အခန်း ( ၃၅ )
ရွှီချောင်က ရယ်၍ ပြောလိုက်သည်။ "ဟုတ်ပါပြီ အမေရယ်၊ မဆူပါနဲ့တော့နော်၊ သူ့ကို ထပ်ဆဲနေမှာကို မကြားချင်တော့လို့ပါ"
အမေလီက နှာမှုတ်လိုက်ပြီး "ငါ မင်းကို သူ့သား အကြီးဆုံးနဲ့ ဘယ်လိုလုပ် လက်ထပ် ပေးခဲ့မိပါလိမ့်၊ မင်းရဲ့ အမေက မင်းရဲ့ ဒေါသတွေကို ပေါက်ကွဲ ပေးနေတာ မဟုတ်ဘူးလား၊ ငါ ဒီလောက်ထိ အရှက်မဲ့တဲ့သူကို မမြင်ဖူးဘူး၊ သူက နည်းနည်းလေးမှ မရှက်ဘူးနော်၊ ချွေးမတွေ အတွက်လည်း ရှေ့ဆောင် လမ်းပြကောင်း မဟုတ်တဲ့ အပြင် အနာဂတ်မှာ ဝဋ်လည်မှာကိုလည်း မကြောက်ဘူးနော်"
အမေလီသည် အတန်အသင့် လောဘကြီးပြီး ကပ်စေးနည်း သော်ငြား သူမနည်း သူမဟန်နှင့် အမြင်ကျယ်သည်။ အနာဂတ်တွင် ရှောင်ရှန်းက ဇနီးတစ်ယောက်ကို လက်ထပ်လျှင်လည်း သူမက ချွေးမ ဖြစ်လာမည့် သူကို ချန်ကဲ့သို့ ဆက်ဆံမည် မဟုတ်ပါ။ သူမ အသက်အရွယ် ရလာသည့်အခါ ချွေးမ ဖြစ်သူက ကောင်းကောင်း မဆက်ဆံမည် ကိုလည်း မစိုးရိမ်ပေ။
"မင်းကရော၊ မင်းကတော့ ရိုးသားတဲ့ စိတ်အခံနဲ့၊ ဒါပေမဲ့ မင်းနဲ့ ဖူကွေ့တို့က မကြာခင်မှာ ပြောင်းကြတော့မှာ မလို့ ယန်တွေနဲ့ အနာဂတ်မှာ အတူတူနေရတော့မှာ မဟုတ်တော့ဘူး၊ ဘာကိုမှ ကြောက်နေဖို့ မလိုဘူး" လီက သက်ပြင်းချလိုက်သည်။ "မင်းတို့က အနာဂတ်မှာ သီးခြားစီ နေတော့မှာမို့ သူက စည်းကျော်ရင်ဖြစ်ဖြစ် ပြဿနာရှာရင်ဖြစ်ဖြစ် မင်းအနေနဲ့ ဘာကိုမှ ယဉ်ကျေးနေဖို့ မလိုတော့ဘူး"
ရွှီချောင်က ခေါင်းညိတ်လိုက်သည်။ "အမေ၊ ကျွန်မ သိပါတယ်"
သူမက အမေလီကို အိမ်ပြန်ပို့ခဲ့ပြီး ယန်အိမ်ကို ပြန်ရောက်သည့်အခါ ချန် ဘယ်ရောက် နေသည်ကို မသိပါ။ အိမ်တွင် ရှောင်အန်း တစ်ယောက်တည်းသာ မြောင်မြောင်နှင့် ရှောင်ကျွင်းကို ထိန်းရင်း ကျန်ခဲ့ပြီး ကျန်သူများ မရှိကြ။
ရှောင်အန်းက ရွှီချောင်ကို မြင်လျှင် ပြုံး၍ "ယောက်မ၊ ပြန်လာပြီလား၊ ခုနကအတွက် တကယ် အားနာပါတယ်၊ အမေ့ကို ဂရုစိုက်မနေပါနဲ့၊ သူ့စိတ်ထားက အဲ့လိုပဲမလို့"