိုက်တယ်။ ငွေရောင်ဆံပင်တွေက လက်ချောင်းတွေ ကြားထဲကနေ တိုးထွက်လာပြီး ကျွတ်ထွက်လာသလို ဖြာကျနေတယ်။ အီဗန်ရဲ့ လုပ်ရပ်တွေကို ကျွန်တော် နားမလည်တော့ဘူး။

ဇာတ်ကြောင်းကို ဒီလိုပဲ ဆက်တိုက် ထပ်ကျော့လာအောင် ကျွန်တော့်အပေါ် ဘာလို့ ဒီလို လုပ်ရတာလဲ? သူတို့တွေကတော့ အကျဥ်းချတာ မဟုတ်ဘူးလို့ ပြောကြတာပဲ၊ ဒါပေမဲ့ တကယ်လက်တွေ့မှာက အကျဥ်းချတာနဲ့ ဘာမှ မကွာဘူး။

“ဟေးလ် ငါအရင်တစ်ခေါက်က ပြောခဲ့သလိုပဲ၊ အီဗန်ပရီစတင်က ပုံမှန်မဟုတ်ဘူး။”

ရူဒယ်ပြောခဲ့တဲ့ စကားလုံးတွေက ခေါင်းထဲ ရောက်လာပြန်တယ်။ ကျွန်တော်က အီဗန် အကျဥ်းချတာ ခံရလိမ့်မယ်ဆိုတာကလည်း ခေါင်းထဲမှာ ရောက်နေတာပဲ။ အီဗန်က မူရင်းဝတ္ထုထဲကထက် အတော်လေး ထူးဆန်းနေတာကို ကျွန်တော် သိပါတယ်။ သူက ကျွန်တော့်ကို ပိုင်ဆိုင်လိုစိတ် ကြီးမားနေပြီး တစ်ခါတစ်လေ ကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက် ဖြစ်သွားမှန်းလည်း သိတယ်။ ဒါပေမဲ့ အီဗန့်ရင်ထဲမှာ ရှိနေတဲ့ အရာတွေက ကျွန်တော် ထင်ထားတာထက်ကို ပိုနက်ရှိုင်းပုံ ရတယ်။

“ဒါပေမဲ့ အီဗန်လည်း ဇာတ်ကြောင်းပတ်လမ်းထဲက ထွက်ချင်မှာပဲ။ ရူဒယ်ရှားဘတ်လည်း အတူတူပဲ၊ ဒါဆို အီဗန်…။ သေချာလောက်တယ်…။”

ရူဒယ်လည်း ပြောခဲ့တယ်လေ။ ‘ပရီစတင်က အမြဲလိုလို ထွက်သွားဖို့ ကြိုးစားနေတာလေ။ ဇာတ်ကြောင်းအသွားအလာကို ပြောင်းလဲဖို့ သူလုပ်နိုင်တာ အကုန် လုပ်ခဲ့တာ’ တဲ့။ ကျွန်တော် အနည်းငယ် စိတ်လှုပ်ရှားလာတယ်၊ ဒါဆို ဒီလိုပေါ့။ သူက ကျွန်တော်နဲ့အတူ ဒီဇာတ်ကြောင်းကြီးကို ထပ်ခါတလည်းလည်း လည်ပတ်အောင် လုပ်ဖို့ စိတ်ကူးရှိပုံတော့ မရပါဘူး။ မဖြစ်နိုင်တာ…။

“မဖြစ်နိုင်ဘူး…။ အဲဒီ့လို မဟုတ်နိုင်ပါဘူး…။”

ကျွန်တော် မသိလိုက်ခင်မှာပဲ တွေးနေတဲ့အရာကို ထုတ်ပြောမိသွားတယ်။ မကောင်းတဲ့အတွေးတွေကို ရှင်းထုတ်ရင်း ခေါင်းမော့ကြည့်လိုက်တယ်။ ကျွန်တော့်ရှေ့မှာက မှုန်မှိုင်းမှိုင်း ဖြစ်နေပြီး မျက်လုံးတွေကလည်း ပူစပ်စပ် ဖြစ်နေတယ်။ အဲဒီ့လို ဆိုးဝါးလှတဲ့ မြင်ကွင်းထဲမှာ အံဆွဲက ပေါ်လာတယ်။ အရင်တစ်ခေါက်က ကျွန်တော် ဖွင့်ဖို့ကြိုးစားခဲ့ပြီး မဖွင့်နိုင်ခဲ့တဲ့ အံဆွဲပေါ့။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Donde viven las historias. Descúbrelo ahora