Chapter 10

2.5K 272 1
                                    

အခန်း ( ၁၀ )
 
 
ရွှီချောင်က နျိုကို တွေ့လျှင် ပြုံး၍ ပြောသည်။
 
“ဒါက အစ်မ လုပ်ထားတဲ့ ယိုလေ၊ အမ ပန်းကန် နှစ်လုံးစာ သီးသန့် ချန်ထားတယ်၊ အမေတို့ ပြန်လာရင် မြည်းလို့ရအောင်၊ တတိယ ယောက်မ မင်းခြေထောက်က လဲကျထားလို့ နာနေတယ်လေ၊ ဒါကြောင့် အပြင်ထွက်ပြီး ထိုင်နေပါ့လား၊ လာပါ၊ အမေတို့ ပြန်လာရင် မင်းလည်း စားပေါ့၊ ဒါမှမဟုတ် မင်းအတွက် တစ်ခုခု ချက်ပေးရမလား”
 
သူမက နျိကို တစ်ယောက်တည်း လွှတ်မထားရန် အစီအစဉ် မရှိပါ။ မဟုတ်ပါက ပန်းကန် နှစ်လုံးစာ ပမာဏသည်ပင် သူမအတွက် လုံလောက်မည် မဟုတ်။ သည် ယိုသည် မူလကတည်းက မြည်းစမ်းကြည့်ရန်၊ ရေထဲ ခပ်သောက်ရန်၊ အချိုပွဲ လုပ်လျှင် အနည်းငယ် ထည့်သုံးရန်နှင့် အရသာ ပျက်နေသည့်အခါ တစ်ဇွန်း နှစ်ဇွန်းစာ လောက် စားရန် စသည်ဖြင့်သာ ရည်ရွယ်သည်။
 
ရွှီချောင် ပြောသည်ကို ကြားလျှင် နျိုက သူမကို မောင်းထုတ်နေသည်ကို ဘယ်လိုလုပ် နားမလည်ပဲ နေမည်လဲ။ သူမ ဘေးရှိ အစ်ကိုကြီးကို တွေးမိပြီး ရွှီချောင်ကို အပြစ်မပြုရဲ၍ ထော့နဲ့နဲ့နှင့် စိတ်ဆိုးကာ ထွက်သွားတော့သည်။
 
ဖူကွေ့က မြင်လျှင် ပျော်ရွှင်စွာ ပြုံး၍ “ဇနီးလေး၊ သူ့ကို ဂရုစိုက်မနေနဲ့၊ သူက တစ်နေကုန် စိတ်လှုပ်ရှားနေပြီး ပျင်းရိနေတာ”
 
ယန်မိသားစုဝင် တော်တော်များများက ဖူကွေ့ကို အနည်းငယ် ကြောက်ကြသည်။ အဘယ်ကြောင့် ဆိုရသော် သူ၏ တဲ့တိုးဆန်သည့် သဘောထားကြောင့် ဖြစ်သည်။ သူသည် အမဲလိုက်ရာတွင် တော်၍ အိမ်စရိတ် အားလုံးနီးပါးကိုလည်း သူကသာ ကုန်ကျခံပေးထားသည်။
ရွှီချောင်က ပြုံး၍ “သူက ကျွန်မကို လာနှုတ်ဆက်ရုံပါပဲ၊ ကျွန်မကို ရန်မစပါဘူး၊ ဒါကြောင့် ကျွန်မ သူ့ကို အာရုံထားနေစရာ မလိုပါဘူး” သူမက ပြောရင်း ကြွေအိုးကို ပိတ်နေသည်။ “ပြောင်းဖူးခူးတာက ပြီးသလောက်ရှိပြီ ဆိုတော့ ကျွန်မ မြို့ထဲကို ပစ္စည်းတွေ ရောင်းဖို့ လွယ်မလွယ် တစ်ချက် သွားကြည့်ဦးမယ်၊ ကျွန်မတို့ မစားပဲ ချန်ထားတာ ပိုကောင်းမယ်”
မိသားစုဝင်တို့ အိမ်ပြန်ရောက်လျှင် ရွှီချောင်သည် စားစရာတို့ကို အပြင်ဘက်ရှိ စားပွဲပေါ်သို့ မြန်မြန် ချပေးခဲ့သည်။ ဒါသည် ပထမဆုံးအကြိမ် ပျားသလက်နှင့် ယုန်သားချက်ကို စားဖူးကြခြင်း ဖြစ်သည်။ ၎င်းက ချို၍ အရသာ ရှိသည်။ ၈ ကတ်တီ သို့ ၉ ကတ်တီ ယုန်သားကို ယန်မိသားစုက ပြောင်စင်အောင် စားခဲ့ကြသည်။
 
အဖေ ယန်က အလွန် သက်တောင့်သက်သာ ရှိစွာ စားခဲ့ပြီးနောက် သက်ပြင်းချရင်း ပြောလေသည်။ “ချွေးမကြီးရဲ့ လက်ရာ ကောင်းချက်ကတော့ မြို့ထဲက စားတော်ကဲတွေ ထက်တောင် သာသေးတယ်”
 
ရှန်သည်လည်း လိုက်ပြောလေသည်။ “ဒါ ပထမဆုံး အကြိမ် သည်လို ဆန်းပြားတဲ့ အစားအသောက်ကို စားဖူးတာပဲ၊ ယုန်သားနနဲ့ ပျားသလက်ချက်၊ ဒါက နည်းနည်း ချိုပေမဲ့လည်း ယုန်သားရဲ့ အငန်အရသာကို မသက်ရောက်စေဘူး၊ အရသာက အရမ်း လတ်ဆတ်တယ်၊ တကယ် အရသာရှိတယ်” အားလုံးက ထောက်ခံကြသည်။
 
ချန်က ဘာမှ မပြောပေမဲ့လည်း သူမက ပြုံးနေသည်။ သိသိသာသာကို သူမက စားစရာနှင့် ပတ်သက်၍ အလွန် စိတ်ကျေနပ်နေပုံ ပေါ်သည်။
 
ယနေ့တွင် ပြောင်းခင်း တစ်ခင်းလုံးကို ခူးပြီးပြီဖြစ်၍ မိသားစုဝင်တို့ အချိန် ခဏမျှ အနားယူနိုင်ကြပြီ ဖြစ်သည်။ အားလုံးသည် ခြံဝင်းထဲတွင် စိတ်အေးလက်အေးနှင့် ထိုင်၍ စကားပြောနေကြသည်။ ရွှီချောင်က မီးခိုခန်းဆီ အမြန်ဝင်၍ စပျစ်ယို ဖျော်ရည်ကို ယူလာပြီး အဖေ ယန်နှင့် အမျိုးသမီးချန်ကို ပေးလိုက်သည်။ “အဖေ၊ ဒါက ကျွန်မ တစ်နေ့က လုပ်ထားတဲ့ ယိုပါ၊ ရေထဲ ထည့်ဖျော်ထားတာ၊ အရသာ ဘယ်လိုနေလဲ မြည်းကြည့်ပါဦးရှင့်၊ အဆင်ပြေရဲ့လား”
 
ချန်က အကြီးဆုံးသားနှင့် သူ၏ ဇနီးကို သဘောမကျသော်လည်း သည် တစ်ကြိမ်တော့ မကောင်းပြောရန် မလွယ်ပေ။ ရွှီချောင် လက်ထဲမှ ပန်းကန်လုံးကို ယူ၍ တစ်လုတ်သောက်လိုက်လျှင် အရသာမှ တကယ်ပင် ကောင်းကြောင်း တွေ့လိုက်ရသည်။ ချိုချို ချဉ်ချဉ်နှင့် ခံတွင်းလိုက်သည်။ သူမက ပြုံး၍ ပြောလိုက်သည်။ “အရသာက မဆိုးပါဘူး၊ ချွေးမကြီးကတော့ ကြိုးကြိုးစားစား လုပ်ခဲ့ရမှာပဲ”
 
ရွှီချောင်က ပြုံး၍ “အဲ့ဒါက မခက်ပါဘူး အမေ၊ အမ သောက်ရတာ ကြိုက်ရင် ကျွန်မ တစ်ဘူးစာ ပေးပါ့မယ်၊ ကျွန်မတို့ မိသားစု အတွက် သိမ်းထားတာပေါ့၊ ကျန်တာကိုတော့ နက်ဖြန် မြို့ထဲယူသွားပြီး ရောင်းလိုက်မယ်”
 
ချန်က လက်ရမ်း၍ “ငါတို့ ဒီလောက် ဈေးကြီးပြီး တန်ဖိုးရှိတာကို မသောက်နိုင်ပါဘူးအေ၊ မြို့ထဲယူသွားပြီးသာ ရောင်းစမ်းပါ”
 
အဖေယန်က သောက်ပြီး၍ ပန်းကန်လုံးကို ရွှီချောင်ထံ ပြန်ပေးပြီး ပြောလေသည်။ “မင်း အမေပြောတာကို နားထောင်လိုက်ပါ၊ ဒီပစ္စည်းကို စမ်းကြည့်ရုံပါ၊ ငါတို့ မတတ်နိုင်ပါဘူး၊ မြို့ထဲ ယူသွားပြီး ရောင်းလိုက်ပါ”
 
ရွှီချောင်က အပြုံးလေးနှင့် ပြောလေသည်။ “ကောင်းပါပြီ၊ အဖေနဲ့ အမေ ပြောတာကို နားထောင်ပါ့မယ်၊ ကျွန်မ အကုန်လုံးကို ယူသွားပြီး ရောင်းလိုက်ပါ့မယ်”
 
ထို့နောက် သူမသည် မီးခိုခန်းထဲမှ ယိုများအားလုံးကို ထုတ်၍ ပန်းကန်လုံး တစ်လုံးစီ မြည်းစမ်းစေခဲ့ပြီး အားလုံးသည်လည်း အဆင်ပြေသည်ဟု ပြောခဲ့ကြသည်။ နျိုက သောက်ပြီးချိန်တွင် စိတ်ဝင်စားနေပုံ ပေါ်သည်။ သူမက ရွှီချောင်ကို စကားပြောချင်နေသော်လည်း ခံစားချက်ပိုင်းဆိုင်ရာက ခွင့်မပြုပေ။ ထို့ကြောင့် သူမက ရွှီချောင်ကို အခြောက်တိုက်သာ ကြည့်နေခဲ့သည်။
 
ရွှီချောင်က သူမကို မမြင်ဟန်ဆောင်၍ ပန်းကန်တို့ကို ဆေးရန် မီးဖိုခန်းသို့ ပြန်ယူသွားခဲ့သည်။
 
သူမ ပြန်ထွက်လာလျှင် အကြီးပိုင်းတို့က အိပ်ရန် ပြန်သွားခဲ့ကြပြီ ဖြစ်ပြီး ခြံထဲတွင် ဖူကွေ့နှင့် မြောင်မြောင်သာ သူမကို စောင့်ရင်း ထိုင်နေကြသည်။ ဖူကွေ့က သူမကို မြင်လျှင် “ဇနီးလေး၊ အလုပ် ကြိုးစားခဲ့ရပြီ၊ ကိုယ် ရေနွေးတည်လိုက်မယ်၊ မင်း ခဏနေ ရေနွေးလေးနဲ့ ရေချိုးပေါ့”
 
ရွှီချောင်က မြောင်မြောင်ကို ချီရင်း မအားမလပ် ဖြစ်နေ၍ သူ့ကို မီးဖိုခန်းထဲ ဝင်စေခဲ့သည်။
 
မြောင်မြောင်က ရွှီချောင်၏ လည်ပင်းတစ်ဝိုက်ကို သူမ လက်လေးများနှင့် ဖက်၍ ရွှီချောင့် လက်မောင်းကို ခေါင်းလေးနှင့် တိုးနေခဲ့သည်။ သူမ၏ ပါးစပ် သေးသေးလေးကို ဟ၍ သန်းဝေနေခဲ့ပြီး အိပ်ပျော်သွားသည်။
 
ရွှီချောင်က ကလေးလေးကို သနားနေပြီး ကျောပြင်ကို ပုတ်ပေးရင်း “လိမ္မာတဲ့ မြောင်မြောင်လေးရေ၊ အိပ်ရာထဲကို အရင် သွားကြစို့၊ ပြီးရင် ဆေးကြောပေးမယ်နော်”
 
မကြာခင်တွင် ဖူကွေ့က ရေနွေးတည်ပြီး၍ ဇလုံထဲသို့ထည့်ကာ ရေအေးနှင့် ရောလိုက်သည်။ ရေအပူချိန်ကို စမ်းကြည့်ပြီးနောက် အခန်းထဲသို့ ယူလာကာ ပြောလိုက်သည်။ “ဇနီးလေး၊ လာပြီး ဆေးကြောလို့ ရပြီနော်” ရွှီချောင်က မြောင်မြောင့်ကို အရင် ရေပတ်တိုက် ပေးလိုက်ပြီး ခန် ခေါင်းရင်းသို့ ပြန်ခေါ်သွားခဲ့သည်။ ပြီးနောက်တွင်မှ သူမကိုယ်သူမ ဆေးကြောသန့်စင် လိုက်သည်။
 
ဖူကွေ့ ဆေးကြော နေစဉ်တွင် ရွှီချောင်သည် မြောင်မြောင့်ကို ဖက်၍ အိပ်ပျော်နေနှင့်ပြီ ဖြစ်သည်။
 
အမှောင်ထဲတွင် ဖူကွေ့သည် သူ့ ဇနီးလေး၏ နူးညံ့သည့် မျက်နှာလေးကို ကြည့်ရင်း သူ၏ အာဒံပန်းသီးမှာ အထက်အောက် လှုပ်ရှားသွားလေသည်။ သူမစားနိုင်သော်လည်း သည်းမခံနိုင်ပေ။
 
မဟုတ်ဘူး။ ဘယ်လိုမဆို ဒါသည် သူလက်ထပ် ယူထားသည့် ဇနီး ဖြစ်သည်ပင်။ ဆိုလျှင် သူ နောက်တစ်ခဏ၌ တို့ဟူး စားလျှင်လည်း အဆင်ပြေသည်။ ဒါကြောင့် သူမကို ဖက်ရမည်။ သူက အတွေးထဲ ရှိသည်တို့ကို လုပ်လိုက်သည်။ ပထမတွင် သူက ဇနီးလေး လက်မောင်းထဲရှိ အရုပ်ကလေးကို ညင်ညင်သာသာ ဖက်၍ ခန်ပေါ်သို့ ရွှေ့လိုက်သည်။ ထို့နောက် သူ၏ လက်များကို သူ့ဇနီးလေး ကိုယ်တစ်ဝိုက်တွင် ထား၍ သက်တောင့်သက်သာ ဖြစ်စွာ သက်ပြင်းချလိုက်သည်။ ဒါက နူးညံ့နေသည်ပင်။ ဖက်ထားရသည်မှာ သက်တောင့်သက်သာ ရှိသည်။
 
ရွှီချောင်သည် တစ်နေကုန် အလုပ်များခဲ့၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူမသည် အိပ်နေရင်း လှုပ်ရှားမှု အချို့ကို ခံစားမိသော်ငြား ဂရုမစိုက်ခဲ့ပေ။ နောက်တစ်နေ့ သူမနိုးလာလျှင် ကြက်သေသေသွားမိသည်။
သူ..သူမ ဘယ်တုန်းက ထိုလူ့ လက်မောင်းထဲ ဝင်ခဲ့မိသည်လဲ။ ဖူကွေ့ လက်မောင်းထဲရှိ ဇနီးလေးသည် မျက်တောင် ပုတ်ခတ်၍ စဉ်းစားနေလျှင် ဖူကွေ့က ရယ်လိုက်သည်။
 
ရွှီချောင်သည် စိတ်လွှင့်နေခဲ့ပြီး မျက်နှာနီလာကာ စကားထစ် နေတော့သည်။ “ကျွန်..ကျွန်မ၊ နည်းနည်း အိပ်ရေး ကြမ်းမိတယ် ထင်တယ်”
 
သူမသည် အာ့ယာ၊ စန်းယာတို့နှင့် အတူတူ အိပ်လျှင်လည်း အိပ်ရေးကြမ်းသည်။ ခန်ပေါ်တွင် အိပ်ခဲ့သော်လည်း မနက်နိုးလျှင် ခန်ဘေးတွင် ဖြစ်နေတတ်သည်။ သူမက ဒီတစ်ကြိမ်လည်း ထိုသို့ ဖြစ်မည်ဟုသာ မှတ်ယူခဲ့သည်။
ဖူကွေ့က ရယ်၍ “ကိစ္စမရှိပါဘူး”
 
ရွှီချောင်က အိပ်ရာမှ အမြန်ထကာ ကလေးမလေးကို ရှာခဲ့သည်။ သူမသည် မြောင်မြောင်ကို ကျော်၍ ဘယ်လိုလုပ် နှစ်ယောက်ကြားတွင် ရောက်နေရသည်လဲ။ မြောင်မြောင်က ပုံစံမပျက် အိပ်နေသည်။ သူမသည် မြောင်မြောင်ကို ကျော်၍ ဒီနေရာတွင် ရောက်နေစရာ အကြောင်းမရှိပေ။
 
ဖူကွေ့၏ ဖုံးကွယ်မရသော အပြုံးကို မြင်လျှင် ရွှီချောင်သည် တစ်ခုခုကို ခန့်မှန်းမိပြီး ထိုသူ့ကို မျက်နှာနီနီနှင့် ကြည့်နေခဲ့သည်။
 
မနက်စာ စားပြီးနောက် ဖူကွေ့သည် သူ၏လေးကို သယ်၍ ဟေးကျီနှင့် အတူ ထွက်သွားသည်။ ရေှာင်ပိုင်က ခြံတံခါးဝတွင် ရပ်၍ ဖူကွေ့နှင့် ဟေးကျီတို့ကို ကြည့်နေခဲ့သည်။ ၎င်းကို ကြည့်ရသည်မှာ စိတ်ဓာတ်ကျ နေပုံရသည်။ သူ၏ သခင် ထွက်လာသည်ကို မြင်လျှင် သူမကို နှစ်ကြိမ်ခန့် ဟောင်သံပြုပြီး နေရာတွင် အားလျော့စွာ ပြန်ထိုင်ချလိုက်သည်။
 
ယနေ့တွင် ရွှီချောင်သည် စပျစ်ယို ရောင်းရန် မြို့သို့ သွားမည်ဖြစ်သည်။ သူမက မြောင်မြောင့်ကို ကြည့်ထားပေးရန် ချန်ကို ပြောခဲ့သည်။ ထို့နောက် ရွှီချောင်သည် ကြွေထည် ယိုအိုး ၂လုံးကို ဝါးခြင်းတောင်းထဲ ထည့်၍ ထွက်လာခဲ့သည်။
 
ရွှီချောင် ရောက်သွားချိန်တွင် ဈေးသိမ်းချိန် ရောက်ပြီ ဖြစ်သည်။ မြို့သည် အမျိုးအစား စုံလင်သည့် ဈေးဆိုင်တန်း တို့နှင့် အလွန် စည်ကားလှသည်။ လမ်းတစ်လျှောက် လှည့်လည် ရောင်းချနေသည့် ဈေးသည်လေးများ လည်းရှိသည်။ ရွှီချောင်သည် အတိတ်တွင် မိခင်နှင့် အတူ မြို့ထဲသို့ တခါတရံ လာလေ့ရှိသည်။
 
ရွှီချောင်သည် စပျစ်ယိုကို တစ်အိုးလျှင် ငွေ ၃ တုံး အဖြစ် ဈေးသတ်မှတ်ခဲ့သည်။ သို့သော် သာမန်လူတို့ မတတ်နိုင်ပေ။ ထို့ကြောင့် သူမသည် မြို့ထဲရှိ မိသားစုကြီးများ ထံသို့ တိုက်ရိုက် သွားခဲ့သည်။
 
မြို့ထဲတွင် ကြီးကြီးမားမား မိသားစု ဟူ၍ အနည်းငယ်သာ ရှိသည်။ သူမသည်လည်း အရှေ့တံခါးတွင် ရပ်၍ အော်ရလောက်အောင် တုံးအမနေခဲ့။ သူမက အပြာရောင် အုတ်အိမ်ကြီး၏ နောက်ဖေးခြံထဲသို့ တိုက်ရိုက်သွားခဲ့သည်။ လူ အတော်များများသည် နောက်ဖေးဘက်မှ စားစရာ ဝယ်ကြသည်ကို သူမသိသည်။
 
သူမ အနောက်ဖေး ခြံထဲသို့ ရောက်ရောက်ချင်း အိမ်ထိန်း အမျိုးသမီးတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။ မိန်းမကြီးသည် အသက်လေးဆယ် အရွယ်ခန့် ရှိမည်။ ရွှီချောင်က အမြန် လျှောက်သွား၍ ပြုံးကာ ပြောလိုက်သည်။ “ဒီက ဂုဏ်သရေရှိ အစ်မကြီး ရှင့်၊ အပြင် သွားမလို့လားလို့ အတင့်ရဲပြီး မေးပါရစေ”
 
အမျိုးသမီးကြီးက ငေးကြောင်နေခဲ့ပြီး ရွှီချောင်ကို တစ်ချက်ကြည့်ကာ “မင်းက ဘယ်သူလဲ”
 
ရွှီချောင်က မြန်မြန် ပြုံးပြ၍ “သာမန် ရွာသူ တစ်ယောက်ပါပဲရှင့်၊ အစ်မကြီး မျက်လုံးတွေကို မလိမ်နိုင်ပါဘူးရှင့်၊ ကျွန်မ ကိစ္စ တစ်ခုရှိလို့ လာရတာပါရှင့်၊ အမကြီးကို ပြချင်တာ ရှိပါတယ်”
 
အမျိုးသမီးကြီးက ပြုံး၍ “ဘာများလဲ”
 
“အဲ့ဒါက စားစရာပါ၊ ဒီ ဆင်းရဲသား ကိုယ်တိုင် လုပ်ထားတာပါ ရှင့်၊ မြည်းစမ်းကြည့် ချင်သလား ရှင်” ရွှီချောင်က အမျိုးသမီးကြီး ပြန်ပြောသည်ကို မစောင့်ပဲ ပြောလိုက်သည်။ သူမသည် ခြင်းတောင်းထဲမှ ယိုအိုးကို ထုတ်၍ အဖုံးကို ဖွင့်လိုက်လျှင် ချက်ချင်းပင် အနံ့မွှေးမွှေးတို့ ထွက်လာခဲ့သည်။
 
အမျိုးသမီးကြီးက အံ့ဩသွား၍ ပြောလာသည်။ “ဒါက အရမ်းချိုတာပဲ၊ ဒါကို ပြချင်တာဆိုရင် နည်းနည်းလောက် မြည်းကြည့်မယ်”
 
ရွှီချောင်က ဇွန်းသေးသေး တစ်ဇွန်းစာ ခပ်၍ အမျိုးသမီးကြီးကို ပေးလိုက်သည်။ အမျိုးသမီးကြီးက တစ်လုတ် စားကြည့်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လေသည်။ သူမက ပြုံး၍ ပြောသည်။ “အရသာက တကယ် ကောင်းတာပဲ၊ ချိုပြီး ချဉ်တယ်၊ ကောင်းပြီ၊ ကျွန်မတို့ သခင်မလေးက ဒီရက်တွေမှာ အရသာ ပျက်နေတာ၊ ကျွန်မ သူ့ကို နည်းနည်းလောက် မြည်းခိုင်းမယ်၊ တကယ်လို့ သူက ကြိုက်တယ်ဆိုရင် မင်း ထားခဲ့လို့ရတယ်”
 
“အစ်မကြီး ဒါကို လက်ဖက်ရည်နဲ့ ဒါမှ မဟုတ် ရေနွေးနဲ့ သောက်လို့ရတယ်၊ မုန့် လုပ်ရင်လည်း ထည့်လို့ရတယ်၊ ဒီတိုင်း စားလည်းရတယ်” ရွှီချောင်က ပြောပြီး ပန်းကန်လုံးသေး တစ်လုံးစာ ခပ်ထည့်၍ အမျိုးသမီးကြီးကို ပေးလိုက်သည်။
 
အမျိုးသမီးကြီးက ခေါင်းညိတ်၍ “ဒါဖြင့် ငါ အိမ်ထဲဝင်ပြီး သခင်မလေးကို မြည်းခိုင်းကြည့်မယ်၊ မင်း ဒီက စောင့်နေလို့ရတယ်”
 
သိပ်မကြာလိုက်။ အမျိုးသမီးကြီး ပြန်ထွက်လာခဲ့သည်။ သူမမျက်နှာတွင် အပြုံးတို့နှင့် “သခင်မလေးက အရမ်းကြိုက်တယ်၊ မင်း အထဲကို ဝင်ပြီး တစ်ခုခု တောင်းဆိုလို့ရတယ်”
 
အမျိုးသမီးကြီး နောက်မှ လိုက်သွားလျှင် မာ့ကျား အမျိုးသမီးကို တွေ့လိုက်ရသည်။ မာ့ကျား အမျိုးသမီးသည် အလှလေး ဖြစ်ကာ အသက် ၁၅ နှစ် ဝန်းကျင်ရှိမည်။ သူမသည် လက်ကောက်ဝတ် နားတွင် ငွေချည် ထိုးထားသည့် အစိမ်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်သည့် အမျိုးသမီးတို့၏ ဟန်ပန်တို့ ရှိသည်။
 
အမျိုးသမီးငယ်က ရွှီချောင့်ကို တစ်ချက်ကြည့်၍ “အမေ ယွီ၊ ဒီလူလား”
 
ရွှီချောင်ကို ခေါ်လာသည့် အမျိုးသမီးက အမြန်ဖြေလေသည်။ “သခင်မလေး ဟွေ့၊ ဒီမိန်းကလေးပါ”
 
မာ့ကျား အမျိုးသမီးက ခေါင်းညိတ်၍ စားပွဲပေါ်ရှိ ကြွေလက်ဖက်ရည်ခွက်ကို တစ်ငုံသောက်၍ မေးလေသည်။ “မင်း နာမည် ဘယ်လိုခေါ်လဲ၊ ဒါကို ဘယ်လို လုပ်ထားတာလဲ”
 
“သခင်မလေး ဟွေ့ကို ဖြေပါတယ်၊ ဒီ ရွာသူကို ရွှီချောင်လို့ ခေါ်ပါတယ်၊ ဒီစားစရာကိုတော့ ယိုလို့ ခေါ်ပါတယ်၊ ဒါကို တောင်ပေါ်က တောရိုင်းသီးနဲ့ လုပ်ထားတာပါ၊ လုပ်ငန်းစဉ်က နည်းနည်းတော့ ဒုက္ခများပါတယ်၊ နောက်ရက် အနည်းငယ် ကြာလို့ တောင်ပေါ်မှာ ဒီအသီးတွေ မရှိတော့ရင် လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး”
 
မာ့ကျား အမျိုးသမီးက ခေါင်းညိတ်၍ ပြောလေသည်။ “ဒါကို ဘယ်လောက် ကြာကြာ ထားလို့ ရမလဲ၊ တကယ်လို့ ဒါကသာ ကြာကြာ အထားခံရင် ငါ့ကို နည်းနည်း လုပ်ပေးပါဦး၊ ဒါနဲ့ ဒီပစ္စည်းကို မင်းဘယ်လို ရောင်းလဲ”
 
“သခင်မလေး ဟွေ့ရှင့်၊ တစ်ပုလင်းကို ငွေ ၂ တုံးနဲ့ ရောင်းပါတယ်၊ ဒီယိုဘူးကို အလုံပိတ် မြေတိုက်ထဲမှာ ထားမယ်ဆိုရင် လာမယ့် နွေဦးထိ ခံပါတယ်”
 
ယခုက ဆောင်းဦးဖြစ်ပြီး လာမည့် နွေးဦး ရောက်သည်အထိ ၃ လ သို့ ၄ လ ထားရန် ပြဿနာမရှိပေ။
 
မာ့ကျား အမျိုးသမီးသည် ငွေ ဆယ်တုံးခန့်ကို ရက်ရောစွာ ပေး၍ ရွှီချောင်ကို ထပ်လုပ်ပေးရန် တောင်းဆိုခဲ့သည်။ သူမက ရနိုင်သလောက် လိုချင်လေသည်။ ရွှီချောင်သည် ငွေတုံးတို့ကို ပျော်ရွှင်စွာနှင့် လက်ခံခဲ့သည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Donde viven las historias. Descúbrelo ahora