Chapter 4

4.1K 357 1
                                    

အခန်း ( ၄ )


ရွှီချောင်က လက်နှစ်ဖက်လုံးနှင့် အနီရောင် သတို့သမီး ဝတ်စုံ၏ အစွန်းကို တင်းတင်း ကိုင်ထားရင်း ဘေးဘီကို တစ်ချက်ပင် မကြည့်ပဲ မသေမချာ ဖြစ်နေသည့် အမူအရာနှင့် ထိုင်နေသည်။ အပြင်ဘက်မှ ရောက်လာနေ သူများကို သူမ သိသည်။ ထိုသူတို့သည် အခြေခံအားဖြင့် သူမတို့ ရွာနှင့် အနီးဝန်းကျင် ရွာများမှ ဖြစ်ကြသည်။ ယန်မိသားစု၏ ဆွေမျိုးများလည်း ပါသည်။

ယခုလို ရှေးခေတ် အချိန်အခါတွင် သတို့သမီး အခန်းငယ်က ရွှီချောင့်ကို မျက်စိပွင့် နားပွင့် ဖြစ်စေသည်။ ပွဲလာ ဧည့်ပရိသတ်တို့က သတို့သားနှင့် သတို့သမီးကို အာရုံစိုက်နေကြပြီး တောင်းဆိုသမှုတို့ ပြုနေကြသည်။ ဤ သတို့သမီး အခန်းငယ်၏ လှည့်ကွက်မှာ သတို့သားမှ သတို့သမီးအား ပွေ့ချီ၍ လူအများ စိတ်ကျေနပ်သည် အထိ လှည့်ပတ်ပြရန် ဖြစ်သည်။

ခေါင်းဖြူ လူအိုကြီး တစ်ယောက်က လူနှစ်ယောက်ကို မျက်လုံးစည်း စည်း၍ ဖယောင်းတိုင် မှုတ်စေသည်။ သူတို့က ဖယောင်းတိုင် နေရာတွင် ဂျုံမှုန့်နှင့် လဲလှယ် လိုက်ကြရာ ခေါင်းနှင့် မျက်နှာတို့ကို ဂျုံမှုန့်များနှင့် မှုတ်မိစေတော့သည်။

အချိန် အတန် ကြာပြီးနောက် မုန့်ကိုးမျိုးကို ပန်းကန်ပြားထဲ ထည့်၍ သတို့သား ဖြစ်သူအား ဒိုက်ထိုးရင်း စားစေပြန်သည်။

မဆုံးနိုင်သည့် တိုက်ရိုက် ဖျော်ဖြေပွဲအတွင်း လှည့်ကွက်များစွာ ရှိလေသည်။ ရှေးခေတ်အခါတွင် အပျော်တမ်း လှည့်ကွက်တို့ ရှိလေသည်။ ထိုခေတ်အခါတွင် စုံတွဲအသစ်တို့ လက်ထပ်သည်နှင့် သဘာဝကျကျပင် သူတို့က ပျော်ကို ပျော်ရမည် ဖြစ်သည်။ ဖူကွေ့တွင် အထူး ကောင်းမွန်သည့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ ရှိ၍ပင် တော်သေးသည်။ သို့နှယ် အခက်အခဲ တစ်သီ တစ်တန်းကြီး လုပ်ခိုင်းကြပြီး‌ နောက်တွင်ပင် သူ၏ နှလုံးခုန်သံတို့က ပုံမှန် ဖြစ်နေသေးသည်။ သူ၏ မျက်နှာတွင်လည်း ရိုးရှင်း၍ စစ်မှန်သည့် အပြုံးတို့ကို အစဉ် ချိတ်ဆွဲထားမြဲ ဖြစ်သည်။

တစ်နာရီခန့် ကြာပြီးနောက်တွင် ထိုသူတို့က ခက်ခဲအောင် လုပ်လို့ ဝသွားကြ၍ တစ်ယောက်ပြီး တစ်ယောက် ပြန်သွားကြလေသည်။

ရွှီချောင်က စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်တော့သည်။ သူမမှာ သေလုမတတ် စိတ်လှုပ်ရှားခဲ့၊ ပင်ပန်းခဲ့ ရလေသည်။ အခုတော့ ပြီးဆုံးသွားလေပြီ။

“ပင်ပန်းတယ် မလား” ထိုလူရဲ့ စိုးရိမ်နေပုံရသည့် အသံနိမ့်နိမ့်က သူမ၏ နဖူး အထက်နားဆီမှ ထွက်ပေါ်လာခဲ့သည်။

ရွှီချောင်က ထိုသူကို မော့ကြည့်၍ ပြုံးပြလိုက်ပြီး “ရှင်ရော ပင်ပန်းနေလား၊ ပြီးကျရင် ဧည့်သည်တွေကို ပြန်သွားပြီး ဧည့်ခံရဦးမှာလား”

သူမ ပြောပြီး ပြီးချင်းမှာပဲ တံခါး အပြင်ဘက်မှ ယောက်ျားသားတို့ရဲ့ ကျယ်ကျယ်လောင်လောင် အော်ဟစ် နေကြသံကို ကြားလိုက်ရသည်။ “တုန်းကျဲ၊ မြန်မြန် ထွက်မလာသေး ဘူးလား၊ ကျွန်တော်တို့က သောက်ဖို့ စောင့်နေပြီ” 

“မဟုတ်ဘူး ညီကို၊ မြန်မြန် ထွက်လာတော့၊ ဇနီးက လပ်ထပ်ပြီး ဝင်လာခဲ့ပြီမလို့ ခဏလောက် ကျွန်တော်တို့နဲ့ သောက်ဖို့ ထွက်ခဲ့ပါ၊ အနာဂတ်မှာ မရီးက အစ်ကို့ကို စောင့်ရှောက် ပေးတော့မှာမို့ ကျွန်တော်တို့ အတူ သောက်ဖို့ အခွင့်ရေး မရှိတော့ဘူး၊ ဟုတ်တယ်မလား မရီး ခင်ဗျ” ဒီအသံ ပိုင်ရှင်သည် ယန်ဖူကွေ့ရဲ့ သွေးတစ်ဝက် ညီ ယန်တာ့ဖန်း ဖြစ်ပြီး သူက ယခုနှစ်တွင် ၁၈ နှစ်ရှိပြီ ဖြစ်ကာ ရှန်နှင့် လက်ထပ်ထားသည်။ သူ့ ကလေးမှာ တစ်နှစ်ခွဲ ရှိနေပြီ ဖြစ်ပြီး သားယောက်ျားလေးလည်း ဖြစ်ကာ ဖူကွေ့ရဲ့ မိထွေး ချန်အမျိုးသမီး သည်လည်း သူ့ကို သဘောကျသည်။

ရွှီချောင်မှာ ယန်တာ့ဖန်း၏ အမေးကြောင့် ရှက်သွားပြီး ခေါင်းကိုငုံ့၍ စကားပြောခြင်းကို ရပ်လိုက်သည်။ ဖူကွေ့က သူ့ဇနီးလေးရဲ့ အဖြစ်ကို ကြည့်မနေ နိုင်တော့၍ ယန်တာ့ဖန်းကို အပြင် ခေါ်ထုတ်လာကာ ပြောလိုက်သည်။ “ချန်ချန်၊ ငါမင်းကို အဖော်ပြုပြီး သောက်ပေးပါ့မယ်၊ မင်းသောက်တဲ့အခါ အများကြီးတော့ မသောက်နဲ့နော်” 

“ဟေး၊ အစ်ကို့ စကားတွေက ရယ်စရာပဲ၊ ဘယ်လောက်ပဲ သောက်ရ သောက်ရ အကြောင်း မဟုတ်ပါဘူး”

လူထွားကြီးက သူထွက်သွား ပြီးနောက် အခန်းတံခါး ပြန်ပိတ်ခဲ့ရန်လည်း မမေ့ခဲ့ပေ။ သူတို့ရဲ့ အသံတွေက တဖြည်းဖြည်းနှင့် ဝေးကွာ သွားခဲ့သည်။ ရွှီချောင်၏ တင်းကြပ်နေသည့် ခန္ဓာကိုယ် သည်လည်း အတော်လေး ပြေလျော့လာ ခဲ့တော့သည်။ သူမက သပ်သပ်ရပ်ရပ် ခေါက်ထားသည့် အနီရောင် အိပ်ရာခင်းပေါ်သို့ လှဲလျောင်း လိုက်သည်။

ရွှီချောင်က သူတို့ ဘယ်ချိန်ထိ သောက်ကြမည်ကို မသိပေ။ သူမက လုပ်ရမည့် လုပ်ငန်းစဉ် တို့ကိုလည်း ပြီးမြောက်ခဲ့ပြီဟု တွေးနေမိသည်။ သတို့သား ပြန်အလာကို စောင့်နေတာ ကောင်းမည်။ ထိုသို့ တွေပြီး သူမက အတော်အတန် စိတ်ပြေလျော့၍ အသစ်စက်စက် အိပ်ရာကို မှီရင်း အိပ်ငိုက်လာသည်။

အချိန် မည်မျှ ကုန်သွားသည် မသိ။ သူမ ငိုက်မြည်း နေစဉ်တွင် သစ်သားတံခါး ဖွင့်လိုက်သည့် အသံကို ကြားသယောင် ရှိခဲ့သည်။

အသံ ကြားလျှင် သူမက အမြန်ထ၍ ကျောကိုမတ်ကာ တံခါး ရှိရာကို ကြည့်လိုက်သည်။ သူမသည် ဖယောင်းတိုင် မီးမှိန်မှိန် အောက်တွင် တံခါးနားမှ ပုံရိပ် သေးသေးလေးကို မြင်လိုက်သည်။ အလွန်သေးငယ်ပြီး အရုပ်ကလေးနှင့် တူလှသည်။ သူမက ထရပ်၍ တံခါးဆီ လျှောက်လာခဲ့သည်။ တံခါးနှင့် ပိုမို နီးကပ်လာချိန် သူမ သတိထားမိလိုက် သည်မှာ ဒါဟာ တကယ်ပဲ ကလေးရုပ်လေး ဟူ၍ပင်။

အရုပ်ကလေးမှာ တစ်နှစ် သို့ နှစ်နှစ်ခန့် ရှိလောက်မည် ဖြစ်ပြီး ယိုင်တိ ယိုင်တိုင် လမ်းလျှောက် လာနေသည်။ သူမက အရုပ်မ သေးသေးလေးပင်။ အရုပ်မလေးသည် ပိန်သွယ် လှပ၍ ကျောက်စွမ်း ပန်းပုလေးနှင့် တူပြီး မျက်လုံးအိမ် ကြီးကြီး တစ်စုံရှိလေသည်။ ခန္ဓာကိုယ်မှာတော့ အနည်းငယ် ပိန်ပါးလေသည်။ သူမက သူမ ရှေ့တည့်တည့်ရှိ ရွှီချောင်ကို ငေးကြည့်နေလေသည်။

ရွှီချောင်က ဤ ကလေးလေးမှာ တော်တော်လေးကို ချစ်ဖို့ ကောင်းသည်ဟု ခံစားလိုက်ရသည်။ သူမက အရုပ်လေးကို ကောက်မ၍ ခန်ဆီသို့ ပြန်လာခဲ့လေသည်။ သူမက အရုပ်ကလေးကို သူမနှင့် မျက်နှာချင်းဆိုင်တွင် နေရာချ၍ စိုက်ကြည့် နေခဲ့သည်။

အချိန်ခဏ အကြာ၌ ရွှီချောင်က မတတ်နိုင်ပဲ ရယ်မိတော့သည်။ “အရုပ်မလေးရေ.. မင်းနာမည်က မြောင်မြောင်လား” တကယ်တမ်းတွင် သူမက ဒီအရုပ်လေးမှာ မည်သူ ဖြစ်ကြောင်းကို ခန့်မှန်းပြီး ဖြစ်သည်။ ယန်မိသားစုတွင် ယန်ဖူကွေ့ တစ်ယောက်သာလျှင် သည် အသက်အရွယ်၌ သမီးလေး တစ်ယောက် ရှိခြင်း ဖြစ်သည်။ သူမက ဒီ အရုပ်လေးကို မမြင်ဖူးသော်ငြား သည် အရုပ်လေးမှာ နှစ်,နှစ်ခန့် ရှိမည်နှင့် သူမ အမည်မှာ ယန်မြောင်မြောင် ဖြစ်ကြောင်းကို သိပါသေးသည်။

ယန်မြောင်မြောင် အမည်ရ အရုပ်မလေးသည်  ရွှီချောင်မှ သူမအမည် ခေါ်နေသည်ကို ကြားလျှင် မျက်လုံးတို့ တောက်ပ လာခဲ့သည်။ ထို့နောက် သူမက လက်တို့ကို ဝှေ့ရမ်း၍ ရွှီချောင်ကို နှစ်ခါ အော်လေသည်။

ရွှီချောင်သည် အံ့ဩသွားခဲ့သည်။ မြောင်မြောင်သည် နှစ်နှစ် ရှိပြီ မဟုတ်ပေဘူးလား။ သူမက ဘယ်လိုကြောင့် ယခုထိ စကား မပြောနိုင် ဖြစ်နေသနည်း။ သူမက မြောင်မြောင့်ကို လက်မောင်းများ ထဲသို့ ပွေ့ဖက်၍ သူမရဲ့ ခေါင်းကို အနည်းငယ် ငုံ့ကိုင်းကာ အရုပ်လေး၏ ပန်းရောင်သန်း နေသည့် မျက်နှာလေးကို ထိလိုက်ပြီး ပြုံးကာ ပြောလေသည်။ “မြောင်မြောင်.. ငါက.. အမေပါ၊ အမေ… လာ၊ မြောင်မြောင် ပြောကြည့်”

ကလေးလေးက ငယ်သေးသည်။ သူမ ဝန်ခံပါသည်။ သူမတွင် တစ်ခါမှ ကလေး မရှိဖူးပေ။ နောက်ပြီး သူမ မြင်နိုင်ပါသည်။ ကလေးလေး စကားသင်စ အရွယ် ကတည်းက သူမလေးကို သင်ပေးမည့် သူ မရှိ၍သာ နှစ်နှစ် အရွယ်ထိ စကားမပြော နိုင်သေးခြင်း ဖြစ်သည်။

ဟေး.. မိခင် မရှိတဲ့ ကလေးက တကယ့်ကို သနားစရာပါပဲလား။

ရွှီချောင်တွင် လုပ်စရာ ရှိမနေခဲ့။ ကံအားလျော်စွာနှင့် သူမနှင့် မြောင်မြောင်တို့ နှစ်ယောက်လုံးရဲ့ ဖိနပ်တို့ကို ချွတ်ကာ ခန် ခေါင်းရင်းတွင် ခြေချိတ် ထိုင်၍ မြောင်မြောင်ကို စကားပြော သင်ပေးနေခဲ့သည်။

“မြောင်မြောင်က အခုက စလို့ ငါက မင်းအမေ ဖြစ်လာတော့မှာနော်၊ ပြီးတော့ အခုက စပြီး ငါတို့က မိသားစုတွေ ဖြစ်သွားကြပြီ၊ အမေ မင်းကို ဘယ်လို စကား ပြောရမလဲ ဆိုတာကို သင်ပေးမယ်၊ ဟုတ်ပြီလား” ရွှီချောင်က သူမကိုယ် သူမ ရင်းနှီးရန် အရင် လုပ်လိုက်ပြီး အရုပ်ကလေးကို ပွေ့ထားကာ စကားပြောပေး နေခဲ့သည်။ “လာပါ၊ အမေဆိုတဲ့ နာမည်ကနေ စကြရအောင်၊ နျန်…. အမေ..၊ လာ၊ မြောင်မြောင်လေး ပြောကြည့်”

မြောင်မြောင်က မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ရွှီချောင့်ကို သူမ၏ မျက်လုံး ဝိုင်းကြီးများဖြင့် ကြည့်နေလေသည်။ ပြီးလျှင် သူမလေး၏ လက်သေးသေးလေးက ရွှီချောင့် သတို့သမီး ဝတ်စုံကို ကိုင်ထားရင်း ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ “အာ…အာ…”

ရွှီချောင်က စိတ်ပျက် အားလျော့ မသွားပေ။ ပြီးလျှင် ဖြည်းဖြည်းချင်းစီ စသင်ပေးမည်။ မကြာခင်တွင် နာရီဝက် ကုန်သွားပြီး မြောင်မြောင်လေးကို မည်သူမှ လာမရှာခဲ့ပေ။ ရွှီချောင်မှာ သူမ နှလုံးသားထဲတွင် မတတ်သာပဲ သက်ပြင်းချမိသည်။ မိခင် မရှိသည့် ကလေးမှာ သနားဖွယ် ကောင်းရန် တကယ်ကို လုံလောက်လေသည်။ ယန်ဖူကွေ့၏ မိထွေးဖြစ်သူ အမျိုးသမီး ချန်သည် မြောင်မြောင်လေးကို စောင့်ရှောက် ပျိုးထောင် ပေးခြင်း မရှိပေ။

မြောင်မြောင်လေးမှာ နှစ်နှစ်သာ ရှိသေးပြီး စကားလည်း မပြောနိုင်ပေ။

“ မြောင်မြောင်ရေ..  မဟုတ်ဘူးနော်၊ အဲ့ဒါက အမေပါ…” ရွှီချောင်က မြောင်မြောင်လေး ရှင်းရှင်းလင်းလင်း ကြားရန် တမင်သက်သက် အသံရှည်ဆွဲကာ ဖြည်းဖြည်းချင်း ပြောပေးနေသည်။

မြောင်မြောင်လေးက ရွှီချောင်ကို မျက်လုံးဝိုင်းကြီး တို့နှင့် ငေးကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလေသည်။ “ လန်…”

“အာ..” ရွှီချောင်က ပြောလိုက်သည်။ “ မြောင်မြောင်က အရမ်း တော်တာပဲ၊ အရမ်း ဉာဏ်ကောင်းတယ်၊ အရမ်း မြန်တယ်၊ မင်း သင်ယူလိုက်ပြီပဲ၊ လာပါ၊ နှစ်ခါ နားထောင်နော်၊ နျန်.. နျန်…”

ရှောင်မြောင်မြောင် : “ ရှန်..ရှန်..”
ရွှီချောင် : “အဲ့ဒါက နျန်ပါ၊ နျန်…”
ရှောင်မြောင်မြောင် : “လန်… လန်…”

“ဟဟ..” ရွှီချောင်က ပို၍ပင် ပျော်ရွှင်လာခဲ့သည်။ “ ငါတို့ မိသားစုရဲ့ မြောင်မြောင်လေးက တကယ် တော်တာပဲ”

ဒါသည် နာရီဝက်မျှသာ ရှိသေးသော်လည်း သူမလေးက အကုန် သင်ယူခဲ့ပြီ ဖြစ်သည်။ သူမလေးက စကား မပြောနိုင် ပေမဲ့ပေါ့။ ဘယ် ကလေးကများ စကားကို ပီပီသသ ပြောဖို့ သင်ယူခဲ့ လို့လဲလေ။ မြောင်မြောင်က အတော်ကို အဆင်ပြေနေပြီ ဖြစ်သည်။

လူထွားကြီး အခန်းဆီ ပြန်ရောက် သောအခါ တစ်ချက် အကြည့်မှာပင် ခန်ပေါ်တွင် အိပ်နေသော အသေးလေးနှင့် အကြီးလေးကို တွေ့လိုက်ရသည်။  သူ့ နှလုံးသားထဲ နွေးထွေးသွားပြီး သူက ခြေသံ မကြားအောင် လျှောက်၍ အခန်းပြင် ထွက်သွားခဲ့သည်။ ထို့နောက် ရေကျက်အေး ဇလုံတစ်လုံးနှင့် အတူ ပြန်ဝင်လာခဲ့သည်။

သူက အရင်ဆုံး အကြီးလေးရဲ့ မျက်နှာကို အရင် သုတ်ပေးလိုက်သည်။ သူ အဝတ် သဘက်ကို ယူ၍ သုတ်ပေး ပေးချင်းမှာပဲ ရွှီချောင်က နိုးလာခဲ့သည်။

သူမက မျက်လုံးဖွင့်လျှင် ဖွင့်ချင်း သူမရှေ့ရှိ လူထွားကြီးကို တွေ့လိုက်ရသည်။ သူမ၏ အသားအရောင်မှာ နီရဲလာပြီး အမြန် ထ၍ မတ်မတ် ထိုင်လိုက်သည်။ သူမက ယန်ဖူကွေ့ လက်ထဲမှ အဝတ်သဘက်ကို မြင်လျှင် ခန်ပေါ်မှ ဆင်း၍ ထိုသူ့ဆီမှ သဘက်ကို ယူပြီး ပြောလိုက်သည်။ “ကျွန်မဘာသာ လုပ်လိုက်ပါ့မယ်” အိပ်ပျော်နေသည့် မြောင်မြောင်ကို မြင်လျှင် သူမလေးကို သုတ်ပေးလိုက်သည်။ ရွှီချောင်သည် သူမ ခေါင်းပေါ်မှ အရာဝတ္ထုကို ဖယ်ရှားလိုက်လျှင် အပြာရောင် ပိုးဖဲစလေး ပြန့်ကျဲသွားသည်။ သူမ မျက်နှာပေါ်ရှိ မျက်နှာချေ ဖြူဖြူတို့ကို ဆေးကြောလိုက် ပြီးနောက် သက်တောင့်သက်သာရှိစွာ သက်ပြင်း ချလိုက်သည်။

ရွှီချောင် ခေါင်းလှည့် လိုက်သည်နှင့် သူမကို ရိုးရိုးရှင်းရှင်းပြုံး၍ ဗလာသက်သက် ငေးကြည့်နေသည့် ယန်ဖူကွေ့ကို တွေ့လိုက်ရသည်။ သူမက လန့်သွားပြီး ရေဇလုံကို အလျှင်အမြန် ကောက်ယူကာ ပြောလေသည်။ “ ကျွန်မ ရေသွားသွန် လိုက်ဦးမယ်၊ ပြီးရင် ရှင်ဖို့ ရေယူခဲ့မယ်”

သူမက အနည်းငယ် စိတ်လှုပ်ရှား နေခဲ့သည်။ သူမ အမေက မိသားစုထဲရှိ ယောက်ျားသားကို ဦးစားပေးရန် သင်ပေးခဲ့ပြီး ဖြစ်သော်လည်း အခုတော့ သူမသည် တကယ်ကြီး သူမ မျက်နှာကို အရင် ဆေးကြောခဲ့သည်။

ယန်ဖူကွေ့က ရယ်၍ သူမလက်ထဲရှိ ဇလုံကို ယူလိုက်သည်။ “ကိုယ် သွန်လိုက်မယ်၊ မင်းက မြောင်မြောင်နဲ့ အရင် အိပ်နှင့်၊ မင်း တစ်နေကုန် ပင်ပန်းထားတာ”

ရွှီချောင် တစ်ခုခု ပြန်မပြောခင်မှာပင် သူက သစ်သားဇလုံကို ကိုင်၍ ထွက်သွားလေပြီ။

ရွှီချောင်က ထိုလူ့ နောက်ကျောပြင်ကို ကူကယ်ရာမဲ့စွာ လိုက်ကြည့် နေခဲ့ပြီး ခန်၏ အစွန်းတွင် ခဏမျှ မတ်တပ်ရပ် နေခဲ့သည်။ ထို့နောက် သူမက အပေါ်ထည်ကို ချွတ်ပြီးနောက် အိပ်ရာခင်းပေါ်သို့ အမြန် လှဲချလိုက်သည်။ သူမက ထိုအကြောင်း စဉ်းစားမိလျှင် မြောင်မြောင်ကို တင်းတင်း ဖက်လိုက်ပြန်သည်။

သူမက အလွန် စိတ်လှုပ်ရှား နေမိသည်။ သူမသည် စိတ်ပိုင်းဆိုင်ရာ အရ အသက် ၄၀ ထဲ တင်ပြီ ဆိုသော်လည်း လက်တွေ့တွင် ၁၄ နှစ်ပင် မပြည့်သေးပေ။ ထိုလူကြီးက ထွားလေရာ သူမ ကြောက်နေတော့သည်။

ရွှီချောင်က တုန်ယင်နေပြီး မြောင်မြောင့်ကို ဖက်ကာ မြန်မြန် အိပ်ပျော်စေရန် သူမကိုယ်သူမ တိုက်တွန်း နေရသည်။ သူမက သည်လို ဖြစ်လိမ့်မည်လို့ မသိခဲ့။ သူမက ခုနလေးတင် အိပ်ပျော်နေခဲ့သည်  ဖြစ်၍ ယခု အချိန်တွင် နိုးကြားနေပြီး  ထပ်၍ အိပ်မပျော်တော့ပေ။ တစ်ခဏမျှ အကြာတွင် ယန်ဖူကွေ့သည် ဆေးကြော သန့်စင်ပြီး ပြန်ရောက်လာ ခဲ့သည်။ သူမက ရွှီချောင့်ကို ခန်၏ ခေါင်းရင်းတွင် တွေ့လိုက်သည်။ ထို့နောက် သူက ဖယောင်းတိုင်ကို မီးမှုတ်၍ အပေါ်ထည်တို့ကို ချွတ်ကာ အိပ်ရာဝင်ခဲ့သည်။

ရွှီချောင်သည် သူမရဲ့ တစ်ကိုယ်လုံး တင်းကြပ်နေသည်ကို ခံစားမိသည်။ အသက်ကိုပင် အောင့်ထားမိသည်။

“မြောင်မြောင် မင်းကို နှောင့်ယှက်မိ သေးလား၊ သူက များသောအားဖြင့် သူ့အမေနဲ့ အတူ အိပ်တာလေ၊ အခု သူမင်းကို ဖိညှစ်မိမှာ စိုးလို့၊ ဒါမှမဟုတ် မြောင်မြောင့်ကို ကိုယ့်နားမှာ သိပ်လိုက်ရင်ရော”

အမှောင်ထဲတွင် သူမသည် ရုတ်တရက်ကြီး ထိုယောက်ျား၏ ဩရှရှ အသံကို တွေးနေမိသည်။ ရွှီချောင်က ထိတ်လန့်သွားပြီး တိုးညင်းစွာ ပြောလိုက်သည်။ “အနှောင့်အယှက် မဖြစ်ပါဘူး၊ မြောင်မြောင်က အရမ်း ကောင်းပါတယ်၊ ကျွန်မ သူ့ကို အများကြီး သဘောကျပါတယ်”

“ဒါက အဆင်ပြေပါတယ်၊ ဒါပေမဲ့ မင်းက သူ အိပ်ရာတွေကို စိုအောင် မလုပ်မိဖို့ ဂရုစိုက် နေရမှာပေါ့”

“ဒါလည်း ပြဿနာ မရှိပါဘူး.. ဒါနဲ့လေ၊ ရှောင်မြောင်မြောင်က နှစ်,နှစ်တောင် ရှိပြီကို စကားမပြောနိုင် သေးဘူးနော်”

အမှောင်ထဲတွင် ခဏလောက် တိတ်ဆိတ်နေ ပြီးနောက် ယန်ဖူကွေ့ရဲ့ အသံ ထွက်ပေါ်လာခဲ့သည်။ “မင်းလည်း မြောင်မြောင့် အမေအကြောင်းကို ကြားပြီးလောက်ရောပေါ့၊ ကိုယ်က ရက်သတ္တပတ် ကြားရက်တွေမှာ တောင်ပေါ်ကို အမဲလိုက် ထွက်ရတယ်လေ၊ အဲ့ဒါကြောင့် မြောင့်မြောင့်ကို အမေနဲ့ ထားခဲ့ရတယ်၊ ကိုယ့် အမေက ဒုတိယညီရဲ့ သားလေးကိုလည်း ထိန်းပေးရသေးတော့ မြောင်မြောင် ခုလို စကားပြော နောက်ကျနေတာ”

သူ ပြောပြီးနောက်မှာ ရွှီချောင့် လက်မောင်းတွေထဲမှ မြောင်မြောင်က ရုတ်တရက် ထငိုလေသည်။ ဖူကွေ့က အမြန်ထ၍ ဖယောင်းတိုင်ကို မီးညှိလိုက်သည်။ ရွှီချောင်လည်း ထ၍ မြောင်မြောင့်ကို ပွေ့ချီလိုက်သည်။

“မြောင်မြောင် ဘာဖြစ်တာလဲ”

ယန်ဖူကွေ့သည် ယောက်ျား တစ်ယောက် ဖြစ်ပြီး ဒါသည်လည်း သူ့တွင် ပထမဆုံး ကလေးရှိဖူးခြင်း ဖြစ်သည်။ ဒီ ကလေးမလေး ဘာကြောင့် အော်ဟစ် ငိုယိုနေသည်ကို သူ မသိပါ။

ရွှီချောင်က သူမလေး အပေါ့ စွန့်သည်ကိုလည်း မခံစားမိပေ။ ထို့နောက် သူမက မြောင်မြောင်၏ ဗိုက်လေးကို စမ်းကြည့်လိုက်သည်။  ကလေးလေး၏ ဝမ်းဗိုက်လေး အလွန် ပြားပါးနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမက ပြောလိုက်သည်။ “ သူ ဗိုက်ဆာနေမှာပဲ စိုးတယ်၊ မြောင်မြောင်က ညဆို ဘာစားလို့ရလဲ”

ဖူကွေ့က ခေါင်းကုတ်၍ ရှက်ရွံ့စွာ ပြောလေသည်။ “ဧည့်သည်တွေက ကိုယ်နဲ့ တစ်ညလုံး ရှိနေတော့ အမေ မြောင်မြောင့်ကို ကျွေးရဲ့လား မသိလိုက်ဘူး၊ နေဦး.. ကိုယ် မုန့်တစ်ချို့ ယူလာခဲ့တယ်၊” ထို့နောက် သူက အဝတ် ပြန်ဝတ်၍ အပြင်ကို အမြန် ပြေးထွက်သွားခဲ့သည်။

ရွှီချောင်က တိုးတိုးလေး ပြောလိုက်သည်။ ‘သေချာတယ်၊ ဘာမှ ကျွေးမထားဘူး’

သို့ပေမဲ့ သူမ အရှေ့မှ လူကို အံ့ဩစရာ မရှိပေ။ မည်သည့် ယောက်ျားကမှ ကလေး ဘယ်လို ထိန်းရမည်ကို မသိပေ။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now