Part 1(Unicode)
19.5K 739 4
'ချလွမ်း............'
ကျယ်လောင်စွာ ထွက်ပေါ်လာသော တစ်စုံတစ်ခုကျကွဲသံကြောင့် အိမ်ထဲသို့လှမ်းဝင်နေဆဲ ဧက၏ ခြေလှမ်းတစ်စုံ ရပ်တန့်သွားရလေသည်။
တစ်စုံတစ်ခု စိတ်အလိုမကျ ဒေါသထွက်ရင်
ပြုလုပ်တတ်သော ဖေဖေ့၏ စိတ်ဖြေနည်းတစ်ခု။
ကြားနေ၊ကြုံတွေ့နေကြဖြစ်တာမို့ သိပ်ပြီးတော့ အထူးအဆန်း မဟုတ်တော့ပေမဲ့ အခုအချိန်ထိ ကြောက်လန့်မြဲ၊ ထိတ်လန့်ဆဲ.........
တစ်စွန်းတစ်စ ကြားနေရသော ခွန်းတုံ့ခွန်းပြန်အသံတွေက
ပို၍ကျယ်လောင်လာတာမို့ အသံလာရာဆီသို့ အရောက်သွားကာ မမြင်ကွယ်ရာ နေရာတစ်ခုမှာ ရပ်ရင်း
ချောင်းကြည့်နေမိသည်။
ဧည့်ခန်းအလည်မှ နေရာယူထားသော
စားပွဲခုံကြီးပေါ်တွင် အခွံသာသာ
သာကျန်တော့သော Black Label
တစ်လုံးအပြင် ရေခဲထည့်ထားသော ဖန်ဇလုံတစ်လုံးနှင့် သစ်သီးအချို့ကို တွေ့ရလေသည်။
စားပွဲခုံကြီး၏  ခပ်လှမ်းလှမ်းရှိ
အဖြူရောင် ပါကေးပေါ်တွင်
အဝါရောင် အရည်တချို့နှင့်အတူ ပြန့်ကျဲနေသောရေခဲတုံးများ၊
ဖန်ကွဲစများကိုလည်း တွေ့ရသည်။
ဆိုဖာပေါ်တွင် မျက်မှောင်ကြုတ်ကာ ထိုင်နေသော ဖေဖေနှင့် ဖေဖေ့အနားမှ ခါးထောက်၍
မတ်တပ်ရပ်ကာ ဖေဖေ့အားကြည့်နေသော
ကိုကိုကြီး၏ မျက်နှာမှာ စိတ်ရှုပ်နေဟန်ပေါ်သည်ကို
အထင်းသားတွေ့နေရသည်။
'မင်းကိုငါခွင့်တောင်းနေတာ မဟုတ်ဘူး...ပြည့်စုံထွန်းလင်း.....သိသင့်တယ်ထင်လို့...
အသိပေးနေတာ......'
'ဟား.....အသိပေးတယ်ဟုတ်လားဖေဖေ.....
အဲ့လိုအသိပေးတာကိုဘဲ.....ကျေးဇူးတင်ပါတယ်လို့...
သားကပြောရမှာလား.....ဖေဖေအမြဲတမ်း ကိုယ်လုပ်ချင်တာဘဲ လုပ်ခဲ့တယ်....သားတို့ဖေဖေ့ကို ဘာမှမပြောခဲ့ဘူး....အခု ဖေဖေပြောတဲ့ကိစ္စက ဘာမှလက်ခံနိုင်စရာ အကြောင်းမရှိဘူး....မေမေဆုံးတာမှ
တစ်လနဲ့ ၁ဝရက်ကျော်ဘဲ ရှိသေးတာ....ဖေဖေမို့လို့...နောက်မိန်းမယူတော့မယ် ဆိုတဲ့ စကားပြောထွက်တယ်...မြေကြီးထဲက မေမေ့အလောင်းတောင် မဆွေးသေးဘူးဖေဖေ...ဖေဖေဘယ်လို ပြောထွက်ရက်တာလဲ....ပတ်ဝန်းကျင်ကရော ဘာတွေပြောကြမလဲ.....သားတို့မျက်နှာဘယ်နားသွားထားရမလဲ....သားတို့မျက်နှာကို ဖေဖေမငဲ့ကွက်ရင်တောင်...
၂၄နှစ်လုံးလုံးပေါင်းသင်းခဲ့တဲ့ မေမေ့ကိုတော့
ဖေဖေလေးစားမှုရှိသင့်တယ်.......'