Chapter 2

3.5K 315 1
                                    

အခန်း ( ၂ )


ဘာရယ်။ လက်ထပ်ပွဲ ဟုတ်လား။ ဒါက လက်ထပ် ရတော့မယ်လို့ ဆိုလိုတာမလား။ သူမက မျက်လုံးတို့ ပြူးကျယ်လာပြီး သူမ၏ အဖနှင့် အမေတို့ကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။ သူမသည် လက်ထပ်ရန် ခွင့်ပြုထားသည့် ဟွော်နှစ်ထက်ပင် ငယ်သေးသည့် အသက် ၁၄ နှစ် အရွယ်၌ပင် မလွတ်မြောက်နိုင်တော့။ သူမသည် မနက်တုန်းကပင် ဆီးပင်ပေါ်ရှိ ငှက်ကျား အော်သံကြားခဲ့စဉ်က တစ်ခုခု ရှိမည်ဟုပင် ပြောခဲ့သေးသည်။

ရွှီချောင်မှာ ပန်းကန်လုံးကို ကိုင်ထားရင်း မျက်ရည်မကျပဲ ငိုချင်လာကာ အမေ လီကို တစ်ခုခု ပြောချင်နေသည့်ပုံနှင့် ကြည့်နေခဲ့သည်။ အဖေ ရွှီကျစ်ချန်က သက်ပြင်းချ၍ “ကလေးမလေး၊ အဖေနဲ့ အမေကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့၊ ဟုတ်ပါတယ်၊ အဖေ မင်းဦးလေးဆီက ယွမ် ရာဂဏာန်းလောက် ချေးခဲ့တယ်၊ အခု မင်းဦးလေးတို့ မိသားစုက ပိုက်ဆံပြန်ဆပ်ဖို့ လောကြီးနေပြီး အဖေတို့မှာလည်း တခြား နည်းလမ်း မရှိတော့လို့ပါ၊ ငါတို့ မိသားစုကို စောင့်ရှောက်ဖို့က နည်းနည်း ခက်နေပြီမလို့၊ အဖေနဲ့ အမေက အလုပ် တစ်ချို့လုပ်ပြီး ပြန်ဆပ်မယ် ပြောပါသေးတယ်၊ ဒါပေမဲ့ လစာလည်း မများတဲ့အပြင် ရသမျှကလည်း အိမ်စရိတ်နဲ့တင် ကုန်တာပဲ၊ ဒါပေမဲ့ ကောင်မလေး.. မင်း စိတ်မပူနဲ့၊ ငါတို့ ရှာထားတဲ့လူက မဆိုးဘူး၊ သူက အရမ်းလည်းရိုးသားပြီး သစ္စာရှိတဲ့သူပဲ”

အခန်းက တိတ်ဆိတ်နေခဲ့သည်။ အာ့ယာနှင့် စန်းယာက ငယ်သေး၍ သူတို့ပြောနေသည့် အကြောင်းအရာ တို့ကို နားမလည်သေး သော်ငြား၊ လက်ထပ်ခြင်းဟူသည့် သဘောတရားကို မသိသေး သော်ငြားလည်း သူမတို့ရဲ့ အစ်မကြီးသည် နောင်တွင် သူတို့ မိသားစုနှင့် သက်ဆိုင်တော့မည် မဟုတ်ပဲ အခြားသူ၏ အိမ်တွင် သွားနေရမည်ကိုတော့ သိသေးသည်။ ထိုသို့ တွေးမိလျှင် ကလေးမလေး နှစ်ယောက်ရဲ့ မျက်လုံးတို့မှာ နီရဲလာလေသည်။ ရှောင်ရှန်းကတော့ အရမ်းကို ငယ်လွန်းသေးပြီး ဘာမှမသိပေ။ သူက အမေ လီ၏ လက်မောင်းများထဲတွင် ထိုင်ရင်း ငါးစွတ်ပြုတ်ပျစ်ပျစ်ကို သောက်နေခဲ့သည်။

အမေ လီက အာ့ယာနှင့် စန်းယာတို့၏ မျက်လုံးနီနီ နှစ်စုံကို မြင်လျှင် သူမတို့ကို စိုက်ကြည့်ပြီး အော်လိုက်သည်။ “ကောင်မစုတ်လေးတွေ၊ ဘာလို့ ငိုနေကြတာလဲ၊ မင်းတို့ အစ်မက လက်ထပ်တော့မှာလေ၊ ဒါကောင်းတဲ့ ကိစ္စလေ၊ ငါ မင်းတို့ကို ထပ်ငိုခွင့် မပြုဘူးနော်”

အာ့ယာနှင့် စန်းယာတို့က သိသိသာသာပင် ကိုယ်လုံးလေးတွေ ကျုံ့သွားတော့သည်။ အမေ လီက သူမတို့ကို မကြာခဏ အော်ငေါက် ရိုက်နှက်ခြင်း ပြုလေ့မရှိပေ။

ရွှီချောင်မှာ မမြင်ရက်တော့ပေ။ သူမသည် မောင်နှမတွေကိုသာ အချစ်ဆုံး ဖြစ်သည်ကြောင့် အမေ လီကို ပြောရတော့သည်။ “အမေ၊ ကျွန်မကို မိသားစု တစ်ခုဆီ လက်ထပ်ပေးမယ် ဆိုကတည်းက ကျွန်မ ဘာမှ မတောင်းဆိုခဲ့ပါဘူး၊ ဒါပေမဲ့ ကျွန်မ လက်ထပ်လိုက်ရင် အာ့ယာနဲ့ စန်းယာတို့ကို ကောင်းကောင်း ဆက်ဆံပေးပါ၊ သူတို့ကို ထပ်ပြီး မဆူ၊ မရိုက်ပါနဲ့တော့၊ ပြီးတော့ အစားကောင်းတွေဆို ရှောင်ရှန်း စားဖို့ပဲ ဝှက်မထားပါနဲ့”

အမေ လီက ထိုသို့ ကြားလျှင် ရှက်သွားပြီး ရှောင်ရှန်းကို အောက်ချကာ ရွှီချောင့်ကို နားရွက်ဆွဲရန် လုပ်လေတော့သည်။

“လာစမ်းပါ၊ ထိုင်ပြီး ရှောင်ရှန်းကိုသာ ထမင်း ကျွေးစမ်းပါ၊ မင်း ဒေါသတွေကို တစ်ချိန်လုံး ကောင်မလေးပေါ် ပုံချနေလို့ မရဘူးလေ၊ လာခဲ့.. ကောင်မလေး၊ ဒီနေ့ပဲ လက်ထပ်ဖို့ ကိစ္စကို ရှင်းရှင်းလင်းလင်း ပြောကြတာပေါ့၊ ကောင်လေးဘက်က လာမယ့် ရက်အနည်းငယ်မှာ လက်ထပ်ဖို့ကိစ္စ ကြောင်းလမ်း လာလိမ့်မယ်၊ ကောင်လေး အကြောင်းကတော့ အရင်က ပြောတဲ့အတိုင်းပဲ၊ သူ့နာမည်က ယန်ချီနန်၊ ကျန်းဟယ်ကပဲ၊ သူက မဆိုးပါဘူး၊ အမဲလိုက်လည်း တော်တယ်”

ယန်ချီနန်လား။ ရွှီချောင်က ခုံပုလေးပေါ် ထိုင်ရင်း ယန်ချီနန် အမည်ရ လူတစ်ယောက် အကြောင်းကို အလေးအနက် တွေးနေလေသည်။ သည်လို နာမည်မျိုးက ကျန်းဟယ်ရွာတွင် အဆင့်အတန်း မြင့်မားသည်ဟု ပြော၍ ရသည်။ နားထောင်ရလည်း ကောင်းသည်။ မည်သို့ပင် ဆိုစေ သူမက ဦးနှောက်ကို အလုပ်ပေးပြီး နောက်တွင်ပင် ရွာထဲတွင် ယန်ချီနန် အမည်နှင့် လူတစ်ယောက် ထပ်ရှိသေးကြောင်း ပုံဖော်၍ မရချေ။ သူမသည် မျက်တောင် ခတ်လိုက်ပြီး အဖေ ယန်ကို တစ်ချက် ကြည့်ကာ “အဖေ၊ ကျွန်မ ဘာဖြစ်လို့ ယန်ချီနန် ဆိုတဲ့ နာမည်ကို မကြားဖူးတာပါလိမ့်”

ဘယ်လိုမဆို သူမသည် ကျန်းဟယ် ဇာတိဖြစ်ပြီး ရွာထဲရှိ အယုတ်၊ အလတ်၊ အမြတ်မရွေး အသက် အရွယ် မရွေး လူတိုင်း၏ နာမည်တို့ကို သိလေသည်။ သူမ  မသိသည့် နာမည် မရှိချေ။

ရွှီကျစ်ချန်ရဲ့ အမူအရာသည် အနည်းငယ် သဘာဝမကျ ဖြစ်နေပြီး ချောင်း အသာဟန့်၍ ရွှီချောင်ကို တစ်ချက်ကြည့်ကာ “ဒါက… ယန်လန်ကျီပါပဲ”

ဘယ်လို။ သူမက ထရပ်လိုက်ပြီး အဖေရွှီကို ကြောင်တောင်တောင်နှင့် ရပ်ကြည့်နေမိသည်။ ယန်ချီနန်ဆိုတာ ယန်လန်ကျီလား။ ယန်လန်ကျီမှာ ဒီလို ကောင်းမွန်သည့် အမည်ရှိသေးမှန်း သူမ မသိခဲ့ပေ။ သည်နာမည်မှာ တကယ်လည်း သင့်လျော်ပေသည်။

ကျန်းဟယ်ရွာမှ ယန်လန်ကျီသည် ယခုနှစ်တွင် အသက် ၂၀ နှစ် ရှိပြီ ဖြစ်သည်။ သူသည် အရပ်ရှည်၍ သန်မာကာ လူကောင်ထွားသည်။ ရွှီချောင်နှင့် တွေ့ချိန်တိုင်းတွင် အနှီ ရူးကြောင်ကြောင် လူကြီးက သူမကို ကြောင်စီစီနှင့် ပြုံးပြလေ့ရှိသည်။ ရွှီချောင်သည်လည်း သူနှင့် အကြိမ်များစွာ စကား ပြောဖူးပေမဲ့ ထိုသူ ဟန်ဆောင် နေသည်လား အစစ်အမှန်လား ဆိုသည်ကိုတော့ မပြောနိုင်ပေ။

ယန်မိသားစု၏ အခြေအနေမှာလည်း အလွန် ရှုပ်ထွေးလေသည်။ ယန်လန်ကျီ၏ မိခင်သည် သူ့ကို မွေးဖွားပေးခဲ့ပြီးနောက် သေဆုံးသွားခဲ့သည်။ နောက်တော့ သူတစ်နှစ် အရွယ်တွင် အဖေယန်သည် ချန်မိသားစုနှင့် လက်ထပ်ခဲ့သည်။ ချန်က ယန်လန်ကျီကို စတင်၍ အာရုံစိုက်ခဲ့သည်။ ဒါသည် ကောင်းသည့် ကိစ္စပင်။ ထို့နောက်တွင် ယန်လန်ကျီ၏ အမည်ကို ယန်ဖူကွေ့ဟူ၍ ပြောင်းလဲခဲ့သည်။ ချန်သည် သူမ၏ ကိုယ်ပိုင်ကလေး ရလာပြီးနောက်တွင် သဘာဝကျစွာပဲ ယန်လန်ကျီကို ဂရုမစိုက်တော့ပေ။

အနှီ ယန်လန်ကျီသည် ဇနီးတစ်ယောက်ကို လက်ထပ်ဖူးလေသည်။ သူ၏ ဇနီးသည် သမီးလေး တစ်ယောက်ကို မွေးဖွားပေး ပြီးနောက်တွင် ယောက္ခမ ဖြစ်သူ၏ အရာရာတွင် ခက်ခဲစေရန် ကြံရွယ်နေမှုတို့ကို သည်းမခံနိုင်တော့ပဲ ထွက်ပြေးသွားခဲ့သည်။

ရွှီချောင်က ထိုသူ၏ နာမည်ကို ယန်လန်ကျီ သို့ ယန်ဖူကွေ့ ဟုသာ သိထားခဲ့သည်။ သည်လို ကောင်းမွန်သည့် နာမည် ရှိသေးကြောင်း မသိခဲ့ပေ။

သူမက ပါးစပ်ကို ဖွင့်ချည် ပိတ်ချည် အကြိမ်ကြိမ် လုပ်နေပြီး ထပ်မေးချင်ခဲ့ပေမဲ့ မလိုအပ်ဟု နားလည်လိုက်သည်။ သူမက ယန်လန်ကျီကို သေသေချာချာ မသိပေမဲ့ ဒီအကြောင်း တွေကိုတော့ သိနေခဲ့သည်။ သူမသည် လက်ထပ်ရေး မထပ်ရေးကို ဘယ်သောအခါ ကမှ မစဉ်းစားဖူးပေ။ သူမ မိသားစုတွင် ဖြစ်ပျက်နေသည့် အကြောင်းတို့ကို သိနေရသရွေ့ သူမ မိဘတွေ၏ ရည်ရွယ်ရင်းကိုလည်း ဂရုမစိုက်ပေ။ သို့နှယ် ဆင်းဆင်းရဲရဲ မိသားစုမှ သာမန် အသွင်အပြင်နှင့် သူမက ဝတ္ထုများထဲကလို မြင့်မြတ်သည့် မိသားစုကြီး တစ်ခုမှ သခင်ငယ်လေး တစ်ဦးနှင့် တွေ့ရန် ထို့နောက် သခင်ငယ်လေးသည်လည်း သူမကို မြင်မြင်ချင်း ချစ်မိသွားရန် မျှော်လင့်နေမည် ဆိုပါက သူမ ရူးနှမ်းနေခြင်းပင်။

သူမသည် လက်တွေ့ဆန်ခြင်း ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို အတိအကျ နားလည် သဘောပေါက်ပါသည်။ သူမ၏ အရင်ဘဝတွင် အနှစ် ၃၀ နေခဲ့ဖူးပြီး သည်ဘဝတွင်လည်း ၁၀ နှစ်ကျော် နေပြီးခဲ့ပြီ ဖြစ်ရာ အမှန်တရားကို ကောင်းကောင်းကြီး နားလည်နေပြီး မိန်းမငယ်လေးများ ကဲ့သို့ မဖြစ်နိုင်သည့် အရာကို အိပ်မက် မက်နေမည်လည်း မဟုတ်ပေ။

ရွှီချောင်သည် ခဏမျှ စဉ်းစားနေခဲ့သည်။ ဒီလူမှာ အမှန်ပင် လူကောင်း ဖြစ်ပုံရသည်။ သူက အလွန် ရိုးသားသည် ဆိုသော်လည်း ထိန်းချုပ်နိုင်သည့် အတိုင်းအတာ အတွင်းတွင် ရှိ၍ သူမတို့ နှစ်ယောက်မှာ အလွယ်တကူ အဆင်ပြေ နိုင်လေသည်။ ပေါက်စီလုံးလေး တစ်လုံး ရှိသည် ဆိုသော်လည်း သူမက မောင်ငယ်၊ ညီမငယ် သုံးယောက်ကို ဂရုစိုက် ထိန်းကျောင်း ခဲ့ရသည် ဖြစ်၍ နောက်ထပ် တစ်ယောက်ကို ဂရုစိုက် ရလျှင်လည်း အဆင်ပြေပါသည်။ ပြောရမည် ဆိုလျှင် ဒီလိုပုံစံ ယောက်ျားမှာ သူမ အကြိုက် ဖြစ်လေသည်။

ထိုသို့ တွေးပြီးလျှင် သူမသည် စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်ပြီး ချိုချိုသာသာ ပြုံးရင်း “ အဖေ၊ အမေ၊ သူတို့ ဘက်က ဘယ်တော့ လာတောင်းမှာတဲ့လဲ”

ရွှီကျစ်ချန်နှင့် အမျိုးသမီး လီ တို့မှာ ကြောင်အ သွားလေသည်။ သူတို့က ကလေးမလေးကို သည်လောက် သွက်လိမ့်မည်လို့ မထင်ထားကြပေ။ ယန် သားအကြီးဆုံး ယန်လန်ကျီသည် အရပ်ရှည်ပြီး အသက်အရွယ် အရလည်း မငယ်တော့ပေ။ သူကိုယ်တိုင်သည် မီးစာပြင်းပြင်း ဖြစ်ပြီး မိန်းကလေး အချို့မှာ သည်မီးပုံထဲသို့ ခုန်ချရန် ဆန္ဒရှိကြသည်။ ဒါတွေက ကောင်မလေး သူ့ကို လက်ထပ်ရန် တွန်းအားပေးနေကြသည်။

သည်ခေတ်တွင် လူတိုင်းသည် ချောမောသည့် စာသင်သား ပုံစံနှင့် ယောက်ျားတို့ကို ကြိုက်ကြပေမဲ့ ရွှီချောင်က ယင်းကဲ့သို့ မျက်နှာ ဖြူဖြူသေးသေးတို့ကို သဘောမကျပေ။ သူမက သန်မာသည့် ယောက်ျားကို ကြိုက်လေသည်။

အမေလီက သူမ ရှေ့မှ ကလေးမလေးကို ကြည့်ရင်း မသက်မသာ ခံစားနေရသည်။ သူမက အမြဲတမ်းမှာ ရှောင်ရှန်းကို သဘောကျပြီး ကလေးမလေး သုံးယောက်ကို ရိုက်နှက် ကြိမ်းမောင်းခဲ့သည်။ အမှန်တော့ ထိုသို့ မလုပ်ချင်ပါ။ သူမသည် ဘဝ တစ်လျှောက်လုံးတွင် ဆင်းဆင်းရဲရဲနှင့် အခက်အခဲတို့ကို ရင်ဆိုင် ခံစားခဲ့ရသည်။ ဒီလို ခေတ်မျိုးတွင် ရှင်သန်ရာဝယ် အကယ်၍ မင်းက သားယောက်ျားလေး တစ်ယောက် မမွေးနိုင်ပါက ပတ်ဝန်းကျင်ရှိ လူတို့ရဲ့ တံတွေးခွက်ထဲ မြောလိမ့်မည်ပင်။ လီ၏ မျက်လုံးအိမ်တို့မှာ အနည်းငယ် နီရဲလာပြီး ရွှီချောင်ကို ဗလာသက်သက် စိုက်ကြည့် နေခဲ့သည်။ သူမက သက်ပြင်းချ၍ “ ကောင်မလေးရေ.. အမေက မင်းကို မဆူချင် မရိုက်ချင်ပါဘူး၊ တကယ်တော့ .. ဒါက..”

ရွှီချောင်က သူမ စကားဆုံးအောင် ပြောသည်ကို မစောင့်ပဲ အမြန် ပြောလိုက်သည်။ “ အမေ.. ဝမ်းမနည်းပါနဲ့နော်၊ ကျွန်မ အထင် ကြွယ်ဝတာက အတော်လေး ကောင်းပါတယ်၊ မုဆိုးကောင်း တစ်ယောက်နဲ့ ကျွန်မလည်း အလုပ် ပိုကြိုးစားမယ်ဆိုရင် ကျွန်မဘဝက အခြား သူတွေထက် ဆိုးတော့မှာ မဟုတ်ဘူးလေ” 

ဘယ်လိုပင် ဖြစ်စေ။ ထိုလူသည် အနာဂတ်တွင် သူမအပိုင်သာ ဖြစ်လိမ့်မည်။ အခုတော့ မင်း သူ့ကို ယန်လန်ကျီလို့ ထပ်ခေါ်လို့ မရတော့ဘူး။

လီ၏ ခံစားချက်တို့မှာ သောင်းပြောင်း ရောနှော နေခဲ့သည်။ သည်အကြီးဆုံး သမီးသည် ငယ်စဉ်ကတည်းက အခြားသူများထက် ပို၍ အမြော်အမြင် ရှိခဲ့လေသည်။ သို့ပေမဲ့ သူမ ကလေးဘဝတုန်းက အနည်းငယ် ရယ်စရာ ကောင်းခဲ့ပြီး အမြဲတမ်းလည်း အဓိပ္ပာယ်မဲ့ စကားတွေကို ပြောခဲ့သည်။ သူမ လက်ထပ် ပြီးလျှင်တော့ ထိုသို့ ထူးထူးဆန်းဆန်းတွေ မပြောရန် မျှော်လင့်ရသည်။ သူမက ပြောသေးသည်။ ကောက်နှံကို နှစ်ဆ အထွက်တိုးစေရန် လယ်ကွင်းထဲမှ ဆန်ကို မျိုးစပ် စိုက်ပျိုးရမည်။ သို့ဆိုလျှင် အနာဂတ်တွင် ထွက်နှုန်း နှစ်ဆ တိုးနိုင်သည်ဟု ဆိုခဲ့သည်။ ၅ နှစ် သမီးလေးက ထိုသို့ပြောလျှင် သူမမှာ သေမတတ် လန့်သွား ခဲ့ရသေးသည်။ ကောင်မလေး လက်မထပ်ခင် သူမကို လက်ထပ်ပြီးနောက် အဓိပ္ပာယ် မရှိတာတွေ ပြောလို့ မရတော့ကြောင်း သေချာ ပြေပြထားရမည်။

ရွှီကျစ်ချန်နှင့် အမေလီမှာ ကောင်မလေးက လက်ထပ်ဖို့ မငြင်းဆန်၍ စိတ်ချသွားတော့သည်။ မိသားစုသည် ညစာ စောစော စား၍ အနားယူရန် ထွက်သွား ကြတော့သည်။

အချိန် တစ်လသည် အလျှင်အမြန်ပင် ကုန်သွားခဲ့သည်။ သည်လတွင် နာမည် မြန်းကြပြီး နှစ်လကြာလျှင် ထိုသူက သူမကို ကြိုဆိုရန် လာခေါ်မည်ဖြစ်သည်။

သည်နေ့မှာ ထိုသူက သတို့သားဘက်မှ တင်တောင်းပစ္စည်းကို ပို့လာခဲ့သည်။ ထိုသူ ပေးသည့် လက်ဆောင် ပစ္စည်းတို့မှာ မဆိုးလှ။ ရွှီချောင်သည် အမျိုးသမီး ချန်က ဖူကွေ့ကို သည်လောက်များသည့် လက်ဆောင်တို့ကို ပေးခွင့်ပြုလိမ့်မည်ဟု မထင်ခဲ့မိပေ။

အမေ လီသည် သွားတို့ ပေါ်သည်ထိ ပျော်ရွှင်နေခဲ့ပြီး မျက်လုံးတို့ကိုပင် မမြင်နိုင်ပေ။ “ အိုး.. ငါ လုံးဝ မထင်ထားဘူး၊ ဒီယန်မိသားစုက တကယ်ကောင်းတာပဲ၊ သူတို့က တင်တောင်း ပစ္စည်းတွေ အများကြီးပေးတယ်၊ ငွေတုံး ၆ တုံးရော ပြောသေးလား ကြည့်ရအောင်”

တင်တောင်း ပစ္စည်းတို့မှာ များပြားသော်လည်း ငွေကြေးအရတော့ မတန်ပေ။ ငွေ ၆ တုံးထက် နည်းလေသည်။

ရွှီကျစ်ချန် သည်လည်း ပြုံးနေသည်။ သူက သက်ကယ်မိုး အိမ်ထဲတွင် ဆောင့်ကြောင့်ထိုင်၍ သူ၏ ကြိုးသိုင်း ကောက်ရိုးဖိနပ်ပေါ်မှ ရွံ့ခြောက်တို့ကို ခါချနေသည်။ သူက ပြုံး၍ ပြောလေသည်။ “ ဒီယန်မိသားစုက တကယ် ကောင်းတယ်၊ ကောင်မလေး သူတို့အိမ်ကို ပရိဘောဂ ပစ္စည်း တစ်ချို့နဲ့ ဝင်သွား”

အမေလီရဲ့ အမူအရာက အနည်းငယ် ပြောင်းသွားခဲ့သည်။ ယန်ဖူကွေ့ရဲ့ မိထွေး ချန်အမျိုးသမီး အကြောင်းကို စဉ်းစားရင်း နှာမှုတ်လိုက်သည်။ “ဘယ်နားမှာ ယန်မိသားစုက ကောင်းတာလဲ၊ ကောင်လေးက ကောင်းကောင်း အမဲလိုက်ပြီး မြို့ထဲကို မကြာမကြာ သွားရောင်းရတယ်၊ သူ့ရဲ့ ချမ်းသာ ကြွယ်ဝတဲ့ မိထွေးသာ သူ ဒီလို တင်တောင်း ပစ္စည်းတွေ ပေးတာကို သိရင် စိတ်ဆိုးမှာ ကြောက်မိပါရဲ့”  

သူမ သည်လို ပြောလျှင် အဖေရွှီမှာ ခဏရပ်သွားပြီး နောက်တော့ ဆက်ပြောလေသည်။ “ငါတို့မိသားစုက ဆင်းရဲပေမဲ့ ငါတို့ရဲ့ ကလေးမကို မထိခိုက်စေရဘူး၊ ငါ နက်ဖြန်ကျ မင်းနဲ့အတူ တောင်ပေါ်တက်ပြီး သစ်ပင်တစ်ချို့ ခုတ်မယ်၊ ပြီးရင် ကောင်မလေးကို ပရိဘောဂ တစ်ချို့ ပေးလိုက်မယ်” သူမက အမြဲတမ်းအတွက် သူ့သမီး ဖြစ်သည်။ သူက သူ၏ သမီးလေး လက်ထပ်တဲ့အခါ အထင်အမြင်သေး ခံရမည်ကို မလိုလားပေ။

နှစ်လဆိုသည့် အချိန်မှာ အရမ်းမကြာပေမဲ့ ပရိဘောဂ တစ်ချို့ ပြုလုပ်ရန် လုံလောက်လေသည်။ ရက်အနည်းငယ် အတွင်းတွင် ရွှီကျစ်ချန်နှင့် အမေ လီက တစ်ယောက်ယောက်ကို အကူညီတောင်းကာ ထင်းရူးပင် တစ်ချို့ကို ဆွဲလာခဲ့ခိုင်း လိုက်သည်။

နေ့ရက်တို့ ကုန်လွန်ခဲ့လေပြီ။ အမေလီက သူမ အချိန်ရတိုင်း ရွှီချောင့်ကို လက်ထပ်ပြီး အမျိုးသမီးတို့ အာရုံစိုက်ရန် ကိစ္စများ၊ ယောက်ျားဘက်မှ ဆွေမျိုးတို့ကို ကောင်းကောင်း ဆက်ဆံပေးရန် နှင့် လက်ထပ် ပြီးနောက် ရူးကြောင်ကြောင် စကားတို့ကို မပြောရန် စသည်ဖြင့် သင်ပေးနေသည်။ ရွှီချောင် သည်လည်း အားလုံးကို တုန့်ပြန်ခဲ့သည်။

နောက်ထပ် တစ်လ ကုန်လွန်ပြီးနောက် အိမ်နောက်ဘက်ရှိ အပင်တို့လည်း ရင့်သန်လာခဲ့သည်။ ရွှီချောင်က ဆီးပင်ကို ရွာထဲမှ ကလေးများ ရိုက်ချမည် စိုး၍ သစ်ပင်အောက်တွင် ရှောင်ပိုင်ကို စောင့်ကြည့်စေသည်။ ရှောင်ပိုင်သည်လည်း တာဝန် ကျေပွန်လေသည်။ ရှောင်ပိုင်၏ ပိန်ပိန်ပါးပါးနှင့် သေးငယ်သည့် ခန္ဓာကိုယ်ကို ထည့်မတွက်နှင့်။ ရွာရှိ ကလေးများက ရှောင်ပိုင်ကို ရန်မစရဲကြပေ။

မနက် စောစောတွင် ရွှီချောင်က အာ့ယာနှင့် စန်းယာကိုခေါ်၍ ဆီးသီးတို့ကို ရိုက်ချ၍ ခူးခဲ့သည်။ ရွာထဲမှ ကလေးများကလည်း တရုတ်ဆီးသီးတို့ ရင့်မှည့်နေပြီမှန်း သိကြ၍ သည်ရက်များတွင် အပင် အနီးတစ်ဝိုက်၌ လှည့်ပတ် နေခဲ့ကြသည်။  

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Nơi câu chuyện tồn tại. Hãy khám phá bây giờ