Unicode
အခန်း ၁၄ - မင်းရဲ့နာမည်က....
ကောင်လေး... အော်စကာအတွက် မယှဉ်ပြိုင်တာက မင်းရဲ့အရည်အချင်းတွေကို ဖြုန်းတီးပစ်လိုက်တာပဲ!
ရုပ်ရှင်ဧကရာဇ် ဆမ်မြူရယ်သည် စုဖေး၏လက်ကို ညင်သာစွာ(>_<)၊ ချစ်ခင်စွာ(v_v)၊ ကြင်နာစွာ(-_-||)၊ ယုယစွာ ဆွဲကိုင်၍ လိုဏ်ဂူထဲ အတွင်းနက်နက်သို့ ၀င်သွားခဲ့သည်။
စုဖေးက ခေါင်းကိုငုံ့ကာ စဉ်းစားနေသည်။ သူသာ ဇာတ်ကြောင်းကို ကြိုမသိခဲ့ဘူးဆိုရင် သူ့ရှေ့က နတ်ဆိုးကို မြင်မြင်ချင်း ချစ်မိသွားမှာ အသေအချာပဲ။ သို့သော် အချစ်စစ်ဆိုတာ စိတ်ကူးယဉ်ဝတ္ထုများတွင်သာ ရှိသည်။ ဒါက အလွန်ရှင်းလင်းတိကျ၍ တစ်တစ်ခွခွ ဖော်ပြထားတဲ့ ...သွမ်မေ့ ဂိမ်းလက်ရာလေ!
မြင်မြင်ချင်း အချစ်? အဲဒါ ဘာလဲ?
အချစ်? စားလို့ရလား?
စုဖေး : QAQ
ဤနည်းအားဖြင့် နတ်ဆိုးကောင်လေးနှင့် နတ်သူငယ်ကောင်လေးတို့သည် အဆင့်ကိုး ရက်စက်ကြမ်းကြုတ်သော သားရဲ၏ နေရာသို့ လက်ချင်းတွဲလျက်
ချိုမြိန်ပြီး ပန်းရောင်ပူဖောင်းများ ပြည့်နှက်နေသည့် လေထုနှင့်အတူ ရောက်ရှိလာခဲ့သည်။ဆယ်ရောင်ခြယ် ကြက်ဆင်သည် ၎င်း၏နာမည် အတိုင်းပဲ။ နီယွန်မီးကဲ့သို့ တောက်ပသော အမွေးများပေါ်တွင် အရောင်ဆယ်ရောင် ရောယှက်နေ၏။ ယခုဆယ်ရောင်ခြယ် ကြက်ဆင်သည် ဒေါသမထွက်သေးဘဲ ချစ်စဖွယ် ဖြစ်နေသည်။ ၎င်းသည် လူကြီးတစ်ယောက်၏ လက်ဖဝါး အရွယ်အစားခန့်ရှိပြီး ၎င်း၏နူးညံ့သော အမွေးအမျှင်များသည် အရောင်အဝါ တောက်ပနေသည်။ ၎င်းက မိန်းကလေး တစ်ယောက်၏ နှလုံးသားကို လှုပ်ခတ်စေနိုင်လောက်အောင် ချစ်စရာကောင်းသည်။
စုဖေးက မိန်းကလေးတစ်ယောက် မဟုတ်ပေမယ့် သူက အမွေးချစ်သူပါ!
တောက်ပသည့် အမွေးများက သူ့ရင်ကို အကြီးအကျယ် လှုပ်ခတ်စေသည်။ အိုး...လှလိုက်တာ! ၎င်းက အသွင်ပြောင်းပြီးလျှင် အလွန်ရက်စက်ကြမ်းကြုတ်ကြောင်း သူ သိသည်။ သို့သော် ... အဲဒါက အရမ်း လှတယ်! ဆမ်မြူရယ်က သူ့မျက်လုံးထဲက နှစ်သက်မြတ်နိုးသည့် အရိပ်အယောင်တွေကို သတိထားမိသည်။ သူက မျက်နှာသေဖြင့် အကြည့်လွှဲကာ ညင်သာစွာ သူ့ကို တိုက်တွန်းလိုက်သည်။