အခန်း ( ၁၅ )
ရွှီချောင်က အကြောင်းပြချက်ကို သိတာကြောင့် ထပ်မမေးခဲ့။ အနည်းငယ် ပူလောင်နေသည့် ခန္ဓာကိုယ်ကြီးက သူမကို ဖက်ထားသည်ကြောင့် အနည်းငယ် မသက်မသာ ဖြစ်နေရုံသာ ဖြစ်သည်။ သူမက ခန္ဓာကိုယ်ကို တွန့်လိမ်နေမိသည်။ သူမနောက်မှ လူ၏ အသက်ရှူသံက ရုတ်ခြည်းပင် နှေးကွေး လေးလံလာပြီး ထိုအရာကြီး ပို၍ မာလာသည်ကိုလည်း ခံစားမိနေသည်။
“ဇနီး..ဇနီးလေး၊ မလှုပ်နဲ့” ဖူကွေ့ရဲ့ အသံက အနည်းငယ် အက်ရှနေပြီး တစ်ခုခုကို သည်းခံနေရသည့် အသံမျိုး ဖြစ်နေသည်။
သူမတွင် အတွေ့အကြုံမရှိပေမဲ့လည်း ဒီအခြေနေကို သူမ နားလည်ပါသည်။ သူမက ရုတ်တရက် ခန္ဓာကိုယ်ကို အတောင့်လိုက် ထားပြီး ထပ်၍ တွန့်လိမ် မနေဝံ့တော့ပေ။
သူမ အနောက်ရှိ ဖူကွေ့မှာ တည်ငြိမ်သွားရန် အချိန် ကြာကြာ ယူခဲ့ရသည်။ သို့မှသာ သူမသည်လည်း တိတ်တဆိတ် သက်ပြင်းချမိသည်။
ရွှီချောင် နောက်တစ်ကြိမ် မျက်လုံးဖွင့်ချိန်တွင် ကောင်းကင်က တောက်ပနေခဲ့လေပြီ။ သူမ အနောက်ရှိ ဖူကွေ့လည်း အချိန် အတော်ကြာ ကတည်းက ထသွားခဲ့ပြီ။ သူမက ခေါင်းလှည့်၍ ကြည့်လိုက်လျှင် ခန်ပေါ်မှ မြောင်မြောင်ကို တွေ့လိုက်ရပြီး သူမလေးက ရွှီချောင်ကို မျက်လုံး တောက်တောက်ကြီးများနှင့် ကြည့်နေသည်။
ကလေးလေးလည်း နိုးပြီပင်။
ရွှီချောင်က အိပ်ရာမှ အမြန်ထ၍ အဝတ်စားတို့ကို ဝင်ဆင်ပြီးသောအခါ မြောင်မြောင်လေးက သူမပေါ်ကို လွှားကနဲ ခုန်တက်လာသည်။ ထို့နောက် သူမလေးက ဘေးရှိ သူမ အဝတ်အစားတို့ကို ယူကာ စတင်၍ ဝတ်ဆင်တော့သည်။ ရွှီချောင်က ကူညီချင်သော်ငြား သူမလေးက လက်မခံပေ။ သူမက သူမ၏ အဝတ်တို့ကို သူမကိုယ်တိုင်သာ ဝတ်ဆင်လိုသည်။
မြောင်မြောင့်ကို ခေါ်၍ အခန်းပြင်ကို ထွက်ခဲ့ရာ အပြင်ဘက်၌ နေပူနေခဲ့ပြီ။ ရှန်က မီးဖိုခန်းထဲတွင် ချက်ပြုတ်နေသည်။ သူမက ရွှီချောင်ကို မြင်သောအခါ ခြောက်လှန့်လိုက်သည်။ ထို့နောက် ရွှီချောင် မီးဖိုခန်းထဲသို့ လျှောက်ဝင်လာရာ ရှန်က ရယ်ကာမောကာ ပြောလိုက်သည်။ “ထပြီလား၊ အကိုကြီးကတော့ အပြင်သွားပြီ၊ ပြီးခဲ့တဲ့ ရက်တွေကတည်းက နေပြင်းလာပြီနော်၊ အကိုကြီးက မနက် အစောကြီးပဲ ထွက်သွားတာ၊ သူ အမကို ပြောသွားသေးလား”
ရွှီချောင်က မြောင်မြောင်ကို ချီထားရင်း ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် ပန်ကိတ်ကို ကြည့်၍ မေးလိုက်သည်။ “သူ စားဖို့ တစ်ခုခုရော ယူသွားရဲ့လား”
“သိတဲ့အတိုင်းပဲ၊ သူက သုံးရက်စာ အစာခြောက်တွေပဲ ယူသွားတယ်၊ ကြည့်ရတာ အကိုကြီးက သုံးရက် နေရင် ပြန်လာမယ့်ပုံပဲ” ရှန်က ပြုံးရင်း အိုးထဲမှ ဆန်ပြုတ်ကို မွှေနေခဲ့သည်။ “ယောက်မ၊ စိတ်မပူပါနဲ့၊ အကိုကြီးက နှစ်တိုင်း ဒီလို အချိန်ဆို တောင်အတွင်းပိုင်းထိ သွားတတ်တယ်၊ မြန်ရင်တော့ နှစ်ရက်ပေါ့၊ နည်းနည်း ကြာမယ်ဆို သုံး လေးရက်ပေါ့၊ သူနဲ့အတူ ရှောင်ဟေး ပါသွားတာပဲ၊ အရမ်းကြီး မစိုးရိမ်ပါနဲ့”
ရွှီချောင်က ခေါင်းညိတ်လိုက်သည်။ အနည်းငယ်တော့ စိုးရိမ်နေသေးသည်။
မနက်စာ စားပြီးနောက် အမေချန်နှင့် အဖေယန်တို့ အိမ်မှ ထွက်သွားခဲ့သည်။ အိမ်တွင် ချွေးမ ၃ ယောက်နှင့် ရှောင်အန်းတို့သာ ကျန်ခဲ့သည်။ ရွှီချောင်သည် မနေ့တုန်းက အဝတ်မလျှော်သည်ကို တွေးမိ၍ ဘေးရှိ ရှန်ကို မေးလိုက်သည်။ “ဒုတိယ ယောက်မ၊ မြစ်ဘေးမှာ အဝတ် သွားလျှော်ကြမလား”
ရှန်က ခေါင်းယမ်း၍ “ကျွန်မမှာ လျှော်စရာ အဝတ် အများကြီး မရှိသေးဘူး၊ မသွားတော့ဘူးလားလို့၊ ကျွန်မ အိမ်မှာ မြောင်မြောင်နဲ့ ကျွင်းကျွင်းကို ကြည့်ထားပေးမယ်၊ အမ မြန်မြန် သွားလျှော်လေ”
“ကောင်းပြီ၊ ဒါဖြင့် သွားလိုက်ဦးမယ်” ရွှီချောင်က ဇလုံတစ်လုံးနှင့် ခြံဝင်းထဲမှ ထွက်သွားခဲ့သည်။ သူမ အနောက်မှ နျိုက လှမ်းအော်လိုက်သည်။ “ဟေး၊ ယောက်မရေ၊ စောင့်ပါဦး”
ရွှီချောင်က နောက်လှည့်ကြည့်လိုက်လျှင် နျိုက လက်ယမ်းပြနေသည်။ ရွှီချောင်က စဉ်းစားရ ခက်နေသည့် ပုံစံနှင့် “တတိယ ယောက်မ၊ ဘာဖြစ်လို့လဲ”
နျိုက ပြုံး၍ အိမ်ထဲမှ အဝတ် တစ်ပုံကြီး ထုတ်လာကာ ရွှီချောင်ကို ပြောလိုက်သည်။ “ယောက်မ၊ ကျွန်မ နည်းနည်း နေလို့ မကောင်းလို့၊ အမ ဒီ အဝတ်တွေကို လျှော်ပေးပါလား”
ရွှီချောင် : “…”
ရှန်က နျိုကို အသံတိတ် စိုက်ကြည့်နေခဲ့ပြီး စိတ်ထဲတွင်တော့ ‘ဒီမိန်းမ အလွန် အပျင်းကြီး’ ဟု ပြောနေမိသည်။ ရှန်က သူမရဲ့ ယောက်မ ဖြစ်သူကို “တတိယ ယောက်မ၊ အဖေနဲ့ အမေ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ရှိတာတောင် ရှင်က ထမင်း မချက်ဘူးနော်၊ ခု ရှင်က ယောက်မကိုတောင် ရှင့်ရဲ့ အဝတ်တွေ လျှော်ခိုင်းနေသေးတယ်၊ အရမ်း လွန်မလာနဲ့”
နျိုက ရှန်ကို အကြည့် တစ်ချက်ပေးလိုက်ပြီး “ဘာက လွန်နေလို့လဲ၊ ကျွန်မက ယောက်မကို အကူအညီ တောင်းနေတာ၊ ဒုတိယ ယောက်မကို မဟုတ်ဘူး၊ ကျွန်မ ဘာလုပ်တယ်လို့ ပြောလိုက်တာလဲ”
ရွှီချောင်မှာ အနည်းငယ် ပြောစရာမဲ့သွားသည်။ နျိုရဲ့ ဦးနှောက်က ဖွံ့ဖြိုးလာရဲ့လား သူ မသိပေ။ ဘယ်လိုတောင် ဆန်းကြယ်လိုက်သလဲ။ အမှန်တော့ သူမက နျိုနှင့် မရင်းနှီးပါ။ ဒါတောင် သူမက ဘာကြောင့်များ သူ့ အဝတ်တွေကို လျှော်ပေးလိမ့်မည်လို့ တွေးသည်မသိ။
“တတိယ ယောက်မ၊ ရှင့်မှာ ခြေတွေ လက်တွေ ပါတာပဲ၊ အားလုံးကလည်း ယန်ရဲ့ ချွေးမတွေချည်းပဲလေ၊ ဒုတိယ ယောက်မ ပြောသလိုပဲ၊ အိမ်အလုပ်တွေကို အလှည့်ကျ လုပ်သင့်တယ်၊ မင်း ထမင်း မချက်ဘူးဆိုရင်တောင် မင်းယောက်ျားရဲ့ အဝတ်တွေကို လျှော်ပေးရမှာပေါ့၊ တတိယ မတ်ကလေးက မင်းအတွက်ပဲ အပြင်မှာ ပြေးလွှားပြီး ရှာဖွေနေတာမလား”
ရွှီချောင့် စကားတို့ကို ကြားလျှင် နျိုရဲ့ မျက်နှာက မည်းမှောင်သွားသည်။ “အမ အဝတ် သွားလျှော်တာလည်း မမြင်မိပါဘူး၊ အဝတ်တွေကို ပုံမှန် လျှော်ရုံပဲ မဟုတ်လား”
ရွှီချောင်က ပြုံး၍ အဝတ်ဇလုံကို နျိုရှေ့သို့ ကမ်း၍ “ဒါဆိုလည်း ကျွန်မ သွားမလျှော်တော့ဘူး၊ ကျေးဇူးပြုပြီး မင်း အဝတ်သွားလျှော်ရင် ကျွန်မ အဝတ်တွေပါ လျှော်ခဲ့ပေးပါဦး”
“ကောင်းပြီ၊ မလျှော်ဘူး၊ မလျှော်တော့ဘူး” နျိုက လက်ထဲတွင် အဝတ် တစ်ပုံတစ်ခေါင်းကြီး ကိုင်ပြီး အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
ရွှီချောင်နှင့် ရှန်က တစ်ယောက်ကို တစ်ယောက် အကူညီမဲ့စွာ ကြည့်မိတော့သည်။ ထို့နောက် ရွှီချောင်က အဝတ်ဇလုံ ကိုင်ပြီး မြစ်ဆီသို့ ထွက်ခဲ့တော့သည်။
မနက်စောစောတွင် အဝတ်လာလျှော်ကြသည့် ဇနီးများ၊ အဒေါ်ကြီးများ အနည်းငယ် ရှိလေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မြစ်နားတွင် ဝမ်ချောင်းအာကိုလည်း တွေ့လိုက်ရသည်။ သူမက ရွှီချောင် လာနေသည်ကို မြင်သွားပြီး အမြန် လက်ယမ်းကာ “ရွှီချောင်၊ ဒီကိုလာဟေ့”
ရွှီချောင်က ချောင်းအာဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အဝတ်တို့ကို ဇလုံထဲမှ ထုတ်ကာ အဝတ်ရိုက်တုတ်နှင့် ရိုက်၍ လျှော်လိုက်သည်။
ချောင်းအာက အသားရောင် အနည်းငယ် နီမြန်းနေသည့် ရွှီချောင်ကို ကြည့်၍ သူမနားကပ်ကာ တိုးတိုးလေး မေးခဲ့သည်။ “ရွှီချောင်၊ မင်းယောက်ျား တောင်ပေါ်ကို အမဲလိုက်သွားတယ်ဆို၊ ငါ့အဖေပြောတာတော့ သူ့ကို မနက်က တွေ့ခဲ့တယ်တဲ့၊ ပြီးတော့ ပြောသေးတယ်၊ မင်းယောက်ျား သားကောင်ကြီးကြီး ရလာရင် ငါတို့ကိုလည်း နည်းနည်းလောက် ရောင်းရင် ကောင်းမယ်လို့”
ရွှီချောင်က ပြုံးလိုက်ပြီး “သူ မနက်ကမှ ထွက်သွားတာ၊ ဘယ်တော့ ပြန်လာမယ်တော့ မသိဘူး၊ သူပြန်လာလို့ သားကောင် ပါလာရင် ရောင်းဖို့ ပြောလိုက်ပါ့မယ်”
ဝမ်ချောင်းအာက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ပြီး “ဟုတ်ပြီ၊ ရွှီချောင်က အကောင်းဆုံးပဲ၊ ဒါနဲ့ ရွှီချောင်၊ ရှင်နဲ့ ရှင့်ရဲ့ တတိယ ယောက်မ အဆင်ပြေရဲ့လား၊ ငါကြားတာတော့ သူ့ မိသားစု နောက်ခံက သိပ်မဆိုးဘူးတဲ့၊ သူ့ဦးလေးကလည်း မြို့မှာ ဆိုင်ဖွင့်ထားတာတဲ့၊ ဆိုင်က နျိုတို့ မိသားစုနဲ့လည်း ဆိုင်တယ်တဲ့၊ ငါ့အထင်တော့ မင်းယောက္ခမ သူ့ကို အနိုင်မကျင့်ရဲလောက်ဘူး”
ရွှီချောင်လည်း သိပါသည်။ သို့ဆိုလျှင် တတိယ ယောက်မက အိမ်တွင် သမီး တစ်ယောက်လို နေပြီး ဘာအလုပ်မှ မလုပ်တာ အံ့ဩစရာ မရှိတော့ပေ။ ချန်သည်ပင် သူမကို မကြိမ်းမောင်းရဲပေ။ ဆိုတော့ ကိစ္စတွေက ဒီလိုပေကိုး။ သူမက ဆင်းရဲသည့် ယန် တတိယသားနှင့် လက်ထပ်ခဲ့သည်ပင်။
သူမတို့ ဘေးတွင် နားထောင်နေသည့် အဒေါ်တစ်ယောက်လည်း ရှိပြီး သူမက ရွှီချောင်ကို ကြည့်ကာ “ချောင်မိန်းကလေး၊ မင်းရဲ့ တတိယ ယောက်မက ငါတို့ဘေးအိမ်က သမီးနဲ့ ခင်တယ်လေ၊ သူမပြောတာတော့ မင်းရဲ့ တတိယ ယောက်မက သူ့ရှေ့မှာဆို မင်းတို့ ယန်အိမ်က ချွေးမ နှစ်ယောက်ရဲ့ မကောင်းကြောင်းတွေကို ပြောတတ်တယ်တဲ့”
ရွှီချောင်က အခြားသူများရှေ့တွင် အိမ်တွင်းရေးတို့ကို ပြောရသည်ကို မကြိုက်၍ “အဒေါ်ချန်း၊ တတိယ ယောက်မနဲ့ အိမ်မှာ အဆင်ပြေ မပြေက မသေချာတဲ့ ကိစ္စပါ”
အဒေါ်ချန်းက ပြုံးကာ “အဒေါ်က မင်း ကြီးပြင်းလာတာကို ကြည့်နေခဲ့တဲ့ သူပါ၊ မင်းမှာ စိတ်နှလုံးကောင်း ရှိပြီး သူများ ကိစ္စတွေမှာ ဝင်ပါတာကို မကြိုက်မှန်းလည်း သိပါတယ်၊ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အရမ်းကြီး သဘော မကောင်းနဲ့၊ လူတွေ အနိုင်ကျင့်ဖို့ လွယ်တယ်၊ မင်းရဲ့ တတိယ ယောက်မတို့အိမ်က အဆင်ပြေတယ် ပြောပေမဲ့ သူတို့က ရစ်ငှက်လို မိသားစုပါ၊ မိန်းမပျိုလေး ခန္ဓာကိုယ်နဲ့ အစေခံ ကံကြမ္မာပါ”
သူမ ပြောပြီးနောက် ဘေးနားရှိ အဒေါ်ကြီးများနှင့် မိန်းမငယ်လေးများက ရယ်ကြလေသည်။ နျိုက အမြဲပင် မောက်မာပြီး ဘဝင်မြင့်တတ်သည်။ သူမက ကျန်းဟယ်ရှိ မိန်းကလေးများကို သဘောမကျပေ။ သူမ အမြင်တွင် သူမတို့ မိသားစုမှာ အခြေနေကောင်းရှိ၍ မောက်မာနိုင်ပြီး ရွာရှိ မိန်းကလေးများသည်တော့ သူမကဲ့သို့ မထင်ရှားဟူ၍ပင်။
မိန်းမငယ်လေးများနှင့် အဒေါ်ကြီးတို့က အဝတ်လျှော်ရင်း ရယ်မောကာ စကားပြော နေခဲ့ကြသည်။ မကြာမီတွင် ငယ်ရွယ်သည့် ချွေးမ တစ်အုပ်၏ ဆွေးနွေးစရာ ခေါင်းစဉ်မှာ မိသားစု အရေး ဖြစ်သွားပြန်သည်။ ရွှီချောင်လည်း တစ်ချက်တစ်လေ ဝင်ပြောခဲ့သည်။
မကြာမီတွင် အဝတ်အားလုံးကို လျှော်ပြီးသွား၍ ချောင်းအာ အဝတ်လျှော်ပြီးနောက် ၂ ယောက်သား အိမ်ပြန်ခဲ့ကြသည်။
သူမ ပြန်ရောက်သည်နှင့် တစ်ခုခုက ပုံမှန် မဟုတ်သည်ကို တွေ့လိုက်ရသည်။ နျိုက ခြံထဲတွင် နုံးခွေစွာ ထိုင်နေခဲ့ပြီး ရွှီချောင် တံခါးမှ ဝင်လာသည်ကို မတုံ့ပြန်ခဲ့ပေ။