အပိုင်း (၅၄)
ရွှီချောင်တစ်ယောက် ငါးအချို့ဖြင့် ပြန်လာလိုက်သည်။ နေ့လယ်တွင် ငါးကြင်းမြီးကွက်အား အဖေယန်အတွက် ငါးစွပ်ပြုတ်လေး လုပ်ပေးပြီး ဂျုံဖြူနှင့် ပန်ကိတ်များလုပ်ထားလိုက်သည်။ ပန်ကိတ်များအား နုပ်နုပ်စဉ်းထားသော အသား၊ လှီးထားသည့် သခွားသီး၊ တရုတ်ဂေါ်ဖီထုပ်နှင့် သေနပ်ချဉ်တို့ဖြင့် ဖြည့်ထား၏။ အသင့်ပြင်ထားသော အဆာပလာများက အရသာရှိလှသည်။
အဖေယန်က ငါးစွပ်ပြုတ်တစ်ပန်းကန်လုံးကြီးအား သောက်ပြီးနှင့် ပန်ကိတ်ငါးခုအား တစ်ဆက်တည်း စားလိုက်သည်။ မြောင်မြောင်က ပန်းကန်လုံးတစ်ဝက်ထက်မကျော်သော ငါးစွပ်ပြုတ်ကိုသောက်ပြီး ပန်ကိတ်တစ်ဝက်အား စားလေ၏။
ရှောင်ရှားနှင့် ရှောင်ကွမ်းက နေ့လယ်က ပြန်ရောက်လာကြပြီး ညစာစားပြီးသည်နှင့် ဝက်စားရွက်များဖြတ်ရန် ပြန်ထွက်သွားကြသည်။ သူတို့က အပြင်တွင် ဝက်စားရွက်များ ထူပြောစွာ ပေါက်ရောက်နေစဉ် ဝက်စားရွက်များကို ပိုဖြတ်ထားချင်ကြ၏။ နေ့လယ်ခင်းတွင် ရွှီချောင်က ရှောင်ရှား၊ ရှောင်ကွမ်းတို့နှင့်အတူ ဝက်စားရွက်များဖြတ်ရန် လိုက်လာခဲ့လိုက်သည်။ သူ(မ) အစက မြောင်မြောင်အား သူ(မ)မိဘများအိမ်တွင် ထားခဲ့ချင်သော်လည်း အဖေယန်က မြောင်မြောင်အား အိမ်တွင်သာ ထားစေချင်ခဲ့သည်။
မြောင်မြောင်ကလည်း လိမ္မာစွာဖြင့်
"မေမေ၊ သမီး အိမ်မှာ ကောင်းကောင်းနေခဲ့ပါ့မယ်၊ မေမေ မနေ့က သမီးကို စာလုံးအကြီးကြီးတွေ သင်ထားပေးတယ်မလား၊ အဲ့ဒါ သမီး ခဏနေ လေ့ကျင့်လိုက်မယ်"
ထို့နောက် ရွှီချောင်တစ်ယောက် ကျောပါ်တွင် ခြင်တောင်းတစ်လုံးလွယ်ပြီး ထွက်သွားလေသည်။ သူတို့တွေ ဒီရက်အတွင်း ဝက်စားရွက်များကို များများဖြတ်ထားရန် လိုအပ်ပြီး နောင်ရက်အနည်းငယ်တွင် အာလူးများ ရိတ်သိမ်းရတော့မည်ပင်။ ထိုအခါတွင် သူတို့တွေ ပိုပြီး အလုပ်ရှုပ်လာနိုင်ဖွယ်ရှိ၏။