Soul Mate 1

1.6K 90 4
                                    

Zawgyi #

ဂျိုဆွန်းပြည် ယွန်ဂျုံးအမည်ရှိမင်းသားသည် ခမည်းတော်မင်းကြီးနတ်ရွာစံပြီးနောက် နန်းတွင်းရေးရှုပ်ထွေးနေချိန်တွင် အိမ်ရှေ့စံနှင့်တကွ အဖေတူညီအကို မင်းသားများအားလုံးကို သုတ်သင်ရှင်းလင်းပြီးနောက် ဘုရင်အဖြစ်ခံယူကာ ခမည်းတော်မင်းကြီး၏နေရာကိုဆက်ခံခဲ့သည်။ အမှန်စင်စစ် ခမည်းတော်မင်းကြီး၏ မကျန်းမာမှုသည်လည်း ယွန်ဂျုံးမင်းသား မယ်တော်၏ လုပ်ကြံမှုနှင့် မကင်းလွတ်ခဲ့ပေ။ များပြားလှသော မိဖုရားများနှင့် အချစ်ကို ဝေမျှမပေးနိုင်သော ယွန်ဂျုံးမယ်တော်၏ အတ္တကြီးမှုသည် မင်းကြီးဆီမှ ဥပေက္ခာများကို ရရှိပြီးကတည်းက မိမိ၏သားတော် ယွန်ဂျုံးတစ်ယောက်သာလျှင် နောင်တချိန်တွင် ဂျိုဆွန်းပြည်ထီးနန်းကိုဆက်ခံရန်သာ အကြံအစည်ရှိသကဲ့သို့ မိခင်၏ပုံစံသွင်းမှုအောက်တွင် ကြီးပြင်းလာရသော ယွန်ဂျုံးမင်းသားသည် ထီးနန်းဆက်ခံရေးအတွက် အကွက်ကျကျစီစဉ်ကာ နန်းတွင်းအရေးတော်ပုံတစ်ခုကို ဖခမည်းတော်မကျန်းမာသည့်အချိန်နှင့် ကွက်တိစီစဉ်ကာ အကိုတော်အိမ်ရှေ့မင်းသားကိုလည်း နယ်စပ်စစ်ပွဲတစ်ခုတွင် တစ်ဖက်လှည့်ဖြင့် အကောက်ကြံပြီးသတ်ပစ်ခဲ့သည်။ ယွန်ဂျုံးမင်းသား၏လက်ရုံးနှစ်ယောက်မှလွဲလျှင် ထိုကိစ္စကို နယ်စပ်စောင့် စစ်သူကြီးများပင်မသိခဲ့ပေ။ သို့သော်ဖခမည်းတော်၏ မိဖုရားများမှမွေးထားသည်မှာ အိမ်ရှေ့စံနှင့် ယွန်ဂျုံးမင်းသားပင်မဟုတ် အခြားမင်းသား ၃ယောက်လည်းရှိပေရာ ခမည်းတော်နတ်ရွာစံသည့်ညမှာပင် လုပ်ကြံခဲ့ပြီး အမိန့်စာအတုဖြင့် ထီးနန်းကိုဆက်ခံခဲ့လေသည်။ ယွန်ဂျုံးမင်းသားနန်းဆက်ခံပြီးနောက် ညီအကိုမင်းသားများကို သတ်ပစ်ခဲ့သော်လည်း မိဖုရားခေါင်ကြီးမှ မွေးသော မင်းသမီးချယ်ယောင်းကိုမူ နယ်စပ်သို့နယ်နှင်ဒဏ်အဖြစ်ပို့ခဲ့သည်။ ထိုအချိန်က ချယ်ယောင်းမင်းသမီးလေးမှာ အဆက် ဆယ့်လေးနှစ်သာရှိပြီး အိမ်နိမ့်စံအဖြစ် ပင်ပင်ပန်းပန်းနယ်စပ်စည်းရှိ တပ်စောင့်စစ်စခန်းတွင် အကူအဖြစ်နေခဲ့ရလေသည်။

ရာသီဥတုမှာ အကြိမ်အလီပြောင်းလဲပြီးနောက် ချယ်ယောင်းမင်းသမီးလေးသည် ပန်းလေးတစ်ပွင့်နှယ်ချောမောလှပစွာဖြင့် အရွယ်ရောက်လာလေသည်။ အသက်၁၈ နှစ်အရွယ်မင်းသမီးချယ်ယောင်းမှာ လူချစ်လူခင်လည်းပေါလှပေသည်။ သို့သော်မထင်မှတ်ဘဲ တစ်နေ့စခန်းရှိ အဖော်များဖြင့် တောထဲသို့ဆေးမြစ်တူးသွားရာ အဖော်များဖြင့်ကွဲသွားခဲ့လေသည်။ စခန်းရှိလူကုန်သုံးကာရှာခဲ့သော်လည်း တောမှာနက်လှသည့်အပြင် တစ်ဖက်ရှိတောင်တန်းကိုကျော်လျှင် ဟန်နိုင်ငံဖြစ်နေသည်မို့ဆက်လက်ဖွေရှာရန်ခက်လှသည်။ ထို့ကြောင့် မင်းသမီးချယ်ယောင်းသေပြီအထင်နှင့် လက်လျော့ခဲ့ရလေသည်။ ထိုအချိန်တွင် ဂျိုဆွန်းနန်းတော်တွင် ယွန်ဂျုံးမင်းကြီးသည် မိဖုရားခေါင်ရွေးပွဲကို ကျင်းပနေသည့်အချိန်လည်းဖြစ်သည်။

Empire's Soul MateWhere stories live. Discover now