အခန်း ( ၄၆ )
ရွှီချောင့်အိမ်တွင် အာလူး အနည်းငယ် ရှိသေးပေမဲ့ သူမက လဲ့ဖုန်း စားသောက်ဆိုင်ကို မပို့ခဲ့ပေ။ သူမက ကတ်တီ ၄၀၀ ကျော်ကို ဆောင်းရာသီ အတွက် လှောင်ထားခဲ့သည်။ ဒီ့အပြင် အာလူးပြန်စိုက်ရန်နှင့် ယန်အိမ်သို့ ပေးရန်လည်း ရှိသေးရာ သူမတို့ စားဖို့အတွက် အများကြီး မကျန်ပေ။
ယောက်မ ရှန်သည် လွန်ခဲ့သည့် ရက်များတွင် အာလူးတို့ကို လာမယူခဲ့ပေ။ ကြည့်ရသည်မှာ သူမ၏ညီအမ ကလေးမီးဖွား၍ ရှန်က မိဘအိမ်သို့ ပြန်သွားသောကြောင့် ဖြစ်မည်။
ဆောင်းဦးတွင် နေ့တာ တိုလေသည်။ ကောင်းကင် မှောင်လာလာချင်းမှာပင် ဖူကွေ့လည်း တောင်ပေါ်မှ ပြန်ရောက်လာခဲ့သည်။ နှစ်ဦးသားက ညစာ စားရင်း ယန်မိသားစုထံ အာလူးများ ပို့မည့် အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ သဘာဝကျကျပင် ယန်မိသားစုက အခြားသူများထက် အာလူးများ ပိုရလေသည်။ ရွှီချောင်က ယန်မိသားစုကို အာလူး ၁၀၀ ကတ်တီ ပို့ရန် စီစဉ်ခဲ့သည်။ အာလူး ၁၀၀ ကတ်တီ စိုက်လျှင် ၇၀ သို့ ၈၀ ရာခိုင်နှုန်းခန့် ဖြစ်ထွန်းမည် ဖြစ်သည်။ သို့ပေမဲ့ လီနှင့် ရွှီချောင်တို့က များများ မစိုက်ခဲ့ပေ။ မိသားစု တစ်စုချင်းစီအတွက် နည်းနည်းစီ ဝေငှရန်လည်း မဖြစ်နိုင်လေရာ များများ ပို့ရန် လာမည့် နှစ်ထိ စောင့်ရပေလိမ့်မည်။
"ဒါဆို မြန်မြန် စားကြစို့၊ စားပြီးရင် အဖေတို့ဆီ အာလူး ပို့ရအောင်၊ ကိုယ် လမ်းမှာ အဖေနဲ့ တွေ့သေးတယ်၊ အဲ့တုန်းက ဒီကိစ္စကို အဖေ ပြောသေးတယ်"
စားပြီးနောက် နှစ်ယောက်သားက မြောင်မြောင့်ကို ခေါ်၍ အာလူးအိတ်နှင့်အတူ ယန်အိမ်သို့ လာခဲ့ကြသည်။ ယန်မိသားစုက ညစာ စားနေခဲ့ကြပြီး ညစာကို ရှောင်အန်းနှင့် နျိုတို့ ချက်ထားပုံရသည်။
ဖူကွေ့နှင့် ရွှီချောင်ကို မြင်လျှင် ရှောင်အန်းက အမြန်ထ၍ ခုံနှစ်လုံး ယူပေးလိုက်သည်။ သူမက သူတို့နှစ်ဦးကို ပြုံး၍ ပြောလိုက်သည်။ "အကိုကြီး၊ ယောက်မ၊ ထိုင်ပါဦး"