Soul Mate 20

271 34 4
                                    

Zawgyi #

ယခုဆိုလျှင် ဘတ်ဟွန်းတောထဲသို့သွားရင်း လူစိမ်းကိုတွေ့ခဲ့သည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။ သတိပြန်လည်လာကတည်းက ဘာတစ်ခုမျှ မမှတ်မိသည်မို့ ဘတ်ဟွန်းသာ တည်းခိုနေသည့် အိမ်ရှိရာသို့ပြန်ခေါ်လာလိုက်သည်။ အုတ်ဂျာမှာ လူစိမ်းမို့လက်မခံရန် ဘတ်ဟွန်းကိုပြောသော်လည်း ထိုလူစိမ်းမှာ ပညာတတ် သခင်လေးတစ်ဦးအသွင်ပုံပေါ်သောကြောင့် ဘတ်ဟွန်းမှာ နှင်မထုတ်ရက်ဘဲ ခေါ်ထားကာ ပြန်လည်ကျန်းမာရန် ဆေးကုသပေးခဲ့သည်။ မြားဒဏ်ရာနှင့် ခြေ ၊ လက်တို့တွင်ရထားသော ဒဏ်ရာများ ပျောက်ကင်းသည့်တိုင် အတိတ်ကို မှတ်မိပုံမပေါ်သော ထိုလူကို ဘတ်ဟွန်းမှာ " ချန်း " ဆိုသော နာမည်ကို ပေးထားခဲ့သည်။

အတိတ်အကြောင်းအရာကို မမှတ်မိသော်လည်း စကားနည်းကာ အိမ်ရှိ အလုပ်အကုန်လုပ်ပေးသည်။ ဟင်းကအစ ထိုလူရောက်လာကတည်းက အုတ်ဂျာမချက်ရသည့်အပြင် လူစိမ်း၏ ဟင်းချက်လက်ရာကို ဘတ်ဟွန်းရော ၊ အုတ်ဂျာပါ ကြိုက်နှစ်သက်နေပြီဖြစ်လေသည်။

" ဒုတ်...ဒုတ်..... "

အားနှင့်လွှဲကာ ခုတ်လိုက်သဖြင့် သစ်လုံးများမှာ အနားစများဖွာထွက်ကာ တစ်တုံးပြီး တစ်တုံး လွင့်ထွက်သွားလေသည်။ ဆောင်းရာသီဖြစ်သည့်တိုင် အင်္ကျီလက်ပြတ်နှင့် ပုဆိန်ကို လွှဲကာ ခုတ်နေသည်မှာ အိမ်ဘေးရှိ ထင်းပုံအကုန်လုံးကုန်လုနီးပါးဖြစ်နေလေသည်။ မနက်စာ ချက်ပြုတ်ပြီးကတည်းက ထင်းများကို ခုတ်နေသည်မှာ မွန်းတည့်ချိန်ပင်ရောက်ခဲ့လေပြီ။ ဘတ်ဟွန်းမှာ ဆေးဆရာမှန်း ရပ်ရွာထဲမှ လူများသိပြီးကတည်းက တစ်ယောက်စ ၊ နှစ်ယောက်စမှသည် ရွာရှိလူအားလုံးလိုလို ဘတ်ဟွန်းထံတွင်သာ လာရောက်ကုသကြသည်။ ချန်းရောက်လာပြီးကတည်းက လူပိုများလာလျှင် ပိုမှန်ပေလိမ့်မည်။ ယခင်က မျက်နှာကွယ်ထားသော ဘတ်ဟွန်းကို စိတ်ဝင်စားသဖြင့်လာရောက်ကုသ သူမှာ အနည်းငယ်သာရှိသော်လည်း ချန်း ဆိုသော လူကို ဘတ်ဟွန်း ဆေးဖော်ရန် အခြားသော လိုအပ်ပစ္စည်းများကို ၀ယ်ဖို့ ဈေးခေါ်သွားပြီးနောက်ပိုင်း ဘတ်ဟွန်း ဆေးခန်းတွင် မိန်းမပျိုများဖြင့် စည်ကားလာသည်။ မည်မည်ရရ စမ်းသပ်မရသော ခေါင်းမူးသည် ၊ ဗိုက်နာသည် ၊ လက်ကိုက်သည် ဆိုသော အကြောင်းပြချက်ဖြင့် ရောက်လာကာ စမ်းသပ်ကုသပေးနေသော ဘတ်ဟွန်းထက် ဘေးတွင်ကူညီပေးနေသော ချန်း ထံတွင် အာရုံရောက်နေသည်က များသည်မို့ ချန်းကို ဆေးကုသရာတွင် မကူညီစေဘဲ အခြားအိမ်အလုပ်များကို လုပ်စေခဲ့သည်။ သို့တိုင်အောင် ချန်း နာမည်ကို တပ်ကာ အိမ်သို့ ရောက်လာတတ်သော ဤအရပ်ဒေသရှိ အိမ်တော်မှ သခင်မလေးများကို ဘတ်ဟွန်းရိုက်ထုတ်ချင်လောက်အောင် အမြင်ကတ်မိလေသည်။

Empire's Soul MateWhere stories live. Discover now