Unicode:
မှတ်တမ်းရေးသူ : လျူကျင်ဖန်း (၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဆေးရုံတွင် သူနာပြု တာဝန်ထမ်းဆောင်ခဲ့ဖူးသူ)
ရှောင်ဟွေက ကျွန်မအား တစ်ခါက ပြောခဲ့ဖူးသည်။ စတုတ္ထထပ်ရှိ အမျိုးသမီးသန့်စင်ခန်းတွင် ပြဿနာတစ်ခုခုရှိနေသည့်အကြောင်းပင်။ သို့သော် ကျွန်မ မယုံကြည်ခဲ့မိပေ။
‘ဘာပြဿနာပါလိမ့်’
ကျွန်မ ဤဆေးရုံတွင် အလုပ်လုပ်နေသည်မှာ အရမ်းကြာနေပြီဖြစ်သည်။ ထို့ကြောင့်ပင် ဆေးရုံရှိ ရေခဲတိုက်၏ ခြောက်ခြားဖွယ်အကြောင်းနှင့် ညညတွင် ထွက်ပေါ်လာတတ်သော သရဲများအကြောင်းကိုလည်း ကြားဖူးပြီးသားဖြစ်နေ၏။ သို့သော် မျက်မြင်ကိုယ်တွေ့ တစ်ခါမှတော့ မကြုံခဲ့ဖူးပေ။ ထိုအကြောင်းအရာများသည် ပါးစပ်ရာဇဝင်များလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
နဂိုက သေးငယ်သော ကိစ္စလေးသည် တစ်စိတ်ကို တစ်အိတ်လုပ်ကာ ပုံကြီးချဲ့ ပြောနေကြသူများကြောင့် ကြီးကျယ်သယောင်ယောင် ဖြစ်ကောင်းဖြစ်လာသည်။ ဥပမာ ပြောရလျှင် ကျွန်မစိတ်ထဲ၌ သေးသေးမွှားမွှားကိစ္စလေးဟု ထင်နေသော ကိစ္စလေးကိုပင် သူတို့က မှတ်တမ်းအဖြစ်ရေးခိုင်းနေခြင်းကြောင့် ယခု ကျွန်မက ချရေးနေရသည်။ အကျဉ်ချုံးရုံတင် မဟုတ်ဘဲ မှတ်မိသမျှ ပြောစကားများကိုပါ အသေးစိတ်ထည့်ရေးရန် ပြောထားလေသည်။ အကျယ်ချဲ့၍ ရေးရလျှင်မူကား စာဖတ်သူ အားလုံးတို့သည် စိတ်စနိုးစနောင့် ဖြစ်ကုန်ကြမည်ဟု ထင်သည်။
ရှောင်ဟွေနှင့် အခြားသူနာပြုအငယ်လေးများသည် အမှုန်အမွှားကိစ္စကလေးများလောက်သာ လုပ်ကြသည်။ နေ့တိုင်းနေ့တိုင်းပင် သူတို့သည် စုအုံဝိုင်းဖွဲ့ကာ အတင်းတုတ်ခြင်း၊ သရဲတစ္ဆေများအကြောင်းပြောခြင်းတို့ဖြင့်သာ အချိန်ကုန်လေ့ရှိကြသည်။ သူတို့အထဲမှ အချို့မှာ ကျေးလက်တောရွာများမှ လာကြသူများဖြစ်သဖြင့် သဘာဝလွန်ဖြစ်ရပ်များကို ယုံကြည်ကာ အယူသီးကြသည်။ တစ်ယောက်မှာ သန့်ရှင်းရေးအလုပ်သမ ချန်ကျွမ် ဆိုသူဖြစ်ပြီး သူ့သူငယ်ချင်းမှ အလုပ်အပ်ပေးသဖြင့် ဆေးရုံသို့ ရောက်လာခြင်းဖြစ်သည်။ ချန်ကျွမ်မှာ ဤမြို့နှင့် တောင်တန်းအထပ်ထပ် ကွာဝေးလှသော နေရာမှ လာသူဖြစ်ပြီး သူတို့နေထိုင်ရာ ဝူကျီမြို့သို့ရောက်ရန် သုံးရက်မှ ငါးရက်အထိ လမ်းလျှောက်ရသည်။ သူသည် တိုင်းပြည်၏ အလွန်တောကျလှသော အစွန်ဆုံးနေရာတွင် နေထိုင်သူဖြစ်သဖြင့် အခြားသူများထက် ပို၍ အယူသီးကာ သရဲတစ္ဆေများအကြောင်း အစွဲအလမ်းကြီးသည်။
YOU ARE READING
🏥 လျှို့ဝှက်ဆန်းကြယ်သောဆေးရုံမှ လွတ်မြောက်ခြင်း🩺
HorrorGenres _ Horror , Supernatural, slowburn , Survival, Escape, Thriller Total arcs _ 6 arcs Arc 1 _ ညကင်းစောင့် 2 _ အမေနှင့်သမီးသုံးယောက် 3 _ ကောင်ကလေး 4 _ အချစ်ဦး 5 _ လူသေအလောင်း 6 _ ကြိုးဆွဲချလူသား ( Final)