Chapter 3

3.2K 285 0
                                    

Chapter 3


ခွေးကလေး ရှောင်ပိုင်ဟာ တရုတ်စွံပလွံပင်ဘေးမှာ လဲလျောင်းနေခြင်း ဖြစ်ပြီး အနီးအနားရှိ ကလေးငယ်တို့ဟာ ယင်းအပင်နားသို့ မလာရဲကြချေ။ ရွှီချောင်နှင့် အာယာဆန်းယားတို့သည် ဝါး‌ချောင်းများ ကိုယ်စီကိုင်ကာ တရုတ်စွံပလွံသီးများကိုခူးနေကြပြီး မကြာမီတွင်ပင် ကြီးမားသော စွံပလွံအသီးတို့သည် အပင်ပေါ်မှ ကြွေကျမြေခကြတော့သည်။ စွံပလွံပင် အနီးတဝိုက်ရှိ ကောင်ကလေးတို့မှာလည်း လောဘတကြီး သွားရည်တို့ ယိုကျကုန်‌လေ၏။

ရွှီချောင်သည် သူတို့၏ အာသာငမ်းငမ်းတက်မျက်လုံးတို့ကို မမြင်ဘဲ လက်ယပ်ခေါ်ကာ
"လာ၊ ဒီစွံပလွံသီးတွေကို ကူကောက်ပေးပြီးရင် နင်တို့ စားလို့ရပြီ"

ကလေးများသည် အဆောတလျင်ပင် ပြေးလာကြကာ ...
"မမ ရွှီချောင်က တကယ်ကြီး သားကို ကူကောက်‌ခိုင်းနေတာပဲ။ ဒီတိုင်း မရွေးဘဲ စားလိုက်လို့ရော မရဘူးလား။ သားတို့ကို အန်တီဆီမှာ ထပ်မိသွားအောင်တော့ မလုပ်နဲ့နော်ဗျ။ မနှစ်တုန်းကလည်း အရိုက်ခံလိုက်ရတာ...."

ယမန်နှစ်တုန်းက ဤကလေးတစ်သိုက်သည် စွံပလွံသီးများကို ကူကောက်ပေးခဲ့ဖူးသည်။ ထို့နောက် ရွှီချောင်သည် သူတို့ကို စွံပလွံသီး အချို့ ပေးလိုက်ရာ မိခင်ဖြစ်သူသည် ရှာတွေ့သွားခဲ့လေသဖြင့် ယင်းအမျိုးသမီးအိုကြီးမှာ သူတို့ကို ရိုက်နှက်ကာ ခြံဝန်းအပြင်သို့ ဆွဲထုတ်ပစ်ခဲ့သည်။

ရွှီချောင်သည် ကလေးငယ်များအား တစ်ချက် ဝေ့ကြည့်ကာ ပြုံးလိုက်ပြီး
"ငါ ဘယ်တုန်းကများ မဟုတ်တမ်းတရားတွေ ပြောဖူးလို့လဲ။ အဲ့နှစ်တုန်းက အမေက မင်းတို့ကို ဝိုင်းပြင် ဆွဲထုတ်ပစ်ခဲ့တာ မှန်ပေမဲ့ မင်းတို့ အိမ်တွေကို စွံပလွံသီးတွေ ငါ ပို့ပေးခဲ့တာပဲလေ"

ကလေးများသည် ယင်းကို ကြားသော် အကျိုးအကြောင်း သင့်လျော်စွာပင် စွံပလွံသီးများအား ကူကောက်ပေးကြလေတော့သည်။

ဤတရုတ်စွံပလွံပင်မှာ သူ(မ)၏ ဖခင်ဖြစ်သူကိုယ်တိုင် သူငယ်စဉ်က စိုက်ပျိုးခဲ့သောအပင်ဖြစ်သည်။ အပင်၏ နှစ်စဉ်အသီးထွက်နှုန်းမှာ အံ့မခန်းပင်။ သို့သော် ရွှီချောင် ပြောင်းရွေ့လာသည့်အချိန်မှစကာ သူ(မ)တွင် သရေစာစားဖို့ရန်တောင် မကျန်တော့ချေ။ နှစ်စဉ် နှစ်တိုင်း သူ(မ)သည် သူ(မ)၏ စားသောက်ချင်စိတ်များကို သက်သာရာရစေရန် ဤတရုတ် စွံပလွံပင်ကိုသာ အားကိုးရသည်။ ယင်း တရုတ် စွံပလွံပင်ကြီးမှာ သူ(မ)အတွက် အဖိုးထိုက်တန်သည့် ရတနာအလားပင်။ ရှောင်ပိုင် မရှိသေးသည့် အတိတ်တို့တွင် ဤတရုတ်စွံပလွံပင်ကြီးအား သူ(မ)ကိုယ်တိုင် ကြည့်ရှု စောင့်ကြပ်လေသည်။ ယခု ရှောင်ပိုင်ရှိလာသောအခါ ကြည့်ရှုစောင့်ကြပ်သူ တာဝန်မှာ ရှောင်ပိုင်၏ တာဝန်သာ ဖြစ်သွားလေတော့၏။

တစ်နေကုန်နီးပါး အလုပ်လုပ်ပြီးသည့်နောက် ကလေးတစ်သိုက်သည် စွံပလွံသီးများ အားလုံး ကုန်စင်အောင် ကောက်ပြီးသွားပြီ ဖြစ်သည်။ ရွှီချောင်သည် ကလေးများကို သူတို့၏ လက်အပြည့်နှင့်သာမက အင်္ကျီပါချွတ်၊ ထုပ်ပိုးသယ်ယူရသည်အထိ များပြားလှသော စွံပလွံသီးများကို ပေးလိုက်သဖြင့် ကလေးတစ်သိုက်သည်လည်း ပျော်ရွှင်စွာပင် ထွက်ခွာသွားကြတော့သည်။

လီပြန်ရောက်လာသည့်အခါ ရွှီချောင်၏ ကလေးများကို စွံပလွံသီး အများအပြား ပေးဝေနေသောမြင်ကွင်းမှာ သူ(မ)အား လွန်စွာ စိတ်သောကရောက်စေလေသည်။

"တယ်... ဒီကလေးမလေးနှယ့်၊ စွံပလွံသီးတွေက ဒီလောက် အများကြီးကို၊ မင်း ဒီမိန်းမအိုကြီးကို နည်းနည်းလေးတောင် အားနာမှု မရှိတော့ဘူးလား"

ရွှီချောင်သည် သူ(မ)၏ စည်းမစောင့်သော ပါးစပ်အား တစ်စက်ကလေးမှပင် ဂရုမစိုက်ပါချေ။ စွံပလွံသီးများကို ဆေးကြောပြီးသောအခါ သူတို့သည် ထွက်လာပြီး စားသောက်ကြတော့သည်။

မိန်းမငယ်လေး နှစ်ယောက်နှင့် နောက်ထပ် မိန်းမငယ်လေး သုံးယောက်မှာ လွန်စွာ လောဘကြီးလေသည်။ သူတို့သည် စွံပလွံသီးများကို သူတို့၏ ပါးစပ်အတွင်းသို့ တစ်ကိုက်ပြီး တစ်ကိုက် အဆက်မပြတ် အငမ်းမရ ပစ်သွင်းကြတော့သည်။ အိမ်၌ အမြဲလိုလို အရသာရှိသော အစားအစာတွေ ရှိသည်ဆိုသော်ငြားမှာ အများစုမှာ လီမိသားစု၏ အကျန်အကြွင်းများ ဖြစ်လေသည်။ မိန်းမငယ်လေးနှစ်ယောက်မှာ လွန်စွာ သေးညှက်လှသည်။ ရှောင်ရှန်းလေး စားသည့် အရသာရှိလှသောအစားအစာတို့ကို မြင်လေတိုင်း ယင်းမိန်းမငယ်လေး နှစ်ဦးမှာ တဲထဲတွင် အသံတိတ် ငိုကြွေးကြလေ့ရှိသည်။ ရွှီချောင်သည် အနှီ မိန်းမငယ်လေး နှစ်ဦးကို ချစ်မြတ်နိုးကာ အနာဂတ်တွင် ချမ်းသာနေမည့် ဘဝမျိုးကိုလည်း တွေးမိသေးသည်။ သူ(မ) အနေဖြင့် သည်ညီအစ်မ နှစ်ယောက်အား အထူးဂရုစိုက်ရမည် ဖြစ်သည်။

သေချာပေါက်ပင် ရှောင်ရှန်းမှာလည်း သူတို့၏ စားသောက်ပုံများကြောင့် စိတ်သောက ရောက်နေလေသည်။

လီမှာ အမျက်ခြောင်းခြောင်းထွက်လေတော့သည်။

"မင်းတို့၊ သေသင့်တဲ့ ကလေးမလေးတွေ... ငါ မင်းတို့ကို အငတ်ထားနေလို့လား။ အစာနင်သေပြီး အငတ်သရဲဖြစ်သွားမှ ကျော်မကောင်း ကြားမကောင်း ဖြစ်နေကြမယ်ဟဲ့"

လီသည် တကယ်ကို ပါးစပ် စည်းမစောင့်သော လူတစ်ယောက်ဖြစ်ကာ သူ(မ)၏ စကားလုံးတို့မှာလည်း လွန်စွာ ယုတ်ညံ့လှပေသည်။ သူ(မ)သည် သူ့အား သဘောမကျဟု ရွှီချောင် တွေးမိလေသည်။ သို့သော် သူ(မ)အနေဖြင့် သူ့ကို မဖျောင်းဖြရဲပေ။ မဟုတ်ပါက မိန်းမအိုကြီးသည် သူ(မ) တစ်ကြိမ်ဖျောင်းဖြမိလေတိုင်း လာရိုက်လိမ့်မည်။

"နင်က တကယ် ဆူညံတာပဲ။ သမီးကြီးတောင် လက်ထပ်တော့မယ်။ သူတို့ သုံးယောက်ကို ဆူမနေပါနဲ့တော့။ တခြားသူတွေ သူတို့ကို လှောင်ရယ်ကြအောင် မလုပ်နဲ့။"

လီ၏ အာယာဆန်းယားကို ဆူပူနေလေ‌သောအသံအား အပြင်ဘက်ရှိ ရွှီကျစ်ချန်မှာ ကြားနေရလေရာ သူသည် အတွင်းသို့ ဝင်ရောက်လာတော့သည်။

"ဒီစွံပလွံသီးတွေနဲ့ ပတ်သက်ပြီး မင်း စိတ်သောကရောက်မိတာမျိုး မရှိဘူးလား။ ဒီတိုင်း တစ်ဝက်ကိုပဲ သိမ်းထားရအောင်ပါ။ ကျန်တစ်ဝက်ကိုတော့ သမီးကြီး လက်ထပ်ပြီးသွားတဲ့အခါ လက်ဖွဲ့အဖြစ် ထည့်ပေးရအောင်"

ရှေးခေတ်အခါများတွင် စေ့စပ်လက်ဖွဲ့၊ မင်္ဂလာလက်ဖွဲ့ပစ္စည်းတို့နှင့် ပတ်သက်ပြီး တသီးတသန့်သတ်မှတ်ထားတာမျိုး မရှိပေ။ ယင်းပစ္စည်းသည် ဆိုးရွားနေတာမဟုတ်သရွေ့ စေ့စပ်လက်ဖွဲ့၊ မင်္ဂလာလက်ဖွဲ့အဖြစ် အသုံးပြုလို့ ရလေ၏။

အိမ်ထောင်ဦးစီးဖြစ်သူမှာ ဆုံးဖြတ်ပြီးသွားပြီ ဖြစ်လေရာ လီအနေဖြင့် စွံပလွံသီး တစ်ဝက်အတွက် နှမြောမိရုံမှတစ်ပါး အခြားသော အထွန့်တက်စကားတို့ကို ဆိုနိုင်သော သတ္တိ မရှိပါချေ။

နေ့ရက်တို့မှာ အကုန်မြန်လှသည်။ ရွှီချောင်၏ လက်ဖွဲ့ပစ္စည်းမှာလည်း အပြီးသတ်လုနီးပါးအခြေအနေသို့ ရောက်လာတော့သည်။ ယင်းမှာ လီအနေဖြင့် ထပ်ခါထပ်ခါပြောခဲ့သင့်သော အခြင်းအရာလည်း ဖြစ်သည်။

စောင့်မျှော်နေသူမှာ ရောက်ရှိလာပြီ ဖြစ်သည်။ မနက်အစောပိုင်းတွင် ရွှီချောင်မှာ လီ၏ ဆွဲခေါ်ခြင်းကို ခံရကာ မျက်နှာသစ်ခြင်း၊ နံ့သာတို့ ခြယ်သပြင်ဆင်ခြင်း၊ ဆံကေသာအား ဖြီးသင်ခြင်း၊ မင်္ဂလာဝတ်ရုံအား ဝတ်ဆင်ခြင်းနှင့် အဆုံးသတ်တွင် မိသားစုအား နှုတ်ဆက်ရခြင်းတို့ကို အဆင့်ဆင့်ပြုလုပ်ရလေတော့သည်။ ဤလုပ်ငန်းစဉ်ကြီးကို ရွှီချောင်မှာ တစ်ဖက်မိသားစုဆီသို့ ပေးအပ်ခြင်းမခံရခင်အထိ စောင့်ဆိုင်းကာ မမောနိုင်မပန်းနိုင် ပြုလုပ်ရလေသည်။ ဤကိစ္စရပ်ကြီးတစ်ခုလုံးမှာ သူ(မ) လုပ်နေကျဖြစ်သော လယ်ယာလုပ်ငန်းတို့ လုပ်ကိုင်သည်ထက်ပင် ပိုမို ပင်ပန်းလှသည် ဖြစ်ရာ မင်္ဂလာ အိပ်ခန်း‌ဆောင်သို့ ရောက်လေသောအခါ သူ(မ)မှာ ပင်ပန်းနွမ်းနွယ်နေပြီ ဖြစ်ကာ လုပ်ချင်ကိုင်ချင်စိတ်တို့ပင် မရှိတော့ချေ။

မင်္ဂလာအိပ်ခန်းဆောင်သို့ ရွှီချောင် ဝင်ရောက်ပြီး မရှေးမနှောင်းမှာပင် တံခါးဖွင့်သံကို ကြားလိုက်ရကာ တစ်ဆက်တည်းမှာပင် ညင်သာလှသော ခြေသံတစ်စုံအား ကြားလိုက်ရ၏။

ထို့နောက် ရွှီချောင်၏ ခေါင်းဆောင်းမှာ မတင်ခံလိုက်ရကာ ရိုးရှင်းလှသော အပြုံးတစ်ပွင့်သည် သူ(မ)၏ အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာတော့သည်။ ထိုသူမှာ သူ(မ) လက်ထပ်ခဲ့သော ယန်ဖူကွေ့ အမည်ရှိ အမျိုးသား ဖြစ်သည်။ သူ့ကို ယန်ချဲ့နျန် ဟုလည်း ခေါ်ဆိုကြသေး၏။

အနှီ ရိုးသားလှသော အပြုံးအား မြင်လိုက်ရသောအခါ ရွှီချောင်မှာ ချောင်းဆိုးသွားရကာ အနည်းငယ်လည်း သက်တောင့်သက်သာ မရှိ ဖြစ်လာရတော့သည်။ အတိတ်မှာရော ယခုဘဝမှာပါ ဤသည်မှာ သူ(မ)၏ ပထမဆုံးအကြိမ် ထိမ်းမြားလက်ထပ်ခြင်းဖြစ်လေရာ သူ(မ)အနေနှင့် စိုးရိမ်ကာ စိတ်လှုပ်ရှားမိသည်မှာ ပုံမှန်ပင် ဖြစ်၏။

"ဗိုက်ဆာနေပြီလား"

အက်ရှကာ အနည်းငယ်တိုးသော အသံဖြင့် ထိုအမျိုးသားသည် မေးလာလေ၏။ ယင်းအသံမှာ သူ၏ ရိုးသားလှသော ပုံပန်းသဏ္ဍာန်နှင့် လိုက်ဖက်မှုတော့ သိပ်မရှိပါချေ။

ရွှီချောင်သည် သူ၏ ခေါင်းကို မော့လိုက်ကာ တစ်ဖက်လူအား စိုက်ကြည့်လိုက်သောအခါ ယင်းအမျိုးသားမှာ မပြုံးနေလျှင်တောင် လှပနေဆဲဟူသော အချက်ကို ရှာတွေ့သွားတော့သည်။ သူ့၌ ကျယ်ပြန့်သော နဖူး၊ သန်မာသော မျက်နှာကျ၊ မျက်ခုံးထူထူ၊ မျက်ဝန်းကြီးကြီးနှင့် နှုတ်ခမ်းခပ်ပါးပါးတို့ ပိုင်ဆိုင်ထား၏။ ပြောရလျှင် အလွန် ယောက်ျားဆန်သော အမျိုးသားပါပင်။

ဤသည်မှာ သေချာပေါက် သူ မပြုံးနေသည့်အချိန်တွင်သာ ဖြစ်သည်။ မဟုတ်ပါက သူ၏ မျက်နှာမှာ အနည်းငယ် အူကြောင်ကြောင်နိုင်သော ပုံစံသို့ဖြစ်သွားတတ်၏...

သူ မေးကာမှ သူ(မ)မှာ တစ်မနက်လုံး ခေါက်ဆွဲတစ်ပန်းကန်သာ စားရသေးသည် ဖြစ်လေရာ မအီမသာဖြင့်သာ ခေါင်းညိတ်ပြလိုက်ရတော့သည်။

"အင်း၊ ဗိုက်ဆာလှပြီ"

အမျိုးသားမှာ ထပ်မံ ရယ်ပြန်တော့သည်။

"ဒါဆို ခဏစောင့်၊ မင်းစားဖို့ တစ်ခုခု ယူလာပေးမယ်"

အသံမှာ အလွန်ပင် ပျော်ရွှင်နေဟန်။ ထို့နောက် သူသည် အိပ်‌ဆောင်အသစ်မှ ထွက်ခွာသွားကာ သိပ်မကြာခင်မှာပင် အစားအသောက် တစ်ပန်းကန်နှင့်အတူ ပြန်ရောက်လာတော့သည်။

"အချိုပွဲက ချိုလွန်းအားကြီးတယ်။ မင်းလည်း တစ်နေကုန် ဘာမှ ကောင်းကောင်း မစားရသေးဘူးဆိုတော့ အချိုကျ မစားနိုင်မှာစိုးလို့ ပူပူလေးနဲ့ တန်းစားလို့ရမဲ့ဟာပဲ ယူလာလိုက်တော့တယ်"

ထမင်းတစ်ပန်းကန်၊ ထိုင်းခိုင်တစ်ခု၊ ဝက်သားဟင်းတစ်ခွက်၊ တရုတ်ဂေါ်ဖီထုပ်နှင့် အခြားသော အရွက်များ ပါဝင်၏။

စားစရာများကို ကြည့်ပြီးနောက် ရွှီချောင်မှာ တံတွေးမြိုချမိကာ သူ့ရှေ့ရှိ သန်မာထွားကြိုင်းလှသော အမျိုးသားကို ကြည့်မိတော့သည်။ တစ်ဖက်လူမှာ သူ(မ)အား ပြုံးပြကာ-

"စားလေ၊ မင်း တစ်နေကုန် ဆာနေတာမလား"

ရွှီချောင်မှာ‌ ခေါင်းညိတ်လိုက်ကာ ယင်းအမျိုးသားလက်ထဲရှိ ဝါးတူ တစ်စုံကို ယူပြီး ထမင်းလုတ် အနည်းငယ်ကို စားတော့သည်။

ရွှီချောင် စားသောက်ပြီးသွားသောအခါ ဟဲ့ရှီသေရည်အား နှစ်ယောက်အတူ သောက်ကြပြီးနောက် ထိမ်းမြားမင်္ဂလာပွဲအား တက်ရောက်ကြကုန်သော ဂုဏ်သရေရှိ ဧည့်သည်တော်များအား လိုက်လံပို့ဆောင်ပေးကြသည်။

ရွှီချောင်မှာ အခန်းထဲတွင် တစ်ယောက်တည်းနေကာ ဖယောင်းတိုင်ကိုသာ မှုန်တေတေစိုက်ကြည့်နေမိတော့သည်။ ငါ့ရင်ထဲမှာ ခံစားချက်တွေအများကြီးရှိနေတယ်။ ငါက နှစ်သုံးဆယ်လောက် အသက်ရှင်ခဲ့ပြီးတော့ ဇာတ်ပို့ဇာတ်ရံ တစ်ယောက်လို ဖြစ်နေခဲ့တဲ့အပြင် သေတဲ့အထိ ချစ်သူရည်းစားလေးတောင် တစ်ယောက်မှ မရှိခဲ့ဘူး။ ဒါပေမဲ့ သည်ဘဝမှာတော့ အသက် မပြည့်သေးခင်မှာတင် လက်ထပ်လိုက်ရပြီ။ သည်ကမ္ဘာကြီးက တကယ့်ကို....

ကောင်းတော့ ကောင်းသား။ အချိန်အတော်ကြာပြီးတဲ့နောက် ထပ်ပြီး လှည့်ပတ်ကြည့်မိပြန်တယ်။ ဒီအိမ်က မြေနဲ့‌ ဆောက်ထားတာပဲ။ သူတို့နေတဲ့ သက်ကယ်အမိုးနဲ့ ဆောက်ထားတဲ့ အိမ်ထက် ပိုခိုင်ခံမှာတော့ အမှန်ပဲ။ နံရံတွေကလည်း အခုမှ ဆောက်လုပ်ထားသည့် အသစ်စက်စက် အိမ်နံရံကဲ့သို့ပင်။ အိပ်ခန်းမှာ ကြီးလည်းမကြီး၊ သေးလည်း မသေး၊ အနေတော်ပင်ဖြစ်သည့်အပြင် အနောက်၌ ကြီးမားသော ကုတင် တစ်လုံးလည်း ပါရှိပြီး သူ(မ)သည် ယခု ထိုပေါ်တွင် ထိုင်နေခြင်းဖြစ်၏။ ကုတင်ထိပ်ပိုင်း၏ ဘေးတွင်မူ စတုရန်းသဏ္ဍာန် သစ်သားစားပွဲ တစ်လုံး ရှိပြီး ခွေးခြေထိုင်ခုံအချို့ကို စားပွဲအောက်တွင် ထားရှိထား၏။

လက်ယာတွင်မူ ဗီရိုအိုကြီးတစ်လုံးနှင့် သူ၏ဘေးကပ်လျက်တွင် သေတ္တာအချို့ ပြန့်ကျဲနေသည်။ သူ(မ)၏ မင်္ဂလာခန်းဝင်ပစ္စည်းများမှာ ထောင့်စွန်းတွင်ရှိလျက် ပရိဘောဂတို့သည်လည်း စနစ်တကျ နေရာမချရသေးပေ။

ဤ အိပ်ယာ အပြင်အဆင်အား ကြည့်လေလေ၊ ရွှီချောင်မှာ ယခု အဖြစ်အပျက်များ အားလုံးသည် အစစ်အမှန်မဟုတ်ဟု ခံစားရလာလေလေဖြစ်နေ၏။ ယခုဆိုလျှင် ဤသည်မှာ တကယ့်ဘဝအစစ်လော၊ သို့တည်းမဟုတ် သူ(မ)၏ အတိတ်ဘဝပေလော မသဲကွဲတော့ပါချေ။ အလွန်ပင် လေးလံထိုင်းမှိုင်းကာ အစစ်အမှန်ဟုပင် ယုံရခက်လှသောစိတ်သည် အမြဲတမ်းပင် ဖြစ်ပေါ်လျက်။

ယင်းအဖြစ်အပျက်တို့နှင့် ပတ်သက်၍ သူ(မ)သည် အချိန် အတော်ကြာအောင်ပင် တွေးတောနေခဲ့လေသည်။ တစ်နာရီခန့်ကြာသော် အပြင်ဘက်၌ ဆူညံသံအချို့ကို သူ(မ) ကြားလိုက်ရလေသည်။ သူ(မ)သည် တည့်တည့်မတ်မတ်ပင် ထိုင်လိုက်ကာ မင်္ဂလာအိပ်ဆောင်သို့ ဝင်ရတော့မည်အား သိလိုက်လေတော့သည်။

သေချာပေါက်ပင် အချိန်အနည်းငယ် အကြာတွင် လူအများအပြားသည် အတွင်းသို့ ဝင်ရောက်လာကြတော့၏။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Tempat cerita menjadi hidup. Temukan sekarang