အခန်း ( ၂၈ )
နျို့ရဲ့ နှလုံးသားလေးမှာ ဝမ်းနည်းနေပြီး အဓိပ္ပာယ် မရှိတာတွေကိုလည်း မပြောရဲပေ။ သူမက ခန်ပေါ်တွင် သုန်မှုန်၍ ထိုင်နေပြီး ရွှီချောင်၊ ရှန် နှင့် ရှောင်အန်း တို့ ရယ်ရယ်မောမော စကားပြောနေကြသည်ကို ကြည့်နေခဲ့သည်။ သူမစိတ်ထဲ အခဲမကျေသလို ခံစားလိုက်ရသည်။ နှလုံးသားထဲတွင် အနည်းငယ် မချင့်မရဲ ဖြစ်လျက် ခန် ပေါ်သို့ လှဲချကာ အိပ်ပျော်သွားခဲ့လေသည်။
သူမဘေးရှိ မြောင်မြောင်က ရှောင်ကျွင်းနှင့် အရုပ်လုရင်း စကားများ နေခဲ့ကြကာ ပျော်ရွှင်မနေကြပေ။
သိပ် မကြာလိုက်။ ဖူကွေ့ အိမ်ပြန် ရောက်လာလေသည်။ ရွှီချောင်က ဖူကွေ့ ကိုယ်ပေါ်မှ နှင်းတို့ကို ကူဖယ်လိုက်သည်။ ဖူကွေ့က ပြုံး၍ ပြောလေသည်။ "ကိုယ်တို့ မိဘတွေကို အိမ်ပြန်ပို့ပြီး ပြန်ရောက်ပါပြီ"
ရွှီချောင်က မေးလိုက်သည်။ "ရှင်..အာ့ယာ၊ စန်းယာနဲ့ ရှောင်ရှန်းတို့ကို တွေ့ခဲ့သေးလား၊ သူတို့ ဘယ်လိုနေလဲ"
"သူတို့တွေ အကုန်လုံး အိမ်မှာပဲ၊ စိတ်မပူပါနဲ့၊ သူတို့ အဆင်ပြေကြပါတယ်"
ရွှီချောင်က စိတ်သက်သာရာ ရသွားပြီး ဖူကွေ့ကို ဆွဲခေါ်သွားကာ မီးဖိုနားတွင် ခဏလောက် ထိုင်နေခဲ့ကြသည်။
နှင်းက ပို၍ ပို၍ ထူထပ်စွာ ကျဆင်းလာခဲ့သည်။ သုံးရက် အကြာတွင် များပြားလှသည့် နှင်းတို့နှင့် အတူ မြောက်ပြန်လေ သွေးလာလေပြီ။ လူတို့မှာ တံခါး အပြင်ဘက်သို့ပင် ထွက်မရခဲ့ပေ။ ရွာသူရွာသားတို့မှာ အိမ်ထဲတွင်သာ နေခဲ့ရပြီး တံခါးတို့ပင် မြည်ဟီးနေခဲ့သည်။ အပူချိန်သည် ညပိုင်းတို့တွင် ပိုမို ကျဆင်းလာခဲ့၍ ရွှီချောင်နှင့် ဖူကွေ့တို့က ညပိုင်းတွင် ငှက်အိမ်ကို မီးဖိုခန်းသို့ ရွှေ့ခဲ့ကြပြီး ရှောင်ပိုင်နှင့် ဟေးကျီ တို့သည်လည်း မီးဖိုခန်းတွင် အိပ်ကြသည်။ ကံကောင်းထောက်မ၍ မီးဖိုခန်းမှာ နေရာကျယ်ပြီး ရှောင်ပိုင်တို့ အိပ်ရန် အတွက် ရွှီချောင်က အခန်းထောင့်၌ သက်ကယ် ခင်းပေးထားသည်။