Soul Mate 45

161 22 6
                                    

Zawgyi #

အာရုဏ်ဦးတက်ချိန်တွင် ထလေ့ရှိသော ဆယ်ဟွန်းအကျင့်အတိုင်း ယနေ့လည်း စောစောနိုးနေသည်။ ရင်ခွင်အတွင်း အိပ်မောကျနေသော ဖြူဖြူနုနု လူသားငယ်ကို မိမိကြောင့် နိုးသွားမည်ကို စိုးရိမ်နေမိသည်။ အဖြူရောင်ဆံနွယ်များနှင့် ထိုလူသားငယ်မှာ ဂွမ်းလုံးလေးတစ်လုံးနှယ် ခန္ဓာကိုယ်ကို တစ်စောင်းကွေးကာ အိပ်မောကျနေလေသည်။ ချစ်၍မ၀သော ထိုလူသားငယ်ကို အခက်အခဲများ ကြားမှ ရယူထားနိုင်ခဲ့သော်လည်း လူတစ်စုကြောင့် ဆုံးရှုံးမလိုဖြစ်ခဲ့ရသည်။ ဆယ်ဟွန်း နောက်ထပ် ထိုလူသားငယ်ကို အဆုံးအရှုံးမခံနိုင်တော့ပေ။

ဆယ်ဟွန်းမှာ အတွေးပေါင်းများစွာဖြင့် ကျောက်သားကုတင်ထက်မှ လုဟန် မနိုးစေရန် အသာအယာ လျောဆင်းလိုက်သည်။ အေးနေမည်စိုးသောကြောင့် သားမွေးစောင်ကို နွေးနွေးထွေးထွေးဖြစ်စေရန် တစ်ကိုယ်လုံးလုံသည်အထိ ဆွဲခြုံပေးလိုက်ပြီး အ၀တ်အစားကို လဲလှယ်ကာ ကျောက်ဂူအပြင်ဘက်သို့ထွက်လာခဲ့လိုက်သည်။

မြူခိုးဖျဖျလွင့်နေသော တောအုပ်အတွင်း သစ်ပင် ၊ သစ်ရွက်တို့၌ နှင်းရေစွတ်စွတ် ရှိနေသည်။ ခိုဖြူလေးတစ်ကောင်မှာ တောင်ပံခတ်သံ တဖြတ်ဖြတ်ပေးကာ ဆယ်ဟွန်းနားသို့ရောက်လာသည်။ သင်ကြားပြသထားသော ခိုလိမ္မာလေးမှာ ဆယ်ဟွန်း ပခုံးပေါ်တွင်နားကာ တကူးကူး အသံပေးနေလေသည်။ ခြေထောက်နီနီရဲရဲတွင် ချိတ်ဆွဲထားသော ဝါးကျည်တောက်ငယ်ကို ဖြုတ်ယူကာ စာလိပ်လေးကို ထုတ်ယူပြီးနောက်တွင် ခါးတွင်အသင့်ချိတ်ထားသော စာတစ်စောင်ကို ပြန်လည်ထည့်ပေးကာ ဆယ်ဟွန်း ထိုခိုငှက်ငယ်ကို ပြန်လွှတ်လိုက်လေသည်။

" အရှင် "

ခါးကို သိုင်းဖက်ကာ ကျောပြင်ကို ပါးအပ်လာသော အထိအတွေ့ကြောင့် ဆယ်ဟွန်း ဖွဖွပြုံးမိသည်။

" ကိုယ် ဟန့်ကို နှိုးမိသလို ဖြစ်သွားပြီလား "

" မဟုတ်ပါဘူး နိုးနိုးချင်း ဘေးမှာမရှိတော့ အရှင်ပြန်သွားပြီထင်လို့ "

ဆယ်ဟွန်းမှာ ကိုယ်ကို လှည့်လိုက်ကာ လုဟန်ကို ရင်ခွင်ထဲတွင် ထွေးပွေ့ထားလေသည်။

Empire's Soul MateWhere stories live. Discover now