Chapter 6

4K 307 1
                                    


အခန်း ( ၆ )
 
 
ကလေးတွေက သူမကို မထောက်ခံသည်ကို တွေ့လျှင် ချန်က အလွန် စိတ်ဆိုးသွားပြီး သူတို့တွေကို လက်ညှိုးထိုး၍ ပြောလေသည်။ “မင်းတို့က အပြင်လူဘက်က ပါနေတာပဲ၊ ဒီ မိန်းမအိုကြီး စိတ်ဆိုးတယ်”
 
ယန်အိမ်၏ အငယ်ဆုံး သမီး ယန်ရှောင်အန်းက သူမအမေ စိတ်ဆိုး နေသည်ကို မြင်လျှင် နောက်ပြောင်ဟန် ပြေးသွား၍ သူမ အမေရဲ့ လက်မောင်းကို ဖက်ကာ ပြုံးရယ်ရင်း “အမေ၊ ဘာတွေ ပြောနေတာလဲ၊ အပြင်လူဘက် ပါတယ်ဆိုတာ ဘာကို ပြောချင်တာလဲ၊ ယောက်မနဲ့ အကိုကြီးတို့က မိသားစုတွေပဲလေ”
 
“ချီး” ချန်က ထိုသို့ကြားလျှင် ပို၍ ဒေါသ ထွက်လာတော့သည်။ ရွှီချောင်ကို ခက်ထန်စွာ တစ်ချက် ကြည့်လိုက်သေးသည်။
 
ရွှီချောင်က ရှောင်အန်း သူ့အမေကို ဖက်ရင်း အလုပ်များ နေသည်ကို မြင်လျှင် ရှေ့တိုး၍ ပြုံးကာ ပြောလေသည်။ “အမေ၊ ကျွန်မတို့က မိသားစုတွေ ဖြစ်နေပြီလေ၊ အမေ စိတ်ဆိုးဖို့ မလိုပါဘူး၊ အပြင်ဘက်က အဝတ်တွေကို ကျွန်မ လျှော်လိုက်ပါ့မယ်”
 
သူမသည် သူမ နည်းအတိုင်း လုပ်မည် ဖြစ်သည်။ နှစ် လေးဆယ်ကျော် နေပြီး နောက်တွင် အမှန်တရား အချို့ကို နားလည်ခဲ့သည်။ ယခု အားလုံးက မိသားစုတွေ ဖြစ်နေလေပြီ။ ချန်သည် နှစ်သက်ဖွယ် မကောင်းသော်ငြား သူမသည်တော့ ချွေးမ တစ်ယောက် အနေနှင့် သူမ လုပ်သင့်သည်တို့ကို လုပ်ရမည်ပင်။ လုပ်၍ ကောင်းကျိုး ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ လုပ်ရမည်ပင်။ ချန်သည် လက်ခံရန် တုန့်ဆိုင်း နေသေးပြီး သူမကို ပြဿနာ ရှာချင်နေလေသည်။
 
ဖူကွေ့က ကြားလျှင် မျက်မှောင်ကြုတ်၍ “ဒီလောက် အဝတ် တစ်ဇလုံကြီးကို မင်း ဘယ်လိုပြီးအောင် လျှော်မှာလဲ၊ ကိုယ့်အထင် ကိုယ့်အဝတ် ကိုယ်လျှော်တာ ကောင်းမယ် ထင်တယ်၊ ဒါမှ မဟုတ် အဖေတို့ အဝတ်တွေကို လျှော်ပေးရင်ရော” ဤယန်မိသားစုသည် လူဦးရေ များပြီး အတူတူ စုနေကြသည် ဖြစ်၍ မလိုအပ်သည့် ပြဿနာတို့ကို ရှောင်ရှားရန် အရာအားလုံးတွင် ခွဲဝေ၍ တာဝန်ယူ ကြရသည်။ ချက်ပြုတ်ရေးကို ချွေးမတို့က အလှည့်ကျ တာဝန်ယူကြရသည်။ အဝတ်တို့မှာ ညစ်ပေနေသည် ဖြစ်ရာ အလှည့်ကျ လျှော်ရန် မသင့်လျော်ပေ။
 
အခြေခံအားဖြင့် အိမ်အလုပ်တို့ကို အမျိုးသမီးတို့က လုပ်၍ လယ်ယာအလုပ်ကို ယောက်ျားသားတို့က လုပ်ကြသည်။ အလုပ်များသည့် ရာသီတွင် မိန်းမတစ်ယောက်သာ အိမ်တွင် ချက်ပြုန်ရန် နေခဲ့ရပြီး ကျန်သူများ အားလုံးမှာ လယ်ခင်း၊ ယာခင်းတို့ဆီ အလုပ်လုပ်ရန် သွားကြရသည်။ ရွှီချောင် ရွှီအိမ်တွင် နေစဉ်ကလည်း အိမ်အလုပ်တို့ကို သူမ တစ်ယောက်တည်းသာ လုပ်ရလေ့ရှိပြီး တစ်ခါတစ်ရံတွင် အာ့ယာနှင့် စန်းယာတို့က ကူညီပေးကြသည်။
 
ဒုတိယ ချွေးမက ရွှီချောင်ကို ခေါ်ထုတ်လာ ခဲ့သည်။ ထို့နောက် သူမက အဝတ်တွေကို ခွဲထုတ်၍ ချန်၏ အဝတ်တို့ကို ပုံလိုက်ကာ အသံတိုးတိုးနှင့် ရွှီချောင့်ကို ရှင်းပြသည်။ “အမေက ဒီလိုပဲ၊ ကျွန်မ ဒီအိမ်ကို လက်ထပ်ပြီး ဝင်လာတာ ၂ နှစ်ကျော်ပြီ၊ ကျွန်မကိုလည်း အဲ့အတိုင်း ဆက်ဆံတုန်းပဲ၊ ယောက်မ စိတ်ထဲမထားပါနဲ့”
“ဘာကို ကျေးဇူးတင်တာလဲ၊ ကျွန်မတို့က မိသားစုတွေပဲကို၊ ကျွန်မ အရင်ဆုံး ဟင်းချက်လိုက်ဦးမယ်၊ မနက်စာ စားပြီးတဲ့ထိ စောင့်ဦး၊ ပြီးရင် မြစ်နားမှာ အဝတ် သွားလျှော်ကြမယ်”
 
ရွှီချောင်က မီးခိုခန်းဆီသို့ ထွက်သွားခဲ့သည်။ မနက်စာမှာ အလွန် ရိုးရှင်းသည်။ မနေ့က လက်ထပ်ပွဲမှ ကျန်သည့် စားစရာတို့ကို ပြန်နွှေး၍ ဆန်လုံးညို တစ်အိုး ပြုတ်လိုက်သည်။ သည်နေ့ခေတ်တွင် သည်လို ဆင်းရဲသည့် ရွာ၌ သန့်စင်ပြီး ဆန်စပါးနှင့် ဂျုံမှုန့်တို့ကို စားနိုင်သူမရှိပေ။ မနေ့က ဧည့်ခံပွဲတွင် ဆန်လုံးညိုချက်၊ ခေါက်ဆွဲကြမ်းနှင့် အသီးအရွက် အချို့ကိုသာ သုံးခဲ့ကြသည်။ မနေ့က ကျန်နေသည့် စားစရာတို့ကို နွှေးပြီးလျှင် မိသားစုက မနက်စာ စားခဲ့သည်။
မနက်စာ စားပြီးနောက်တွင် ဖူကွေ့က တံစက်မြိတ်အောက်မှ တိရစ္ဆာန် ဦးချိုနှင့် လုပ်ထားသည့် လေးကို ယူခဲ့သည်။ ပြောကြသည်က သည်လေးနှင့် အရွယ်ရောက် ဝက်သိုး တစ်ကောင်ကို ပစ်ခဲ့သည် ဟူ၏။ ရွှီချောင်က လေးကြီးနှင့် လူထွားကြီးကို ကောင်းမွန်သည့် အမြင်နှင့် ကြည့်နေခဲ့ပြီး ဖွဖွပြုံးနေသည်။
ဖူကွေ့က ခေါင်းလှည့်လာ၍ ရွှီချောင်ကို ကြည့်ပြီး ရူးကြောင်ကြောင် ပြုံးပြကာ “ဇနီးလေး၊ ကိုယ် အမဲလိုက် ထွက်ဦးမယ်၊ မင်းညကျ စားဖို့ တောထဲက ဥတစ်ချို့ ယူလာခဲ့မယ်”
သည်လို ပိန်ပါးသည့် ဇနီးလေးကို ကြီးထွားအောင် လုပ်ရမည်။ မဟုတ်လျှင် သူ စားသုံးသည့်အခါ အရသာ ရှိမည် မဟုတ်ပေ။ မနေ့ညက သူသည် ငေးငိုင်နေခဲ့ပြီး အိပ်ပျော်ရန် အချိန် အတော် ယူခဲ့ရသည်။ အဘယ့်ကြောင့် ဆိုလျှင် သူ့ဇနီးလေး၏ ခန္ဓာကိုယ် သေးသေးလေးက သူ့၏ အလေးချိန်ကို ခံနိုင်မည် မဟုတ်ဟု စိုးရိမ်နေခဲ့ ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ တွေးရင်း သူက သူ့ဇနီးလေးကို အပေါ်အောက် စုန်ဆန် ကြည့်ပြန်သည်။ အဲ့ဒါက ပိန်ပြီး သေးတာပဲ။
ရွှီချောင်က ထိုသူ ကြည့်နေသည်ကို မြင်လျှင် မျက်နှာနီသွားခဲ့သည်။ သူမက မီးဖိုခန်းထဲရှိ ကြောင်အိမ်ထဲတွင် ထည့်၍ သော့ခတ်မထားသည့် အသားထူထူ ပေါက်စီ ၅လုံး ယူရန် ပြေးသွားခဲ့ပြီး ပေါက်စီတို့ကို ပိတ်ကျဲစနှင့် ထုပ်၍ ပြန်ယူလာကာ ထိုသူ့လက်မောင်းထဲ ထည့်ပေးလိုက်သည်။ “ဒါဆို ရှင် နေ့လယ်ကျ ဗိုက်ဆာမှာ မဟုတ်တော့ဘူး”
ဖူကွေ့က များသောအားဖြင့် တစ်နေကုန် အမဲလိုက် သွားလေ့ရှိကြောင်း နှင့် နေ့လယ်ခင်းတွင် ထိုသူ ဗိုက်ဖြည့်ရန် မည်သည့်အရာမျှ မရှိကြောင်းတို့ကို သူမ သိလေသည်။
သူ့ လက်ထဲရှိ ပေါင်းထားသော ပေါက်စီကြီးကို မြင်လျှင် ဖူကွေ့က ရယ်၍ ရွှီချောင်ကို ကျေးဇူးတင်သည့် အရိပ်အမြွက်တို့နှင့် ကြည့်နေခဲ့သည်။
 
ထိုစဉ် ချန်၏ အပြစ်တင် စကားတို့ ထွက်လာခဲ့သည်။ “အမဲလိုက်ဖို့သာ သွားစမ်းပါ၊ မင်း ပေါက်စီ ငါးလုံးယူသွားဖို့ လိုလား၊ ဒါ ဖြုန်းတီးရာပဲ” သူမကို ဘယ်သူမှ အရေးအရာ လုပ်မနေပေ။
 
ဖူကွေ့က သူမ၏ စကားတို့ကို မကြားချင်ယောင်သာ ဆောင်နေခဲ့ပြီး ရွှီချောင်ကို ပြုံးပြကာ “ဇနီလေး..၊ ဒါဆို ကိုယ် သွားပြီနော်”
“မြန်မြန် သွားပါရှင်” ရွှီချောင်က ပြုံးနေခဲ့သည်။ သူမက အမြန် စဉ်းစားပြီး ပြောလိုက်သည်။ “ရေ ယူသွားဦးမလား၊ တောင်ပေါ်မှာ သောက်ဖို့ ရေ မရှိဘူးမလား”
“မရှိဘူး၊ တောင်ပေါ်မှာ အသီးရိုင်းတွေ ရှိတယ်၊ ကိုယ် ညကျ ယူလာခဲ့ ပေးမယ်” ဖူကွေ့က ပြောပြီးနောက် ခြံဝင်းထဲမှ လှည့်ထွက်သွားသည်။ ရွှီချောင်က ဖူကွေ့ တံခါး အပြင်ဘက်တွင် ရပ်ရင်း ကြီးမားသည့် လေးကြီးကို သယ်ထားကာ အော်လိုက်သည်ကို ကြည့်နေခဲ့သည်။ “ဟေးကျီ၊ မြန်မြန်လာ”
 
ယင်းအသံသည် သူမနှင့် မစိမ်းသက်ပါ။ သူမ လက်မထပ်ခင်က မနက်တိုင်း မီးဖိုချောင်ထဲတွင် ချက်ပြုတ် နေစဉ် ထိုအသံကို ကြားရသည်။ ဒါသည် ဖူကွေ့မှ သူ၏ အမွှေးနက် ခွေးကို အော်ခေါ်နေသည့် အသံဖြစ်သည်။ ခေါ်သံမှာ ကျယ်လောင်၍ အတော် ဝေးဝေးထိ ရောက်ကာ ရွာထဲရှိ လူတိုင်း ကြားနိုင်လေသည်။
မြေကြီးရောင် ခွေးလေး၏ အမည်မှာ ဟေးကျီ ဖြစ်သည်။ သူသည် ဒဏ္ဍာရီ တစ်ခု ဖြစ်သည်။ ပြောကြသည်မှာ သူသည် ဝံပုလွေစပ် ခွေးတစ်ကောင် အဖြစ် မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ဖူကွေ့က မွေးစားခဲ့ခြင်း ဟူ၍ပင်။ သူ အရွယ်ရောက်သော် သူက ဖူကွေ့နှင့် အတူ တောင်ပေါ်တွင် ပြေးလွှားခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်က ဖူကွေ့ ဝက်သိုး တစ်ကောင် ဖမ်းမိခဲ့ခြင်း မှာလည်း ဤ ခွေးနက်လေးရဲ့ ကျေးဇူးကြောင့် ဖြစ်သည်။
 
ရွှီချောင်က ဟေးကျီကို နှစ်ကြိမ် မြင်ဖူးသည်။ သူမနောက်ကို လိုက်နေသည့် ရှောင်ပိုင် ပင်လျှင် သူ၏ အမြီးကို နာနာခံခံ ရမ်း၍ ဟေးကျီထံ နှစ်ကြိမ်မျှ နူးနူးညံ့ညံ့ ဟောင်သံပေးခဲ့သည်။ ကျန်းမြစ်၏ အစွန်းတွင် လှဲလျှောင်းနေသည့် ဟေးကျီက သူတို့ကို လှည့်၍ပင် ကြည့်မလာခဲ့။
 
အရှင်းဆုံး ပြောရလျှင် သည်ခွေးနက်လေးမှာ ဝံပုလွေကဲ့သို့ ပင်ကိုစရိုက်နှင့် ရက်စက်သော သဘောထားရှိသည်။ သူသည် ဖူကွေ့မှ လွဲ၍ အားလုံးသော သူများကို လျှစ်လျှူရှုမည်သာ ဖြစ်သည်။
ရွှီချောင်က အတိတ်ကို ပြန်ပြောင်း အောက်မေ့ရာမှ အာရုံ ပြန်ရလာပြီးနောက် ဟေးကျီ အမည်ရ ခွေးလေးက သည်ဘက်ကို ပြေးလာနေသည်ကို တွေ့နေရသည်။ ထို့နောက် လူတစ်ယောက်နှင့် ခွေးတစ်ကောင်တို့က ဘေးချင်းယှဉ်၍ တောင်ဆီသို့ ဦးတည်ခဲ့ကြသည်။ သူတို့ကို မမြင်ရတော့မှသာ ရွှီချောင်က ပန်းကန်ဆေးကူရန် မီးဖိုခန်းဆီ လှည့်ဝင်ခဲ့တော့သည်။ 
ရှန့်ကို ကူ၍ ပန်းကန်နှင့် တူများကို ဆေးကြောပေးခဲ့သည်။ ထို့နောက် ယန်အိမ်မှ ချွေးမ သုံးယောက်သည် အဝတ်လျှော်ရန် မြစ်ဆီသို့ သွားခဲ့ကြသည်။
ယခုက ဆောင်းဦးကာလ ဖြစ်ပြီး ယာခင်းထဲမှ ပြောင်းတို့လည်း ရင့်မှည့် နေကြလေပြီ။ အဖေယန်၊ ချန်၊ ယန်တာ့ဖန်းနှင့် ယန်တာ့ထုန်တို့မှာ ပြောင်းဖူးခူးရင်း အလုပ်များနေကြသည်။ ယန်ရှောင်အန်းသည် အဖေယန်နှင့် အမေချန်တို့၏ အဝတ်များကို လျှော်ရန် ယူသွားခဲ့သည်။ ရွှီချောင်က လှည့်ပတ် ကြည့်နေခဲ့သည်။ အဝတ်လျှော်သည့် အစီအစဉ်မှာ မူလအတိုင်း ဖြစ်သည်။
 
ရွှီချောင်သည် လက်ထပ် ဝင်လာခါစ ဇနီးသစ်လေး ဆိုသည့် အချက်မှ လွဲလျှင် မနေ့တုန်းက အနည်းငယ် မသက်မသာ ဖြစ်ခဲ့သည်။ ယခုမှသာ ယန်မိသားစု ပတ်ဝန်းကျင်နှင့် အသားကျလာသည်။
 
ဒုတိယ ယောက်မ ရှန်သည် စိတ်၊ နှလုံးကောင်း ရှိသူ ဖြစ်သော်လည်း နျိုကတော့ ထိုသို့ မဟုတ်ပေ။ သူမ၏ မိသားစု နောက်ခံမှာ အတော်ကြောင်း၍ ရွှီချောင်နှင့် ရှန်တို့ကို အထင်သေးခြင်း ဖြစ်နိုင်သည်။ အနည်းဆုံးတော့ ယနေ့ မနက်ကပင် သူမက ရွှီချောင်နှင့် ရှန်တို့ကို စကားတစ်ခွန်း မပြောခဲ့ပေ။
 
လေးဦးသား မြစ်ကမ်းဘေးဆီ လျှောက်လာခဲ့ကြသည်။ ရွာထဲရှိ ကြီးကြီး၊ ငယ်ငယ် မိန်းမတို့သည် မြစ်ကမ်းဘေးတွင် စုဝေးနေကြသည်။ အားလုံးသည် အဝတ်လျှော်ရန် မနက်စောစော လာခဲ့ကြခြင်း ဖြစ်သည်။
 
ရှန်သည် နေရာ တစ်နေရာရှာ၍ ရွှီချောင်ကို လက်ဝှေ့ရမ်းကာ “ယောက်မ၊ ဒီမှာ၊ ဒီနား လာခဲ့”
 
ရွှီချောင်က ဆောင့်ကြောင့် ထိုင်လိုက်သည်။ နျိုသည် သူမတို့ကို တစ်ချက်ကြည့်၍ သူမ၏ အသိမိတ်ဆွေကို ရှာရန် ထွက်သွားသည်။ အမျိုးသမီးတို့က အဝတ် အတူတူ လျှော်ရန် လာခဲ့ကြသည်။ ယန်ရှောင်အန်း သည်လည်း သူတို့ကို နှုတ်ဆက်လိုက်ပြီး အခြားနေရာသို့ သွားကာ ဆောင့်ကြောင့်ထိုင်ချ လိုက်သည်။
 
“ရွှီချောင်ရေ၊ ရွှီချောင်” မကြာမီမှာ အမျိုးသမီး နောက်တစ်ဖွဲ့က အဝတ်တို့နှင့်အတူ မြစ်ကမ်းဆီသို့ လာနေကြသည်။ ထိုသူတို့ထဲမှ နူးနူးညံ့ညံ့ တစ်ယောက်သည် ရွှီချောင်ကို မြင်လျှင် အလွန် စိတ်လှုပ်ရှားနေပြီး လက်ဝှေ့ရမ်းပြနေသည်။
ရွှီချောင် ခေါင်းလှည့် ကြည့်လိုက်ရာ ငယ်သူငယ်ချင်း ဖြစ်သူ ချောင်းအာကို တွေ့လိုက်ရသည်။
အနှီ ချောင်းအာ၏ မျိုးရိုးမှာ ဝမ်ဖြစ်ပြီး အမည်မှာ ချောင်းအာ ဖြစ်သည်။ သူမသည်လည်း ကျန်းဟယ်ရွာသူ ဖြစ်ပြီး ရွှီချောင်တို့ အိမ်နီးနားချင်း ဖြစ်သည်။ သူမက ရွှီချောင်ထက် ၁နှစ် ငယ်လေသည်။ သူမတို့သည် ငယ်စဉ်ကတည်းက အတူတူ ဆော့ကစားလာ ခဲ့ကြသည့် သူငယ်ချင်းများ ဖြစ်ကြသည်။
ရွှီချောင်သည်လည်း သူမကို ပြန်၍ လက်ယပ် ခေါ်လိုက်သည်။ “ချောင်းအာ၊ ဒီမှာ၊ ဒီနား လာခဲ့” သူမက စဉ်းစားလိုက် ပြီးနောက် ရှန်ဘက်ကို လှည့်၍ “ဒုတိယ ယောက်မ၊ သူက အစ်မနဲ့ ငယ်ကတည်းက ကစားဖော် ကစားဖက်တွေလေ၊ ချောင်းအာလို့ ခေါ်တယ်” 
 
နူးညံ့သည့် ချောင်းအာက ချိုချိုသာသာ ပြုံး၍ “ညီအစ်မ ရှန်က တကယ် ကောင်းတာပဲ”
 
ရှန်က အပြုံးလေးနှင့် ပြန်ပြောလိုက်သည်။ “ညီအစ်မ မဟုတ်ဘူးရှင်၊ ကျွန်မက လက်ထပ်ထားတာ နှစ်နှစ် ရှိပြီမို့ ကျွန်မကို ယန်အာ့စောင်လို့ ခေါ်လို့ရပါတယ်”
 
လူအများက ပြောရင်း ရယ်ရင်းနှင့် အဝတ်လျှော် နေကြသည်။ စကားပြောပြီးနောက် ချောင်းအာသည် ဘေးဘီဝဲယာကို တစ်ချက်ကြည့်ကာ ရွှီချောင့် နားနားကပ်၍ တိုးတိုးပြောလေသည်။ “ရွှီချောင်၊ နင်ဘာလို့ ယန်လန်ကျီကို လက်ထပ်ခဲ့တာလဲ၊ သူက ကြောက်စရာကြီး၊ ပြီးတော့ ပြောရဦးမယ်၊ သူ့ရဲ့ နေပြောက်လေးလို့ ခေါ်တဲ့ မိသားစုခွေးက ခက်ထန်တယ်တဲ့၊ ဘာပဲဖြစ်ဖြစ်၊ ငါ..ငါသာဆို သေချာပေါက် လက်မထပ်ဘူး၊ ဒါပေမဲ့ လက်ထပ်လို့လည်း ပြီးပြီပဲ၊ နည်းလမ်း မရှိတော့ဘူးပေါ့၊ သူနင့်ကို အနိုင် မကျင့်လောက်ပါဘူးနော်၊ ဟုတ်တယ်မလား” 
 
ချောင်းအာက နှုတ်ခမ်းစူ၍ ပြောလေသည်။ “ဒါကောင်းပါတယ်၊ သူက ကြည့်မကောင်းဘူး ဆိုပေမဲ့ အဲ့ဒါလည်း‌ ကောင်းတာပါပဲ”
 
ရွှီချောင်က ပြုံးရင်း အဝတ်တို့ကို တုတ်နှင့် ရိုက်၍ ဆက်လျှော်ခဲ့သည်။
 
ယန်မိသားစုမှ အမျိုးသမီးငယ်များက အဝတ်လျှော်ပြီးနောက် ပြန်လာခဲ့ကြသည်။ ထို့နောက် ယာခင်းထဲသို့ ပြောင်းချိုးရန် အတူတူ သွားခဲ့ကြသည်။
 
“စန်းစောင်၊ ကျွန်မတို့ ပြောင်းခင်းထဲမှာ ပြောင်းဖူး ခူးမလို့၊ ခဏနေ လိုက်ခဲ့နော်” ယန်ရှောင်အန်းက နျို့ အခန်းထဲသို့ အော်ပြောလိုက်သည်။
 
ခဏအကြာတွင် အခန်းထဲမှ နျို့ အသံကို ကြားလိုက်ရသည်။ “ရှောင်အန်းရေ.. ၊ အမ နေရတာ နည်းနည်း မသက်မသာ ဖြစ်နေလို့ မလိုက်တော့ဘူး၊ မင်းတို့ပဲ သွားလိုက်တော့”
 
ယန်ရှောင်အန်းသည် မြေပြင်ကို ဖွဖွကန်၍ လှည့်ကာ ရွှီချောင်တို့ထံ အမြန် လျှောက်လာခဲ့သည်။ “ယောက်မ သွားရအောင်၊ ဒုတိယ ယောက်မရောပဲ၊ ယာခင်းထဲမှာ ပြောင်းဖူး သိပ်မကျန်တော့ဘူး၊ ရက်အနည်းငယ် အတွင်းမှာ ပြီးလောက်တယ်”
 
 

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now