Soul Mate 11

318 51 10
                                    

Zawgyi #

မြားဦးထိပ်တွင်ပါလာသော အဆိပ်ဒဏ်ကြောင့် ချန်းယောလ်၏ အာရုံမှာ တဖြည်းဖြည်းဝေဝါးလို့လာသည်။ သို့သော်လည်း အားတင်းကာ မြင်းဇက်ကြိုးကို ထိန်းပြီး ဇက်ကုန်ဖွင့်ကာ တောနက်ပိုင်းသို့ဝင်လာ၏။

မြားစိုက်နေသော လက်မောင်းတစ်ယောက်မှ သွေးများတစက်စက် စီးကြနေပြီး ၀တ်ရုံတွင်စိုရွှဲနေ၏။ နောက်မှလိုက်ပါလာသော လူများမှာ ဆယ်ယောက်ထက်မနည်းသလို ဖြန့်ကြက်ကာ လိုက်ပါလာသည်မို့ ဘယ်ညာ ဘေးဘက်တွင်သာမက မခန့်မှန်းနိုင်သည့်နေရာများကလည်း ထွက်ပေါ်လာနိုင်သည်မို့ ချန်းယောလ်မှာ သတိမလွတ်အောင် ဂရုစိုက်နေရသည်။ ဤတောင်တန်းမှ ကျော်လွှားနိုင်လျှင် တစ်ဖက်ဟန်နိုင်ငံ နယ်နမိတ်သို့ခြေချနိုင်ပြီမို့ ခပ်မြန်မြန် မြင်းကို အသော့နှင်နေရသည်။

ဟီး........ဟီး..........

မြင်းနက်ကြီးသည် အသံနက်ကြီးဖြင့် ဟီကာ ပတပ်ထရပ်လိုက်သောကြောင့် ချန်းယောလ်မှာ မြင်းပေါ်မှ ပြုတ်ကျသွားသည်။ နောက်ပါးဆီမှ ပစ်လွှတ်လိုက်သော မြားသည် ချန်းယောလ်ဆီသို့ မဟုတ်ဘဲ မြင်းကြီး၏ နောက်ခြေထောက်တစ်ဖက်ကို စိုက်သွားသောကြောင့်ဖြစ်လေသည်။ မြေပြင်ပေါ်သို့ ချန်းယောလ်မှာ အရှိန်ဖြင့် ပြုတ်ကျပြီး နှစ်ပတ် သုံးပတ်လိမ့်သွားပြီးနောက် ကျောက်တုံးတစ်တုံးနှင့် ရိုက်မိပြီး အရှိန်လျော့သွားတော့၏။

ချန်းယောလ်သည် နာကြင်နေသော ဒဏ်ကို အမှုပင်မထားနိုင်ဘဲ အားယူကာ လဲနေရာမှထလိုက်သည်။ ပြီးနောက် လက်မောင်းတွင် စိုက်နေသောမြားကို ချိုးပစ်လိုက်လေ၏။ ခါးတွင်ချိတ်ဆွဲထားသော ဓားရိုးကိုဆွဲထုတ်ကာ အသင့်အနေအထားဖြင့် သစ်ပင်တန်းများရှိရာသို့ကြည့်၏။ မြင်းနက်ကြီးမှာ အနားတွင်နှာတရှုးရှုးမှုတ်ကာ ဂဏာမငြိမ်ဖြစ်လို့နေ၏။ သူသည်လည်း ဒဏ်ရာရနေသည့်အပြင် အနီးအပါးသို့ ရန်သူများချဉ်းကပ်လာသည်ကို သိနေဟန်ရှိ၏။

လေတိုးသဖြင့် သစ်ရွက်များတလွင့်လွင့်ကြွေနေသံမှအပ တောထဲတွင် ချေဟောက်သံ ၊ ဂျီတွန်သံ ၊ မျောက်အော်သံတို့ပင်မကြားရ။ ထိုစဉ် ခပ်လှမ်းလှမ်းရှိတောတန်းဆီမှ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားသော ဓားကိုင်လူ ၅ယောက်ထွက်လာလေသည်။ မျက်နှာကိုကွယ်ထားသဖြင့် မည်သူမည်ဝါမှန်းမသိရသလို ၊ ၀တ်စုံများမှာလည်း ဟန်နိုင်ငံလည်းမဟုတ်သလို ဂျိုဆွန်းဘက်မှလည်း မဟုတ်။ ကြံစည်ခိုင်းသူမှာ ပိပိရိရိဖြင့် စေခိုင်းထားပုံပေါ်၏။

Empire's Soul MateWhere stories live. Discover now