Chapter-53- My Resolve Part-2

146 15 5
                                    

Chapter-53

My Resolve Part-2

>>>Unicode<<<

Sangklaburi သို့ ရောက်ရှိသည့် ဒုတိယမြောက်ရက်တွင်တော့ Baan Unrak ဟု အမည်ရသည့် ကလေးများ စောင့်ရှောက်ရေး ဂေဟာမှာ လုပ်အားပေး ကူညီရန် သွားကြသည်။ မနက်စာ ချက်ပြုတ်ပြင်ဆင်ရေး အပိုင်းကိုတော့ မီးဖိုချောင် အလုပ်များနှင့် ရင်းနှီးနေသူများဖြစ်သည့် Krist နှင့် Jenny တို့ မိသားစုက ကူညီပေးကြကာ ကလေးများ၏ ဝေယျာဝစ္စ ကိစ္စများကိုတော့ Singto တို့ သူငယ်ချင်း နှစ်ယောက်နှင့် ကျန်လူများက အသီးသီး တာဝန်ယူပေးကြလေ၏။ ကိုယ်စီ တာဝန်များဖြင့် မအားလပ်သောကြောင့် မနက်ခင်း တစ်ပိုင်းလုံး မည်သို့ ကုန်ဆုံးသွားကြမှန်းတောင် မည်သူမျှ သတိမထားမိကြပေ။ Krist သည် ပန်းကန် ဆေးနေရင်း ကလေးတွေ ပျော်ရွှင်စွာ ကစားနေကြသည်ကို ကြည့်ပြီး သူ့ထံပါ အပျော်တွေ ကူးစက်လာသလို ခံစားလိုက်ရလေသည်။ အထူးသဖြင့် ကလေးများနှင့်အတူ ကစားပေးနေသည့် စီနီယာ Singto ကို ကြည့်ရင်းဖြင့်ပင်။ 

P’Singto သည် သစ်ပင်တစ်ပင်ကို မှီလျက်နေနေကာ P’Back ကတော့ဖြင့် ရထားတွဲကြီးလို စီတန်းနေသည့် ကလေးများကို လိုက်ဖမ်းဖို့ ကြိုးစားနေလေသည်။ ခဏအကြာတွင် P’Back က မောသွားလို့ ထင်ပါရဲ့။ P’Singto ၏ ဘေးနားတွင် ရပ်ပြီး အမောဖြေနေလေသည်။ ထို့နောက်တွင်တော့ ပန်းကန်များ ဆေးနေသည့် Krist ၏ ဘေးသို့ ကူညီရန် ရောက်လာလေသည်။ 

‘‘ကူညီပေးရမလား’’

Back က ပြုံးရွှင်သော မျက်နှာထားဖြင့် Krist ကို မေးလိုက်လေသည်။ စီနီယာကို ကြည့်ရသည်မှာ အစောပိုင်းကလည်း ကလေးများနှင့် ကစားထားလို့ ချွေးများ ရွှဲနစ်နေလေပြီ။ ထို့ကြောင့် Krist သည် သူ့ကို ကူညီပေးရန် မပြောလိုတော့ပေ။ 

‘‘မလိုတော့ပါဘူး။ P’Back က ဒီမှာပဲ အေးအေးဆေးဆေး ထိုင်ပြီး အနားယူပေါ့’’

‘‘ဒါ အကြံကောင်းပဲ။ ဒီကလေးတွေဆီကို လူစိမ်းတွေ လာလည်း ရင်းရင်းနှီးနှီးပဲ ဆက်ဆံကြတယ်နော်။ သူတို့ကို ကြည့်ရတာ လူစိမ်းတွေ လာတာကို ပျော်နေကြပုံ ရတယ်’’

Make Me Yours (KristSingto Fanfiction)Where stories live. Discover now