Soul Mate 15

285 44 4
                                    

Zawgyi #

လပြည့်ကျော်ရက်ဖြစ်သည်မို့ ညကောင်းကင်တွင် လရောင်သိပ်မရှိတော့သော်လည်း စိန်ပွင့်တွေအလား တဖြတ်ဖြတ်တောက်ပနေသည့် ကြယ်ကလေးများကနေရာယူထားလေသည်။ ယွန်ဂျုံးမင်းကြီး၏ အမိန့်ဖြင့် အစောင့်များကို ဖယ်ရှားထားစေသောကြောင့် နန်းရင်ပြင်တွင် တိတ်ဆိတ်ခြောက်ကပ်နေလေသည်။ ဆယ်ဟွန်း နှင့် အပေါင်းပါတစ်စုသည် ၀တ်စုံနက်များဝတ်ထားကာ မျက်နှာဖုံးကိုယ်စီဖြင့် ရှိကြသည်။ ကြိုတင်စေလွှတ်ထားသော အထောက်ချထားသည့် အယောင်ဆောင် နန်းတွင်းရဲမက်များ အကူအညီဖြင့် နန်းတွင်းရှိ အဆောင်တစ်ခုတွင် ပုန်းလျှိုးနေသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။

အဆောင်တံခါးကို အသာလှပ်ကာကြည့်သော် သာမန်နေ့ရက်များထက် ပိုမို တိတ်ဆိတ်နေသောကြောင့် ဆယ်ဟွန်းမှာ အခြေအနေကို အသာအကဲခတ်နေလေသည်။ ညဉ့်ပိုနက်လာသည်နှင့် ပိုမိုတိတ်ဆိတ်လာသော ၀န်းကျင်မှာ ခြောက်ခြားဖွယ်ကောင်းနေလေသည်။

" ခေါင်းဆောင် ဘာဆက်လုပ်ကြမလဲ "

ဆယ်ဟွန်း၏ လက်ထောက်နောက်လိုက်တစ်ယောက်မှာ အမေးထုတ်လာလေသည်။

" အခြေအနေထွက်ကြည့်တာပေါ့ "

" ဟုတ်ကဲ့ "

လက်ထောက်မှာ နောက်လိုက်ပါများကို လက်သီးဆုပ်ထောင်ပြကာ အချက်ပေးလိုက်သည်နှင့် အ၀တ်နက်လူတစ်စုမှာ အဆောင်ထဲမှ အလျှိုလျှိုထွက်သွားလေသည်။

ယွန်ဂျုံးမင်းကြီးသည် ပြင်ဆင်ထားသော ၀တ်ရုံကိုလဲလှယ်ပြီးနောက် မယ်တော်ကြီးခိုင်းထားသည့်အတိုင်း အနောက်နတ်နန်းဆောင်သို့ထွက်လာခဲ့လိုက်သည်။ ကိုယ်ရံတော် နှင့် အထိန်းတော် နောက်လိုက်ပါ အစောင့် ၄ယောက်တို့ဖြင့်သာ ထွက်လာသော မင်းကြီးသည် နန်းဆောင်နားသို့အရောက် အ၀တ်နက်လူတစ်စုနှင့် ရင်ဆိုင်လိုက်ရလေသည်။ လင်းလင်းချင်းချင်းမရှိသော်လည်း ငွေရောင်ဓားသွားများကို လက်ခနဲ လက်ခနဲတွေ့လိုက်ရသည့်နောက် ကိုယ်ရံတော်တပ်မှူးမှာ ဆောင်ဓားကိုထုတ်ကာ မင်းကြီးအရှေ့တွင် အသင့်အနေအထားဖြင့် ကာကွယ်ရန်ရပ်လိုက်၏။

Empire's Soul MateWhere stories live. Discover now