အပိုင်း (၆၁)
ရှောင်ကွမ်းနှင့် ရှောင်ရှားတို့၏အိမ်လေးက လျင်မြန်စွာပင် ဆောက်ပြီးသွားခဲ့၏။ သူတို့က ရွှေ့ပြောင်းသွားပြီဖြစ်သည့်တိုင်အောင် ရွှီချောင်အား ကူညီရန် လယ်ကွင်းများသို့ နေ့စဉ်လာပေးကြသည်။ ရွှီချောင်၏လယ်ဧကတစ်ရာမှ နှစ်ဧကအား သူတို့အား ငှားရမ်းပေးခဲ့သည်။ အကယ်၍ သူတို့သာ ပိုလုံ့လရှိမည်ဆိုလျှင် ပိုက်ဆံအနည်းငယ် စုဆောင်းနိုင်မည်ဖြစ်ပြီး အစားအသောက်အတွက် ပူစရာမလိုတော့ပေ။
နေ့ရက်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း ဇူလိုင်လပင် ရောက်လို့လာကာ ရွှီချောင်၏ဗိုက်မှာလည်း ငါးလရှိသွားပြီဖြစ်သည်။
ရာသီဥတုက အနည်းငယ် ပူအိုက်လို့လာသဖြင့် ဖူကွေ့မှာ လယ်အလုပ်ပြီးသည်နှင့် ချက်ချင်း အိမ်ပြန်လာ၏။ အိမ်တွင် ဟုန်းလျန်နှင့် ဟုန်းရှို့တို့ ရှိကြသည်မှာ မှန်သော်လည်း သူကတော့ စိတ်ပူနေဆဲပင်။ အလုပ်ပြီးသည့်အချိန်တိုင်း အိမ်စောစောပြန်ကာ ရွှီချောင်အား အဖော်ပြုပေးလေသည်။ သူ အလုပ်မများသည့်အချိန်တိုင်း အပြင်ထွက်သည်ပင် ရှားသွားပြီး သူ့ဇနီးဘေးနား အရိပ်လိုနေ,နေတတ်၏။ ရွှီချောင် တောကောင်သား စားချင်သည်ဟု ပြောသည့်အခါမှပင် တောင်ပေါ်အမြန်တက်ကာ အမဲလိုက်ထွက်တတ်၏။
လူများက ဖူကွေ့အား လမ်းပေါ်တွင် တွေ့သည့်အချိန်တိုင်း နှုတ်ဆက်ကြပြီး ရွှီချောင်သတင်းအား မေးမြန်းကြသည်။
ယခုတွင် ရွာသားများမှာ ရွှီချောင် ကိုယ်ဝန်ရှိနေသည့်အကြောင်းကို သိသွားကြပြီဖြစ်၍ ပိုပြီး တိတ်ဆိတ်သွားကြသည်။ မည်သို့ဆိုစေ ဖူကွေ့အဖွား၏လက်စွမ်းမှာ အားလုံးအပေါ် အမြင်နက်ရှိုင်းသွားစေသည်မဟုတ်ပါလား။ အဖွားအိုက ရွှီချောင်နှင့် ဖူကွေ့အား အလွန်နှစ်သက်လေမှန်း လူတိုင်း သိကြသည်။ ဖူကွေ့၏မိသားစုထဲဝင်ရန် စိတ်ကူးရှိနေသည့်လူအချို့ပင် သူတို့စိတ်ကူးများကို ဘေးဖယ်ထားရသည်။