Chapter-53.5- My Resolve Part-3

139 13 4
                                    

Chapter-53.5

My Resolve Part-3

>>>Unicode<<<

‘‘P’SINGTO…’’

Krist သည် Singto ၏ နာမည်ကို အော်ခေါ်ကာ အပူတပြင်း လိုက်ရှာနေမိသည်။ သူ ကြာကြာ မရှာလိုက်ရပါ။ တံတားအစွန်းနားတွင် ရေထဲရှိ ပစ္စည်း တစ်ခုကို ဆယ်ယူဖို့ ကြိုးစားနေသော ရင်းနှီးနေသည့် မျက်နှာပိုင်ရှင် စီနီယာကို သူ တွေ့လိုက်ရလေသည်။ စီနီယာကို ကြည့်ရသည်မှာ ရေထဲရှိ ပစ္စည်းလေးက သူ ကူညီပေးမည်ဟု ကတိပေးထားသော ကောင်လေး၏ ကံကောင်းစေသော သော့ချိတ်လေး ဖြစ်မည် အထင်ဖြင့် ဆယ်ယူနေခြင်း ဖြစ်ရပေလိမ့်မည်။ ထိုကောင်လေးက သူ လိုက်ရှာနေသော သော့ချိတ်ကို ပြန်တွေ့သွားပြီဟူသော သတင်းကိုတော့ဖြင့် စီနီယာက မသိသေးချေ။ 

‘‘P’Sing…’’

Krist အော်ခေါ်လိုက်သော နာမည်ပိုင်ရှင်သည် သူ၏ နာမည်ကို ကြားလိုက်သည်နှင့် အသံ လာရာဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်လေသည်။ နှစ်ယောက်သား အကြည့်ချင်း ဆုံသွားကြသည့် တဒင်္ဂ အချိန်လေး၌ မည်သူ့ဘက်ကမျှ အရင် စပြီး စကားမပြောခဲ့ကြပေ။ Singto ကို ကြည့်ရသည်မှာ Krist သည် သူ ရှိသော နေရာကို ဘယ်လိုသိပြီး ရောက်လာတာလဲ ဆိုသည်ကို အံ့ဩနေသည့်ပုံမှန်း သိသာနေလေ၏။ ထို့ကြောင့် ဒူးကွေး၍ ရေထဲရှိ ပစ္စည်းကို လှမ်းဆယ်နေရာမှ ထရပ်လိုက်ကာ Krist ကို မေးမည် အလုပ်၌ သူ၏ ခြေထောက်က အချိန်ကြာကြာ ကွေး၍ နေခဲ့ရသဖြင့် ရုတ်တရက် မတ်တပ် ရပ်လိုက်သည့်အခါ အားမရှိသလို ဖြစ်၍ ဘေးသို့ ယိုင်သွားလေတော့သည်။ အနည်းငယ် ယိုင်သွားရာမှ ဟန်ချက်မထိန်းနိုင်ဖြစ်ပြီး ရေထဲသို့ ဘေးတစောင်း ကျသွားသည့်အခိုက်၌ Krist သည်လည်း ထိုတံတားပေါ်သို့ သုတ်ခြေတင် ပြေးလာပြီး ရေထဲသို့ လိုက်၍ ခုန်ချလိုက်လေသည်။ 

ရေ၏ အနက်သည် အရမ်း မနက်လွန်းသော်လည်း မတိမ်လွန်းပေ။ ရေမကူးတတ်သူအဖို့တော့ ရေနစ်နိုင်ကောင်း နစ်နိုင်သည့် အနေအထားတွင် ရှိလေ၏။ Krist လို ရေကူးတော်သူ အဖို့ ထိုရေအနက်က စိန်ခေါ်သည်ဟုတောင် မဆိုနိုင်။ Singto ၏ လက်နှင့် ပုခုံးသာ အကောင်း ပကတိအတိုင်း ဖြစ်နေပါက ထိုရေအနက်က မပြောပလောက်ပေမယ့် ယခုကဲ့သို့ အခြေအနေမှာတော့ဖြင့် အန္တရာယ် ရှိနိုင်သည့် အနေအထားပင်။ သူ၏ ခြေထောက်ကလည်း ကျင်နေသဖြင့် ရေထဲတွင် ကူးခတ်ရန် မလွယ်ကူသည့်အပြင် ရေအနည်းငယ် မွန်းသွားလေရာ သတိလစ်လုဆဲဆဲ ဖြစ်တော့မည့် အခိုက်အတန့်၌ Krist သည် ရေထဲရှိ စီနီယာကို လှမ်းဖက်လိုက်ကာ အချိန်မှီ အသက်ရှူရ လွယ်ကူအောင် လုပ်ပေးလိုက်လေ၏။ 

Make Me Yours (KristSingto Fanfiction)Where stories live. Discover now