အခန်း ( ၃၇ )
စားသောက်ပြီးနောက် နှစ်ယောက်သား ငှက်ပေါက်တို့ကို ကြည့်ရန် သွားခဲ့သည်။ ရွှီချောင်သည် ငှက်ကလေး တစ်ကောင် ပေါက်လာသည်ကို မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရသည်။ ညအချိန် ဖူကွေ့ အိမ်ပြန်ရောက်သည့်အခါ သူမက ငှက်ပေါက်တို့ကို ပြရန် ဖူကွေ့ကို ဆွဲခေါ်လာခဲ့သည်။
ဖူကွေ့က ပြုံး၍ "ဒါက ငှက်ပေါက်လေးတွေပါပဲ၊ နက်ဖြန်ခါ ကိုယ်တို့ မြို့ထဲကို သွားပြီး ကြက်ပေါက်တွေ သွားဝယ်ကြမယ်၊ မင်း ဝက်ပေါက် လိုချင်လို့ ပူဆာနေခဲ့တာ မဟုတ်လား၊ ဝက်ပေါက်လည်း ၂ ကောင်လောက် ဝယ်ကြစို့"
ရွှီချောင်က သဘာဝကျစွာပဲ လိုချင်လေသည်။ နောက်တစ်နေ့ မနက်တွင် မိသားစု သုံးယောက်က ကြက်ပေါက်နှင့် ဝက်ပေါက်တို့ကို ဝယ်ရန် မြို့ထဲသို့ ထွက်ခဲ့ကြသည်။ မြောင်မြောင်က ကြက်ပေါက်၊ ဝက်ပေါက်တို့ကို အမှန်တကယ် စိတ်ဝင်စားနေပြီး လမ်းတစ်လျှောက်တွင် ကြက်ကလေး ဝက်ကလေးတို့နား တဝဲလည်လည် လုပ်နေခဲ့သည်။
ရွှီချောင်သည်လည်း ခြင်းထဲမှ ကြက်ပေါက်နှင့် ဖူကွေ့လက်ထဲမှ ဝက်ပေါက်၂ ကောင်ကို ကြည့်ရင်း အလွန် ပျော်နေခဲ့သည်။
မြောင်မြောင်သည် ဖခင် လက်ထဲရှိ ဝက်ပေါက်တို့ကို ကြည့်ပြီး ပျော်ရွှင်စွာ မေးလေသည်။ "အမေ၊ အဖေ့လက်ထဲက ဝက်ကလေးတွေရဲ့ နာမည်က ဘာလဲ၊ မြောင်မြောင် သူတို့ကို နာမည်ပေးလို့ ရမလား"
"ရတာပေါ့၊ သူတို့ကို ဘယ်လို နာမည်တွေ ပေးချင်လဲ"
မြောင်မြောင်က ဝက်ဖြူလေးနှင့် ဝက်မည်းလေးကို ကြည့်ကာ သေချာ စဉ်းစားနေခဲ့သည်။ ခဏအကြာတွင် သူမက ဝက်မည်းလေးကို လက်ညှိုးထိုး၍ ပြောသည်။ "ဒီတစ်ကောင်ကို ရှောင်တာ့လို့ ခေါ်မယ်" ထို့နောက် တစ်ဖန် ဝက်ဖြူလေးကို လက်ညှိုးထိုး၍ "ဒီတစ်ကောင်ကို ရှောင်ရှောင်းလို့ ခေါ်မယ်"
ရွှီချောင်က ပြုံး၍ "ကောင်းပါပြီ၊ တစ်ကောင်ကို ရှောင်တာ့လို့ ခေါ်မယ်၊ နောက်တစ်ကောင်ကို ရှောင်ရှောင်းလို့ ခေါ်မယ်"