Zawgyi #
တိတ်ဆိတ်နေသော အခန်းတွင်းဝယ် ဖယောင်းတိုင်မီး၏ အလင်းရောင်မှာ မှိတ်သွားချေပြီ။ လတ်တလော ပင်ပန်းနွမ်းနေသော စိတ်နှင့် ခန္ဓာကိုယ်ကြောင့် လုဟန် စောစော အိပ်ပျော်လေ့ရှိသည်။ ခြေကိုဖွလာသော အရိပ်တစ်ခုမှာ ပြတင်းပေါက်နားမှ တစ်ဆင့် လုဟန်အိပ်ပျော်နေသော ကုတင်နားသို့ တဖြည်းဖြည်းအနားသို့ကပ်လာလေသည်။
အသက်ကို ဖြည်းဖြည်းမှန်မှန် ရှုကာ ခန္ဓာကိုယ်ကို တစ်စောင်းကွေးရင်း အိပ်ပျော်နေသော လုဟန်မှာ ကြောင်ပေါက်ကလေးနှင့် တူလွန်းလှသည်။ ဆယ်ဟွန်းမှာ နန်းတော်မှ အစောင့်များမသိအောင် လူခြေတိတ်ချိန်မှသာ ထွက်လာခြင်းဖြစ်သည်။ မိဖုရားမင်ယွီမှာ ညဥ့်နက်သည်အထိ စကားပြောနေသည်မှာ မပြီးပြတ်သေးသောကြောင့် သတိမေ့အောင် လုပ်ခဲ့ပြီးမှ ထွက်လာရခြင်း လည်းဖြစ်၏။
ဂျိုဆွန်းနန်းတွင်းထဲတွင် ဖြစ်နေသော အကြောင်းအရာများ ၊ မင်ယွီနှင့် သူမ၏အပါးတော်မြဲလည်းဖြစ် အပျိုတော်လည်းဖြစ်သော လင်ချီနှင့်အတူ လုပ်ကြံမှုများကို ဆယ်ဟွန်းစုံစမ်း သိရှိပြီးဖြစ်သည်။ မိမိ၏အချစ်ကို လိုချင်သည်ထက် အာဏာကို သုံးကာ နေရာကို ပြိုင်ဆိုင်လိုချင်လာသော မိဖုရားများကို ဆယ်ဟွန်း စိတ်ပျက်မိသည်။
အစပိုင်းတွင် တောတွင်းထဲ ထူးဆန်းစွာတွေ့ခဲ့ရသော လုဟန် ဂျိုဆွန်းဘုရင်၏ လျှို့ဝှက်စွာ ယောက်ျားပျိုတစ်ယောက်အား လက်ထပ်လိုမှုအပေါ် စိတ်ကစားလိုသော ဆန္ဒတစ်ခုတည်းဖြင့်သာ ချဉ်းကပ်ခဲ့ပြီး ၊ ယောက်ျားတစ်ယောက်ဖြစ်သော်လည်း စစတွေ့ချင်းကတည်းက ရိုးသားဖြူစင်သော လုဟန်မှာ ယခုထက်ထိ မပြောင်းမလဲဘဲရှိနေသည်။ ရယူလိုမှုနည်းကာ ဖြူစင်သော လုဟန်ကို သိမ်းပိုက်ကာ မိမိအပိုင်ဖြစ်လိုသော ဆန္ဒကို ဆယ်ဟွန်းမထိန်းနိုင်ခဲ့ ။
မထင်မှတ်ပါဘဲ မိမိ၏မယ်တော်ကိုလုပ်ကြံမှုမှသည် ဂျိုဆွန်းနန်းတွင်းကိုပါ ပြန်လည်ရယူလိုသောစိတ်ဖြင့် တိုက်ခိုက်ခဲ့ရာမှ ယခုထိတိုင် နန်းတွင်းရေးအရှုပ်အထွေးများကြား ကျန်ရစ်သော တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည့် အစ်ကိုချန်းယောလ်နှင့် မိမိချစ်ရသူ လုဟန်ကိုပါ ဆုံးရှုံးလုနီးပါးပင်ဖြစ်ခဲ့ရသည်။ သူငယ်ချင်းဖြစ်သူ ရန်ဝေမှာ ငယ်စဉ်ကတည်းက စာသင်ဖော်ဖြစ်သည့်အပြင် ဆိုးတူကောင်းဖက် ညီအစ်ကိုတစ်ယောက်ပင် ။ မင်ယွီအပေါ်တွင်လည်း ညီမလေးတစ်ယောက်ထက် မပိုခဲ့ပေ။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...