Unicode...
ထွန်းသစ်စ လေ့ကျင့်တဲ့ထဲ စိတ်ရောက်နေသဖြင့် ကျောင်းကနေ ကျောင်းဆင်းချိန်ထက် နာရီဝက်ကျော်နောက်ကျပြီးမှထွက်လာခဲ့ရသည်။ ဆိုင်ကယ်ကိုအရှိန်မြှင့်မောင်းနေရခြင်းက ၅နာရီထိုးတော့မည်ကြောင့်။
၅နာရီဆိုလျှင် ညီမဖြစ်သူဟေမာန်နွယ် ကျူရှင်ဆင်းချိန်ဖြစ်သည်။ အမှီသွားမကြိုနိုင်ပါက တစ်ယောက်တည်းမျက်နှာငယ်စွာ ထိုင်စောင့်နေရပေလိမ့်မည်။ အတတ်နိုင်ဆုံးမောင်းနှင်လာခဲ့သော်လည်း ၅နာရီထိုးပြီး ၁၀မိနစ်ကျော်မှ ကျူရှင်ရှေ့ရောက်သွားတော့သည်။
"စောင့်နေတာကြာပြီလား"
သူ့ဆီသို့ ပြုံး၍ပြေးလာသူ ကလေးမကတော့ လွယ်အိတ်ကိုသူ့အစ်ကိုဆီပေးရင်း ခေါင်းရမ်းပြသည်။ ထွန်းသစ်စ သူ့ညီမလွယ်အိတ်ကို ပုခုံးတစ်ဖက်တွင်လွယ်လိုက်ပြီး အနောက်ကနေသူ့ခါးကိုသိုင်းဖက်လာမည့် လက်နှစ်ဖက်ကိုစောင့်နေလေသည်။ အဆင်သင့်ဖြစ်ပြီဆိုမှ ဆိုင်ကယ်ကို ဖြည်းဖြည်းချင်းမောင်းထွက်လိုက်ပြီး အိမ်ကိုပြန်ခဲ့တော့သည်။
"ပြန်လာပြီလား သမီး...နောက်ကျတယ်နော်"
သမီးအိမ်ပြန်အလာကို အိမ်ရှေ့လမ်းလျှောက်ရင်းစောင့်နေသူ ဒေါ်နွယ်နွယ်က ခြံထဲဝင်လာသည့်ဆိုင်ကယ်ဆီကြည့်ရင်း အော်ပြောသည်။
ဟေမာန်လည်း ဆိုင်ကယ်ရပ်သွားသည်နှင့် ဆင်းလိုက်ကာ သူ့အမေအမေးကို အနည်းငယ်လိမ်လည်၍ ပြန်ဖြေဖြစ်သည်။
"ဟုတ်...ဒီနေ့ကျူရှင်က နောက်ကျမှဆင်းလို့ မေမေ"
"အေးပါ...နောက်ကျမှဆင်းတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ... လာကြိုတဲ့သူ နောက်ကျတာ မဟုတ်ဘူးမလား"
လက်ပိုက်လျက် အိမ်ထဲသို့ဝင်တော့မည့်ထွန်းသစ်စကို မျက်စောင်းထိုးရင်း ခပ်ရွဲ့ရွဲ့ပြောသည်။ ဟေမာန့်ခြေလှမ်းတို့ရပ်တန့်သွားကာ သက်ပြင်းချပြီး သူ့အမေဘက်ပြန်လှည့်လိုက်သည်။
"မေမေ!"
ထွန်းသစ်စကတော့ မသိချင်ယောင်ဆောင်ပြီး အိမ်ထဲသို့ဝင်သွားလေပြီ။ အဖေလည်းပြန်မရောက်သေးတာကြောင့် အခန်းဆီသို့သာဦးတည်လိုက်သည်။
YOU ARE READING