Unicode...
မနက်ခင်းတိုင်း လေ့ကျင့်ခန်းမလုပ်ခင် အစ်ကိုနဲ့ Video callပြောရတာက အလုပ်တစ်ခုဖြစ်လာသည်။ ပျော်ပျော်ရွှင်ရွှင် ကျေနပ်မှုအပြည့်နှင့်လုပ်လေ့ရှိသည့်အလုပ်တစ်ခု။ Workoutလုပ်နေစဉ်တလျှောက် ပင်ပန်းလာသည့်အခါ အစ်ကို့ရဲ့ အိပ်ရာထခါစ မျက်နှာလေးပြန်မြင်ယောင်လို့ အမောပြေပြီး ဆက်လုပ်နိုင်တာကလည်း အကျင့်ကိုဖြစ်လို့။
နေ့ခင်းဆို အစ်ကိုကအလုပ်ရှုပ်နေတတ်တာမို့ စကားမပြောဖြစ်ကြ။ တစ်ခါတလေအစ်ကို့ဘက်က ဖုန်းစခေါ်မှသာ ထက်ရန်ပြန်ပြောလေ့ရှိသည်။ အလုပ်ရှုပ်နေသူကို တမင်သက်သက်အနှောင့်အယှက်မပေးချင်။ သို့ပေမဲ့ ညပိုင်းတွေမှာတော့ အစ်ကိုက တော်တော်ဂရုစိုက်ပေးသည်။ အိပ်ရာဝင်ခါနီးထိ တစ်နေကုန်ကြုံတွေ့သမျှ၊ ပင်ပန်းသမျှတွေကို ဖလှယ်လေ့ရှိသည်။
တစ်ခါတလေဆိုရင် အလုပ်တွေရှုပ်ပြီး ပင်ပန်းတာ ထွန်းသစ်စလား ထက်ရန်လားပင်မသဲကွဲ။ ငဂျစ်လေးက အထွန့်တက်ကာ စိတ်ဆိုးစိတ်ကောက်တတ်သေးသည်။ ထိုအခါမျိုးတွင် ပင်ပန်းတာတွေဘာတွေကိုအသာထားပြီး ကိုယ်တော်လေးစိတ်ဆိုးပြေစေဖို့ နည်းမျိုးစုံနဲ့ချော့ရသည်။
စိတ်ကောင်းဝင်နေချိန်များတွင်တော့ သူစိတ်ကောက်မိတာ လွန်သွားကြောင်းတောင်းပန်တတ်သေးသည်။ ထိုအချိန်မျိုးတွင်ပြောလေ့ရှိသည်က...
"အစ်ကိုပင်ပန်းနေတာကို သိသိကြီးနဲ့ စိတ်ကောက်မိတာ ကျွန်တော်မကောင်းဘူး အစ်ကိုကကျွန်တော့်ကိုနားလည်ပေးသလောက် ကျွန်တော်က အစ်ကို့ကိုနည်းနည်းမှ ကိုယ်ချင်းစာပေးဘူး အီးဟီး" ဆိုပြီး အငိုတစ်ဝက်နှင့်။
တစ်ခါတလေများကျ...
"သားက စလိုက်ရင်းက တကယ်စိတ်ဆိုးဘဲ စိတ်ဆိုးချင်ယောင်ဆောင်လိုက်တာကို အစ်ကိုကလာချော့တော့လည်း အချော့ခံလိုက်တာပေါ့ ဟီးဟီး... နောက်ဆို ဆိုးတော့ဘူးနော်" ဟူ၍လည်းပါသေး၏။
အဲလိုကိုယ့်ကိုကိုယ်သဘောပေါက်သွားတဲ့အချိန်ပြောတဲ့စကားတွေကိုပြန်တုံ့ပြန်ဖို့က စိတ်ကောက်လို့ချော့ရတာထက်ပိုခက်တယ်ဆိုတာ ကောက်ညှင်းထုပ်က မသိ။ သိလည်းမသိစေချင်တော့ပါ။ စိတ်ကောက်သည်ဖြစ်စေ၊ ချွဲသည်ဖြစ်စေ ဘယ်လိုပဲဖြစ်စေ ချစ်ဖို့ကောင်းလွန်းနေသည့်ကောင်လေးကို ချစ်ဖို့ကောင်းတာလေး တစ်မတ်ဖိုးတောင်အလျော့မခံချင်တာကြောင့်။
YOU ARE READING