အခန်း ( ၉ )
တတိယနေ့သည် ရွှီချောင် မိဘအိမ် ပြန်ရမည့်နေ့ ဖြစ်သည်။ သူတို့ နှစ်ဦးသားက မနက် စောစော ထခဲ့ကြသည်။ ရွှီချောင်က မနက်စာ ပြင်ခဲ့သည်။ အားလုံး မနက်စာ စားပြီးနောက်တွင် သူတို့က မီးဖိုခန်းကို သန့်ရှင်းရေး လုပ်ခဲ့ကြသည်။ ဖူကွေ့က ဥတို့ကို တစ်လုံးချင်းစီ ထုတ်၍ တစ်လုံးချင်းစီ ခြင်းတောင်းထဲသို့ ထည့်နေသည်။
ရွှီချောင်က နှုတ်ခမ်းတို့ကို စေ့ပိတ်၍ လက်တို့ကို သုတ်၍ ကူညီရန် လာခဲ့သည်။ “ကျွန်မ ဒီမှာ လုပ်လိုက်မယ်၊ ရှင်က ဘာတွေ လိုသေးလဲ သွားကြည့်ဦး၊ ကျွန်မတို့ နေ့လယ်လောက်ထိ ပြန်မလာဘူးနော်၊ မဟုတ်ရင်လည်း မြောင်မြောင်ကို ခေါ်လာခဲ့ပါလား”
ဖူကွေ့က ပြုံး၍ “ကောင်းပြီ၊ ဒါဆိုလည်း မြောင်မြောင်ကို ခေါ်လာခဲ့မယ်”
သူတို့ သုံးဦးသားက ရွှီချောင့် မိဘအိမ်သို့ ဥ ခြင်းတောင်းနှင့် မနေ့က တစ်မြန် မနေ့က ယူလာခဲ့သည့် ယုန်ရိုင်း တစ်ကောင်ကို သယ်၍ လာခဲ့ကြသည်။ ၎င်းက ကြီး၍ ဆူဖြိုးပြီး ကြည့်ရသည်မှာ ၈ သို့ ၉ ကတ်တီလောက် ရှိမည်။
ဒါသည် မြောင်မြောင်အနေနှင့် ပထမဆုံး အကြိမ် အပြင်ထွက်ဖူးခြင်း ဖြစ်ပြီး သူမအတွက် အရာရာက ဆန်းသစ်နေသည်။ သူမက ဖူကွေ့၏ လက်မောင်း အလယ်တွင် လှဲလျောင်းရင်း ပတ်ဝန်းကျင်ကို ကြည့်နေခဲ့သည်။
သူတို့ ထွက်သွားပြီး နောက်တွင် နျိုက ခြံထဲတွင် အချိန် အတန်ကြာအောင် ရပ်နေခဲ့ပြီး သူမကို မည်သူကမှ အာရုံ မထားကြသည်ကို မြင်လျှင် ရွှီချောင်နှင့် ဖူကွေ့တို့၏ အခန်းထဲသို့ ခိုးဝင်ခဲ့သည်။ သူမက တံခါး တွန်းဖွင့်ရန် အပြုတွင် အနောက်ဘက်မှ ရှန်၏ အသံကို ကြားလိုက်ရသည်။ “တတိယ ယောက်မ၊ ပျားလပို့နဲ့ သကြားခဲကို ယူဖို့ မစဉ်းစားနဲ့၊ အကိုကြီး ဘယ်လိုဆိုတာ မင်း မသိဘူး၊ ညီမလေး၊ ဒီပစ္စည်းတွေက ယောက်မအတွက် အသုံးဝင်တယ်၊ မင်းသာ တိတ်တိတ်လေး ခိုးစားမယ်ဆိုရင် အကိုကြီး စိတ်ဆိုးလိမ့်မယ်၊ အဲ့ခါကျ ငါတို့လည်း မကယ်နိုင်ဘူး”
ရှန်က ပြော၍ ရွဲ့တဲ့တဲ့ ရယ်လေသည်။ တတိယသားက ဘယ်လိုတွေ တွေးပြီး ဘာကြောင့် ဒီလို ပျင်းရိတဲ့ မိန်းမမျိုးကို ကြိုက်သည်လဲ ဆိုသည်ကို သူမ နားမည်နိုင်ပါ။
ရှန်၏ ပြောစကားကို ကြားသည့်အခါ နျိုသည် မျက်နှာ ပြာတစ်လှည့် ဖြူတစ်ခါနှင့် ရှန်ကို ခါးသီးစွာ လှည့်ကြည့်လာသည်။ သို့ပေမဲ့ သူမ မှားသည်ကို သိ၍ ဘာမှ မပြောပဲ တံခါး အပြင်ဘက်သို့ ဒေါသတကြီး လျောက်ထွက် သွားခဲ့သည်။
ဟေးကျီနှင့် ရှောင်ပိုင်တို့က ခြံပြင်တွင် လှဲလျောင်းနေ ခဲ့ကြပြီး သူမကို တစ်ချက် ကြည့်လိုက်ကြသည်။ နျိုက နှလုံးသားထဲတွင် ဒေါသပုန် ထလာပြီး ဟေးကျီနှင့် ရှောင်ပိုင်ကို စိုက်ကြည့်ခဲ့သည်။ သူမက ဟေးကျီကို ရန်မစရဲပေမဲ့ ရှောင်ပိုင်ကိုတော့ မကြောက်ပေ။ နျို၏ နှလုံးသားထဲတွင် အမျက်ထွက်နေခဲ့ပြီး အရာအားလုံးက ရွှီချောင့် အမှားရယ်လို့ ခံစားနေရသည်။ အကိုကြီးသာ ရွှီချောင့်ကို လက်မထပ်ခဲ့လျှင် သည်လို ကောင်းမွန်တဲ့ ဝတ္ထုပစ္စည်း အားလုံးက သူမအပိုင်သာ ဖြစ်လိမ့်မည်။
သူမက ပိုတွေးလေလေ ပိုစိတ်တို လာလေလေ ဖြစ်ပြီး ခြေမြှောက်၍ ရှောင်ပိုင့်ကို ကန်လိုက်သည်။ ရှောင်ပိုင်သည် သူ၏ ပိုင်ရှင်နှင့် ဟေးကျီမှ လွဲလျှင် မည်သူ တစ်ဦး တစ်ယောက်ကိုမျှ မကြောက်ပေ။ တစ်ခုခုက ကန်လာသည်ကို မြင်လျှင် စဉ်းတောင် စဉ်းစားမနေပဲ ထိုအရာကို ကိုက်ပစ်လိုက်သည်။ ဟေးကျီက မျက်ခွံတို့ကို ပင့်ကြည့်ပြီး တစ်ဖန် ပြန်၍ မျက်လုံး မှိတ်လိုက်သည်။
ရှောင်ပိုင့် ကိုက်ချက်က ပြင်းထန်လေသည်။ နာကျင်နေသည့် နျိုက ငိုနေခဲ့ပြီး ယန်မိသားစုဝင် တို့ကို အော်ခေါ်ခဲ့သည်။
နျို့ မျက်လုံးထဲတွင် နာကျင်မှုနှင့် မျက်ရည်တို့ ရှိနေသည်။ သူမ ယောက်ျား ထွက်လာသည်ကို မြင်လျှင် စတင်၍ ရှိုက်ငိုလေတော့သည်။ “ယောက်မ ခေါ်လာတဲ့ ခွေးက ကျွန်မကို တကယ်ကြီး ကိုက်လိုက်ပြီ၊ ဒီလို ကိုက်တတ်တဲ့ ခွေးကို ကျွန်မတို့ အိမ်မှာ ဆက်ထားလို့ မဖြစ်ဘူး၊ ဒီခွေးကို သတ်လိုက်တာ ပိုကောင်းမယ် ထင်တယ်၊ မဟုတ်လို့ ဖြတ်သွား ဖြတ်လာတွေကို လိုက်ကိုက်ရင် ဘယ်လိုလုပ်မလဲ”
ချန်ကလည်း သံယောင်လိုက် ပြောလေသည်။ “လူအိုကြီး၊ ဒီကိစ္စကို ဘယ်လို လုပ်ကြမလဲ၊ လူကိုက်တဲ့ ခွေးကို မြန်မြန် မသတ်ဘူး ဆိုရင် ကျွန်မတို့ အိမ်ပါ ပြဿနာ ရှိလာနိုင်တယ်၊ ကျွန်မအထင် ရွှီချောင်လည်း မရှိတုန်း ဒီခွေးကို သတ်လိုက်တာ ကောင်းမယ်”
ယန်အဖေက စကားမပြောပေ။ ရှန်က နျိုကို စိုက်ကြည့်နေပြီး ပြောလိုက်သည်။ “အမေ၊ ဒီခွေးက စကား မပြောတတ်လို့ ကျွန်မတို့ မသေချာပဲ မှားယွင်းမိလို့ မရဘူး၊ တတိယ ယောက်မက ခွေးကို အရင် ကန်လိုက်တာကို ကျွန်မ သေသေချာချာ မြင်လိုက်တယ်”
သည်စကားတို့ ထွက်လာပြီးသည် နှင့်တစ်ပြိုင်နက် ယန် တတိယသား၊ ယန်တာ့ထုန်က အနည်းငယ် စိတ်ပျက် သွားလေသည်။ သူက မျက်မှောင်ကြုတ်၍ နျိုကို ကြည့်ကာ ပြောလိုက်သည်။ “မိန်းမ၊ ဒါ မင်း အပြစ်ပဲ၊ မင်း ဘာဖြစ်လို့ ခွေးကို ဒုက္ခ ပေးရတာလဲ၊ အစ်ကိုကြီးနဲ့ မရီးတို့သာ သိသွားရင် ဘယ်လို ထင်ကြမလဲ၊ ငါ အရှက်ရ ရလိမ့်မယ်၊ ဒီနေ့ ကိစ္စကို မေ့လိုက်တော့၊ ငါ မင်းကို အဖော်ပြုပြီး မြို့ထဲမှာ ဆေးသွားရှာ ပေးမယ်၊ အစ်ကိုကြီးနဲ့ မရီးတို့ကို ပေးမသိနိုင်ဘူး”
အစောင့်ခွေးတို့မှာ သာမန် မဟုတ်ကြောင်းကို လူအိုကြီး ယန် သိလေသည်။ သည့်အပြင် ဘယ်သူမှလည်း အစောင့်ခွေးတို့ကို သာမန်ကာလျှံကာ သွားမကန်ရဲပေ။
နျိုက ထိုစကားတို့ကို ကြားလျှင် မျက်ရည်ကျလာခဲ့ ပြန်သည်။
ရှန်က နျိုကို တစ်ချက် ကြည့်ပြီး ဒီမိန်းမက တကယ်ကို တုံးသည်ဟုသာ တွေးနိုင်တော့သည်။
အဖေ ယန်က မျက်မှောင်ကြုတ်၍ လက်ဝှေ့ရမ်းကာ “အားလုံး ပြီးသွားပြီ၊ ခဏနေရင် ယာခင်းကို သွားပြီး ပြောင်းဖူး ချိုးကြစို့၊ တတိယသား.. ၊ မင်းမိန်းမကို မြို့ထဲ လိုက်ပို့ပြီး သမားတော်နဲ့ ပြလိုက်၊ ဒါက စေ့စပ်လို့ မရနိုင်တဲ့ ကိစ္စမျိုးပဲ၊ ငါတော့ စိတ်ကုန်နေပြီ၊ သူက တကယ်ကို ရှုပ်ထွေးနေတာပဲ”
လူအိုကြီးက ထွက်သွားခဲ့ပြီး ယန်တာ့ထုန် သည်လည်း နွားလှည်း ငှား၍ သူ၏ မပြောင်းလဲနိုင်သည့် ဇနီးကို တင်ကာ မြို့သို့ ထွက်ခဲ့သည်။
ရွှီချောင်တို့သည် မူလကတည်းက တစ်ရွာတည်းမှ ဖြစ်ကြသည်။ ရွှီချောင်တို့ သုံးယောက်သည် မကြာခင်မှာပင် ရွှီအိမ်သို့ ရောက်ရှိခဲ့ကြသည်။ ရွှီအမေအိုကြီးသည် တံခါးပေါက်တွင် ဆောင့်ကြောင့် ထိုင်နေခဲ့သည်။ သူမရဲ့ သမီးနှင့် သားမက်တို့ကို မြင်လျှင် သူမက အမြန်ထရပ်၍ အိမ်ထဲသို့ အော်ပြောလိုက်သည်။ “အဖေကြီးရေ.. အဖေကြီးရေ၊ မြန်မြန် ထွက်လာခဲ့ စမ်းပါ၊ ကောင်မလေး ပြန်လာပြီ”
ထို့နောက် လူအိုကြီး ရွှီ၊ အာ့ယာ၊ စန်းယာတို့ ထွက်လာကြသည်။ သူမတို့၏ အစ်မကို မြင်လျှင် အမြန် ပြေးလာကြသည်။
လူအချို့က အိမ်ထဲ ဝင်ခဲ့ကြသည်။ ရွှီအမေအိုကြီးက ရေနွေး ပန်းကန်လုံး အချို့ လောင်းထည့် ပေးပြီး ဖူကွေ့ကို ပြုံးပြကာ “ဖူကွေ့..၊ ရေဆာနေလား၊ ရေနည်းနည်းလောက် သောက်လိုက်”
ဖူကွေ့က ရယ်၍ ယဉ်ကျေးမနေပဲ ရေနွေး ပန်းကန်ကို မလိုက်သည်။ သူက သောက်ပြီးနောက် ပြောလေသည်။ “ကျေးဇူးပါ အမေ၊ ကျွန်တော် ရေမဆာတော့ပါဘူးဗျ”
ရွှီချောင်က သူ့ကို သည်လို မြင်ရလျှင် မနေနိုင်ပဲ ရယ်မိတော့သည်။
မြောင်မြောင်လေးက ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်၍ သူမက တောင့်တင်းနေပြီး ဘေးဘီကို လိုက်ကြည့်နေသည်။ ရွှီချောင်က ရှောင်ရှန်းသည်လည်း မြောင်မြောင့် အရွယ် ဖြစ်သည်ဟု တွေးမိ၍ မြောင်မြောင့်ကို အခန်းထဲ ခေါ်သွားပြီး နှစ်ယောက်သားကို ခန်ပေါ်တွင် ကစားနေစေသည်။
အမေလီက အကြီးဆုံး သမီးနှင့် သားမက်တို့ ပျော်ရွှင်နေသည်ကို ကြည့်၍ ရွှီချောင်ကို မီးဖိုခန်းဆီ တိတ်တိတ်လေး ခေါ်ကာ တိုးတိုးပြောလေသည်။ “ ကောင်မလေး၊ သူ မင်းနဲ့ အဆင်ပြေလား၊ ငါ လူတွေကို တွေ့ဖူးပါတယ်၊ သူက နည်းနည်း တုံးပြီး စိတ်ဆတ်ပေမဲ့ သူက အတော်လေးတော့ စိတ်ရင်းမှန်မှာပါ”
ရွှီချောင်က ပြုံး၍ ပြောသည်။ “အမေ၊ သူက ကျွန်မအပေါ် အရမ်း ကောင်းပါတယ်” ထို့နောက် သူမက သူမလက်ထဲမှ ခြင်းတောင်းကို အမေလီထံ အမြန် ပေးလိုက်သည်။ “ဒါက သူ တောင်ပေါ်က ကောက်လာတဲ့ တောရိုင်းဥတွေပါ၊ သူက အထူးသီးသန့် ယူလာပေးတာနော်၊ အမေစားဖို့ ယုန်ရိုင်းလည်း ပါတယ်၊ အမေစားပေါ့၊ အာ့ယာတို့ စန်းယာတို့ ရှောင်ရှန်းတို့ကိုလည်း ပြင်ဆင်ပြီး ကျွေးလိုက်ပါဦး၊ ဒါတွေကို မြို့ပေါ် ယူသွားပြီး မရောင်းနဲ့နော်”
အမေ လီက ရွှီချောင့်ကို စွေကြည့်ပြီး ရေရွတ်လိုက်သည်။ “ငါ သိပါတယ်၊ စိတ်မပူပါနဲ့၊ ရှောင်ရှန်းနဲ့ တစ်ခြားသူတွေ အတွက် သိမ်းထားမှာပါ၊ မြို့ကို ယူသွားပြီး မရောင်းပါဘူး”
ရွှီချောင်က ထပ်ပြောသည်။ “ ကောင်းတာတွေကို ရှောင်ရှန်းကိုချည်းပဲ မကျွေးနဲ့လေ၊ အာ့ယာနဲ့ စန်းယာကိုလည်း ကောင်းကောင်း ဆက်ဆံပေးပါဦး”
“မင်း.. ကောင်မစုတ်လေး၊ ဒီအမေအိုကြီးကို တရားချနေတုန်းပဲ” သူမက ရွှီချောင့်ဆီမှ မျက်နှာသာ မရပေ။ အမေ လီက ရွှီချောင့်ကို နားရွက်ဆွဲချင် နေသော်လည်း အပြင်ဘက်တွင် သူမ၏ သားမက် ရှိနေသည်ကို တွေးမိ၍ ရွှီချောင့်လက်ကို ဆွဲကာ “လာစမ်းပါ၊ ငါ သိတယ်၊ ငါ့ကို သတိပေးစရာ မလိုဘူး၊ ဒါနဲ့ ကောင်မလေး..၊ ဘာလို့ ဟို ကလေးမလေးကို အရမ်း ကောင်းနေရတာလဲ၊ အဲ့ဒါ မင်း မွေးထားတဲ့ ကလေး မဟုတ်ဘူးလေ၊ ဆိုကြပါစို့၊ အနာဂတ်မှာ မင်း ကလေးတစ်ယောက် မွေးလာခဲ့ရင် ဒီ အရုပ်ကလေးကို ဘယ်လိုလုပ်မလဲ၊ မင်းမှာ ဒီ လင်ပါ သမီးလေး မရှိရင် ကောင်းမှာပဲ” သူမက ပြောပြီး သက်ပြင်းချလိုက်သည်။
ရွှီချောင်က အမြန်ပြောလိုက်သည်။ “အမေ..၊ ဘာတွေ ပြောနေတာလဲ၊ မြောင်မြောင်က အရမ်းလိမ္မာပြီး ချစ်ဖို့ကောင်းတယ်၊ ကျွန်မသူ့ကို ကျွန်မရဲ့ သမီးရင်းလေးလို သတ်မှတ်ထားတာ၊ ကျွန်မ သူ့ကို ချစ်တယ်၊ သူကလည်းပဲ ကျွန်မကို အနာဂတ်မှာ ကောင်းကောင်း ဆက်ဆံလိမ့်မယ်”
အမေ လီက ကျယ်လောင်စွာ ရယ်လိုက်ပြီး ရွှီချောင်ကို ပြုံး၍ ပြောသည်။ “မင်း ကောင်မစုတ်လေး..၊ မင်း ဘယ်အရွယ် ရောက်ပြီမလို့လဲ၊ အရင်က ကောင်မလေးကို ပြန်ခေါ်ပေးစမ်း၊ မင်း ဒီလောက်ထိ ရှက်ဖို့ကောင်းအောင် ပြောနေစရာ မလိုပါဘူး”
ရွှီချောင်က ရယ်၍ “ကျွန်မက လက်ထပ်ပြီးနေပြီ၊ အဲ့တော့ ဘာကို ရှက်ရမှာလဲ”
အမေ လီသည် သားမက် ဖြစ်သူက သူမ၏ သမီးကို ကောင်းကောင်း ဆက်ဆံသရွေ့ ပြုံးရယ် နေခဲ့လေသည်။
ဖူကွေ့နှင့် ရွှီချောင်တို့က ညစာ စားရန် နေခဲ့သည်။ အမေလီရဲ့ လက်ရာက အပြည့်အဝကို သာလွန်လေသည်။ တောရိုင်းဥနှင့် ဂျူးမြစ်ကြော်၊ ယုန်သားမှိုချက်တို့ကို စားရင်း ရွှီချောင်က သက်ပြင်းချမိသည်။ သူမရဲ့ အမေက တကယ်ကို တစ်မူထူးသည်ပင်။ အမေလီသည် ဒီလို ကောင်းမွန်သည့် ဟင်းချက်လက်ရာတို့နှင့် အပတ်တိုင်းတွင် ဟင်းမချက်ပဲ ရွှီချောင့်ကိုသာ အမြဲ ချက်ခိုင်းခဲ့သည်။
မည်သို့ပင် ဖြစ်စေ၊ ရွှီချောင်၏ ဟင်းချက် လက်ရာသည်လည်း မဆိုးလှပေ။ သူမသည် ငယ်စဉ်ကတည်းက အမေ လီရဲ့ စစ်မှန်သည့် မျိုးဗီဇကို အမွေရခဲ့ခြင်း ဖြစ်မည်။ လွန်ခဲ့သည့် ဘဝမှ ဟင်းချက်နည်းတို့နှင့် လှည့်ကွက်တို့ကို ထပ်ပေါင်း ထည့်လိုက်လျှင် အရသာမှာ ကောင်းလေတော့သည်။
ညစာ စားပြီးနောက် ရွှီချောင်က အိမ်ပြန်၍ စပျစ်ယိုကို အစောတလျှင် လုပ်ချင်နေသည်။ အဖေရွှီ၊ အမေရွှီတို့နှင့် စကားပြောပြီးနောက် သုံးယောက်သား ပြန်ခဲ့ကြသည်။
ပြန်ရောက်လျှင် နျိုကို အိမ်တွင် တစ်ယောက်တည်း တွေ့လိုက်ရသည်။ ရွှီချောင်က သူမ ထော့နဲ့ ထော့နဲ့ လမ်းလျှောက် နေသည်ကို မြင်လျှင် စိုးရိမ်စွာ မေးလိုက်သည်။ “တတိယ ယောက်မ၊ ဘာဖြစ်တာလဲ”
နျိုက မပြောနိုင်ပေ။ ဒါကြောင့် သူမသည် ရွှီချောင်ကို စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလေသည်။ “မတော်တဆ ချော်လဲတာ ဖြစ်နိုင်မလား၊ အစ်မ ကြင်နာပြနေဖို့ မလိုပါဘူး”
“ငါက မင်းကို ဂရုစိုက်ရုံလေးပါ”
ထို့နောက် ရွှီချောင်သည် အိပ်ပျော်နေသည့် မြောင်မြောင်နှင့်အတူ အခန်းဆီသို့ ပြန်ခဲ့သည်။ ပြီးနောက် မြောင်မြောင့်ကို စောင်အောက်သို့ ထည့်ပေးလိုက်သည်။ ရွှီချောင်က မီးဖိုခန်းထဲသို့ စပျစ်သီး အိတ်ကြီးနှင့် ဝင်လာခဲ့သည်။ ယနေ့တွင် ဖူကွေ့မှာ လုပ်စရာ အလုပ် များများစားစား မရှိပေ။ ထို့ကြောင့် သူသည် ရွှီချောင့် အနားသာ ကပ်နေခဲ့သည်။ “ဇနီးလေး..၊ ကိုယ် ကူညီရဦးမလား”
“ဒါဆို ဒီစပျစ်သီးတွေကို ဆေးကူပါဦး”
ဖူကွေ့က သိချင်နေခဲ့သည်။ “ဇနီးလေး..၊ ဒီဟာတွေကို စပျစ်လို့ ခေါ်တာလား၊ ကိုယ်တို့ အားလုံးက ခရမ်းရောင် အသီးလို့ ခေါ်ကြတာ”
ရွှီချောင်မှာလည်း ပဟေဠိတွေ ဖြစ်ကုန်သည်။ သူမ ကူးပြောင်း ရောက်လာသည့် နေရာ၏ သမိုင်းမှတ်တမ်း မရှိပေ။ သည်နေရာတွင် ဟင်းသီးဟင်းရွက်တို့ ရှိသေးသော်လည်း အသီးအနှံတော့ လုံးဝ မရှိပေ။ တောင်ပေါ်တွင် စပျစ်ရိုင်း အချို့၊ သစ်တော်ရိုင်း အချို့၊ မက်မွန်ရိုင်း အချို့နှင့် အခြားသီးနှံတို့ ရှိသော်လည်း ၎င်းတို့တွင် အမည်မရှိပေ။ လူထွားကြီးက ၎င်းတို့ကို အသီးရိုင်းဟု ခေါ်လေသည်။
ဖူကွေ့က သူ့ဇနီးလေး ငေးငိုင်နေသည်ကို မြင်လျှင် အမြန်မေးလိုက်သည်။ ရွှီချောင်က အာရုံ ပြန်ရလာပြီး ပြုံး၍ ပြောလေသည်။ “ကျွန်မက စာအုပ် တစ်အုပ်ထဲက အတိုင်း ခေါ်လိုက်ရုံပါ၊ ကောင်းပြီ၊ ကျွန်မကို ဒါတွေ အားလုံး ဆေးပေးပါဦး၊ ကျွန်မတို့ ပြီးကျရင် ယိုထိုးကြမယ်”
နှစ်ဦးသားသည် စပျစ်ရိုင်းတို့ကို ဆေးပြီး အခွံတို့ကို သင်လိုက်ကြသည်။ စပျစ်ရိုင်း အားလုံးက ရင့်မှည့်နေကြပြီး ညှစ်သည့်အခါ အခွံနှင့် အသားတို့ကို သီးခြား ဖယ်ထုတ်ခဲ့သည်။
ရွှီချောင်က အခွံတို့ကို အိုးကြီး တစ်အိုးထဲ ထည့်၍ ရေနှင့် အမြန် ဆူပွက်အောင် တည်လိုက်သည်။ အိုးထဲမှ စပျစ်ရည်တို့ ခရမ်းနီရောင် ပြောင်းလာသည်ထိ စောင့်ပြီးနောက် မီးငြိမ်းလိုက်သည်။ စပျစ်ခွံတို့ကို ထုတ်၍ အထဲမှ အရည်တို့ကို ညှစ်ထုတ်လိုက်သည်။ သည်စပျစ်ခွံတို့က အလွန်ထူသည်။ သို့မဟုတ်ပါက ယိုထိုးရာတွင် ထည့်သုံး၍ ရနိုင်သည်။
ထို့နောက်တွင် စပျစ်ဖတ်တို့နှင့် ခရမ်းနီရောင် စပျစ်ရည်တို့ကို အိုးထဲထည့်၍ ဆူပွက်စေပြန်သည်။ ဆူပွက်လာလျှင် အထဲမှ အဖတ်တို့သည် ကျက်လုနီးနီးပင်။ ရွှီချောင်က သန့်စင်ပြီး အဖြူရောင် ပိတ်ကျဲစကို အမြန်ယူ၍ အိုးထဲမှ စပျစ်စေ့တို့ကို စစ်ထုတ်လိုက်သည်။ ထို့နောက် ထပ်၍ ဆူပွက်စေသည်။ ဆူပွက်ပြီးနောက် မီးဖိုထဲမှ မီးကို လျှော့လိုက်ပြီး မီးအေးအေးနှင့် ထားလိုက်သည်။ သကြားခဲနှင့် ပျားရည်တို့ကို အိုးထဲ ထည့်လိုက်ပြီး အဆက်မပြတ် မွှေပေးနေသည်မှာ အနှစ်တို့ ပျစ်လာသည် အထိပင်။
စပျစ်ယို ပထမအိုး ရပြီ ဖြစ်သည်။ ရွှီချောင်က သန့်စင်သည့် ကြွေထည်ပုလင်း တစ်လုံးရှာ၍ စပျစ်ယိုကို ထည့်လိုက်သည်။ တစ်ချက် မြည်းကြည့်လိုက်လျှင် အရသာမှာ ချိုချိုချဉ်ချဉ် ဖြစ်သည်။ သူမ၏ ယခင်ဘဝမှ စပျစ်ယိုနှင့် ယှဉ်လျှင် အရသာမှာ ပိုကောင်းသည်။ ဖြစ်နိုင်သည်မှာ စပျစ်သီးနှင့် ပျားရည်တို့မှာ သဘာဝစစ်စစ် ဖြစ်၍ ဖြစ်မည်။ ဟုတ်သည်။ မည်သည့် ညစ်ညမ်းမှုမှ မရှိ၍ ဖြစ်မည်။
ဖူကွေ့လည်း တစ်ဇွန်း မြည်းကြည့်၍ သူ့ဇနီးလေး လုပ်သည့် အစားအသောက်မှာ အရသာရှိကြောင်း ဂုဏ်ဆာနေလေသည်။
ရွှီချောင်သည် ယန်မိသားစု မြည်းစမ်းရန် ပန်းကန်လုံး နှစ်လုံးစာ ချန်ထားပေးသည်။ ကျန်သည်ကို ပုလင်းထဲထည့်၍ အလုံပိတ်လိုက်သည်။ တစ်နေ့ခင်းလုံး အလုပ်များ အပြီးတွင် စပျစ်ရိုင်း အိတ်ကြီး တစ်အိတ်လုံးမှာ ကြွေပုလင်း နှစ်လုံးစာသာ ရလေသည်။
ဒုတိယ စပျစ်ယိုအိုး ပြီးလျှင် ပြီးချင်း နျိုသည် ယဉ်ကျေးမှုမရှိ ထော့နဲ့ထော့နဲ့နှင့် ရောက်လာပြီး အနံ့ခံကာ “အစ်ကိုကြီး၊ ယောက်မ၊ ဘာတွေ လုပ်နေ ကြတာလဲ၊ အနံ့လေးက သင်းနေတာပဲ”