Chapter 43

3K 254 1
                                    

အခန်း ( ၄၃ )

မြောင်မြောင်က နာနာခံခံနှင့် အပြင်ထွက်ခဲ့သည်။ ရွှီချောင်က အပူပေးထားသည့် ဆီများကို ပုလင်းထဲသို့ လောင်းထည့်ပြီးလျှင် မုန်းညင်းရွက်တို့ကို ဆေးကြော၍ ကြော်ရင်း အလုပ်များနေခဲ့သည်။ ဝက်ဆီဖတ်တို့ကို ကြော်လိုက်သည်။ ပြီးလျှင် ခေါက်ဆွဲမျှင် ပါးပါးတို့ကို ဖြန့်၍ ညနေခင်းတွင် စားရန် အသင့်ပြင်ခဲ့သည်။

အိမ်တွင် အစိမ်းရောင် အရွက်တို့ ကျန်နေသေးသည်။ ရွှီချောင်က နူးညံ့သည့် အပိုင်းတို့ကို ရွေး၍ ချွေထည့်ခဲ့သည်။ ကြက်ဥ အနည်းငယ် ကြော်လိုက်သည်။ ထို့နောက် ဝက်ဆီဖတ်နှင့် မုန်ညင်းချဉ် စသည့် အရန်ဟင်းတို့ကို ပြင်ပြီးလျှင် ပန်ကိတ်ထဲသို့ ထည့်၍ လိပ်လိုက်သည်။ မြောင်မြောင် ဗိုက်ဆာနေမည် စိုး၍ သူမလေးအတွက် အရင်ဆုံး လိပ်ပေးလိုက်သည်။ မြောင်မြောင်က အရသာ ရှိသည်ဆိုကာ အစားအစာကို ကျေနပ်နေခဲ့သည်။

နောက်ဆုံးအနေနှင့် သူမဝယ်လာသည့် ဝက်ဗိုက်သား တစ်ဝက်ကို နှပ်ခဲ့သည်။ ကျန်တစ်ဝက်ကို ဆားနယ်ခဲ့သည်။

ယိုရှီ ( ညနေ ၅ - ၇ကြား) အချိန်တွင် ဖူကွေ့က ယုန်တစ်ကောင် ထမ်း၍ ဟေးကျီနှင့် အတူ ပြန်ရောက်လာခဲ့သည်။

"ဖူကွေ့ ပြန်လာပြီလား၊ မြန်မြန် လာစားလှည့်"

ဖူကွေ့က ပခုံးပေါ်မှ ယုန်ကို ခြံဝင်းထဲသို့ ပစ်ချလိုက်ပြီး ရွှီချောင်ကို ပြုံးပြကာ ပြောသည်။ "လာပါပြီ ဇနီးလေးရေ"

ရွှီချောင်က ခြံထဲမှ အသက်ရှင်နေသေးသည့် ယုန်ကို ကြည့်ကာ အံ့ဩသွားတော့သည်။ "ဘာလို့ ယုန်က အသက် ရှင်နေသေးတာလဲ" ကြည့်ရသည်မှာ ခြေထောက်တွင်သာ ဒဏ်ရာ အနည်းငယ် ရခဲ့၍ ဖြစ်မည်။

ဖူကွေ့က လက်ဆေး၍ နဖူးပေါ်မှ ချွေးတို့ကို အဝတ် သဘက်နှင့် သုတ်ကာ "ရာသီဥတုက ပူလာပြီ၊ ယုန် အသက်ရှင်နေသေးရင် ကောင်းမယ်၊ နက်ဖြန်ကျ ဒီယုန်ကို မြို့ကို ယူသွားပြီး ရောင်းမယ်၊ ပြီးရင် ကိုယ် ဆက်ပြီး အမဲလိုက်မယ်"

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now