အခန်း ( ၃၂ )
ရွှီချောင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ သူမကိုယ်ပိုင် စိုက်ခင်း သေးသေးတစ်ခု ရှိလာခဲ့ပြီပင်။ အနာဂတ်တွင် သူမ စိုက်ချင်သည့် အပင် မှန်သမျှကို စိုက်မည်။
ဖူကွေ့က သူမနှင့်အတူ လယ်ကွင်းထဲတွင် လဝက်လောက် အလုပ်လုပ်ပေးခဲ့သည်။ နှစ်ဦးသားက နှစ်ရက်နားလိုက်ကြသည်။ နောက်တစ်နေ့တွင် ရွှီချောင်က မနက်စာ ပြင်ခဲ့ပြီး စိုက်ခင်းထဲရှိ သူမ၏ အာလူးတို့ကို ကြည့်ရန် ထွက်သွားခဲ့သည်။ ဖူကွေ့က ဟေးကျီကို ခေါ်၍ တောင်ပေါ် တက်ခဲ့သည်။
ဟေးကျီမပါပဲနှင့် ရှောင်ပိုင်က မီးဖိုခန်း တံခါးနားတွင် ထိုင်၍ ခြံထဲတွင် ပျော်ရွှင်နေသော ရစ်ငှက် နှစ်ကောင်ကို ကြည့်နေခဲ့သည်။ နှင်းတို့ အရည်ပျော်သည့် အချိန်ကတည်းက ရစ်ငှက်နှစ်ကောင်ကို ခြံထဲတွင် ထားခဲ့သည်။ ခြံတံခါး ပိတ်လိုက်သည်နှင့် သူတို့လည်း ဘယ်ကိုမျှ သွားနိုင်မည် မဟုတ်ပေ။ ချန်က ရွှီချောင်တွင် ရစ်ငှက် နှစ်ကောင်ရှိသည်ကို မနာလိုဖြစ်၍ ခြံတံခါးကို တိတ်တိတ်လေး ဖွင့်လိုက်သည်နှင့် ရှောင်ပိုင်က ထိုးဟောင်ကာ ရစ်ငှက်တို့ကို ပြန်၍ ဖမ်းပေးမည် ဖြစ်သည်။ နောက်တစ်ကြိမ်တွင် ချန်သည် ထိုသို့သော ကိစ္စတို့ကို မလုပ်ရဲတော့ပေ။ ရွှီချောင်သည်လည်း ထိုကိစ္စတို့ကို မသိခဲ့ပေ။
ရှောင်ပိုင်သည် ပြီးခဲ့သည့် တစ်ခေါက်က ပိုးထည်ဘူး ကိစ္စကြောင့် ရွှီချောင်ထံမှ အဆူခံရပြီး ကတည်းက သူတို့ အိမ်တံခါးတွင်သာ တစ်ချိန်လုံး နေနေတော့သည်။
ရွှီချောင်က စိုက်ခင်းထဲသို့ ပျိုးပင်ပေါက်များကို ယူသွားခဲ့သည်။ မြေပြင်က စိုစွတ်နေပြီး ရေလောင်းရန် မလိုခဲ့။ ရွှီချောင်က တစ်ခုချင်းစီ လိုက်၍ လေ့လာနေခဲ့သည်။ အာလူးတို့ကို စိုက်ခဲ့သည်မှာ ၁၀ ရက်ခန့် ရှိပြီ ဖြစ်သည်။ အညှောက်သေးသေးတို့ ထွက်လာခဲ့ပြီ။ သူမက အာလူးတို့ကို ကြည့်နေခဲ့ပြီး မြောင်မြောင်သည် သိပ်မဝေးသည့် နေရာရှိ သစ်ပင်အောက်တွင် ဆောင့်ကြောင့်ထိုင်ရင်း ကစားနေခဲ့သည်။