အပိုင်း (၆၀)
ယန်တစ်မိသားစုလုံးမှာ ဖူကွေ့ဦးလေးများနှင့် အဖွားအိုတစ်ယောက် အတူရောက်လာသည့်အကြောင်းကို သိထားနှင့်ပြီးသားပင်။ ယခုတွင် အမေချန်အား တစ်စုံတစ်ယောက်က အချုပ်ထဲသို့ ခေါ်သွားချင်နေသည့်အကြောင်းကို သိရလျှင် မည်သူကမျှ အသနားလာမခံပေးကြချေ။ တကယ်တွင် ယန်မိသားစုရှိ လူတိုင်း သိကြသည်မှာ ထိုချမ်းသာသောအဖွားကြီးက အမေချန်အား ခြောက်ရုံမျှသာဖြစ်ပြီး အများဆုံးမှ ရက်အနည်းငယ်လောက်မျှဖြင့် ပြန်လွှတ်ပေးလိမ့်မည်ကိုပင်။
ထို့ကြောင့် ယန်မိသားစုက သူတို့စိတ်ကြိုက်ပေးလုပ်ထားသော်လည်း သူတို့မိသားစုထဲမှ မည်သူကမျှ အဖွားအိုအား လာမတွေ့ရဲကြချေ။ မည်သို့ဆိုစေ အဖွားအိုကလည်း သူတို့အား လာတွေ့ရန် မပြောထားပေသိ မဟုတ်ပါလား။
အဖေယန်မှာလည်း အဖွားအို သူ့ကို အသိအမှတ်မပြုသည်ကို သိပြီး လာမတွေ့သည့်ကိစ္စနှင့်ပတ်သက်၍ မကြည်မလင်ဖြစ်နေရသည်။ သို့သော် သူ ဒါကို မအံ့ဩမိချေ။ မည်သို့ဆိုစေ အဖွားအို၏တစ်ဦးတည်းသော သမီးလေးက သူ့အား လက်ထပ်ခဲ့ပြီး သူကိုယ်၌က သူ(မ)အား ကောင်းကောင်း ဂရုမစိုက်မိခဲ့ချေ။ ထို့အပြင် သူကား သာမန် တောသားတစ်ယောက်ဖြစ်၍ အဖွားအို သူ့အား သဘောမကျသည်မှာ ပုံမှန်ပင်။
အဖွားအိုမှာ လူတိုင်း အဖမ်းခံရသည်ကို မြင်လျှင် သူ(မ)က ရွှီချောင်ကို မြို့ပေါ်က ဆရာဝန်တစ်ယောက် ဆေးစစ်ထားပေးပြီး မိန်းကလေးက ကျန်းမာရေးကောင်းသူဖြစ်ကြောင်း စသည့် စကားတချို့ကို ဆက်လက်ဖြန့်ခိုင်းထား၏။ အကယ်၍ တစ်စုံတစ်ယောက်က မကောင်းကြောင်း ထပ်ပြောလျှင် သူ(မ)အား ရက်စက်သည့်အတွက် အပြစ်မဆိုကြရန်ပင်။
မျှော်လင့်ထားသည့်အတိုင်း ရွာသားများမှာ ထိုအကြောင်းအား ဆက်မပြောကြတော့ပဲ အတင်းအဖျင်းများမှာ ရပ်တန့်သွားသည်။ သူတို့ ရွာမှ ထွက်သည့်အချိန်တိုင်း ရွာသားများမှာ အိမ်ထဲရှိ အဖွားအိုအား တစ်နည်းနည်းဖြင့် စော်ကားမိမည်စိုး၍ ဖူကွေ့၏အိမ်အား ကွေ့ပတ်ရှောင်သွားကြသည်။ ထို့အပြင် ရွာသားများမှာ အနှီအတင်းအဖျင်းအား စတင်ဖြန့်ခဲ့သည့်သူက အမေချန်မှန်း သိသွားကြပြီး သူ(မ)အား အထင်သေးကာ ချန်မိသားစု၏ မကောင်းကြောင်းကို စတင်ပြောကြတော့သည်။ အကြောင်းမှာတော့ တစ်ခြားမဟုတ်၊ ဖူကွေ့က သူ(မ)သားအရင်းမဟုတ်သဖြင့်လည်း သူ့အား ဤသို့ ဂဏန်းတွက် တွက်၍ ဆက်ဆံခြင်းဖြစ်သည်ဟုပင်။
![](https://img.wattpad.com/cover/362251611-288-k176976.jpg)