Unicode
အခန်း ၃၇ - တကယ့်ပျော်ရွှင်မှုဆိုတာ...
အဇူရာဓားသွားက အနည်းငယ် တွန်းရုံမျှဖြင့် အသားမည်းမည်း နတ်ဆိုးကို ထိုးဖောက်သွားနိုင်သည်။
အခန်းတွင်းရှိ လေထုသည် ရုတ်တရက် တင်းမာလာ၏။
ဒေါင်ခနဲအသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဓားတိုသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ အသားမည်းမည်း နတ်ဆိုးသည် အပြုံးဖြင့် စုဖေးကို လွှတ်ပေးလိုက်သည်။ သူက သူ့လက်များကို ဟန်ဆောင်ပန်ဆောင် အပေါ်မြှောက်လိုက်သော်လည်း သူ စကားပြောသောအခါ သူ့အသံမှာ ကြောက်ရွံ့ခြင်းမရှိပေ။
"ဒါဟာ ကျီစားမှုလေးတစ်ခုပါပဲ။မင်း ဘာလို့ အတည်ယူနေတာလဲ? ဒီနေရာက ဘန်းနီးစ်အပေါ်အလွှာလေ။ ငါက စွမ်းအားကြီးတယ်ဆိုရင်တောင် စုဖေးကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ မင်း ဒီလောက်ထိ စိတ်ပူနေဖို့ မလိုဘူး "
သူ ဒီလိုပြောတဲ့အခါ အဓိပ္ပာယ်က 'ငါ စုဖေးကို ထိခိုက်အောင်မလုပ်နိုင်ဘူး။ မင်းလည်း ငါ့ကို နာကျင်အောင် လုပ်နိုင်မယ်လို့ ထင်နေလား '
သူ့စကားအရ လွန်ခဲ့သော အခိုက်အတန့်က တင်းမာနေသောအခြေနေသည် ကျီစားမှုလေးတစ်ခုသာ ဖြစ်သည်။
စုဖေးက ဂရန့်လန်အဖြစ် ဟန်ဆောင်ရဲသည့် အကြောင်းရင်းမှာ သူ ဂရန့်လန် ရှေ့သို့ ပြေးသွားရင်တောင် ဂရန့်လန်က သူ့ကို ဘာမှမလုပ်နိုင်သေးကြောင်း သူ သိသောကြောင့်ပင်။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဂရန့်လန်၏ ပျော်ရွှင်ဖွယ် အချိန်အခါကို ဖျက်ဆီးနိုင်ခဲ့သည်။ ဂရန့်လန် ဒေါသပေါက်ကွဲနေတာကို မြင်လိုက်ရတော့ သူ့စိတ်ထဲမှာ ကြည်နူးမှုတွေ ပြည့်နှက်သွားသည်။
ဟုတ်ပါတယ်...တကယ့်ပျော်ရွှင်မှုဆိုတာ မင်းရဲ့ရန်သူ ထိခိုက်နစ်နာသွားတာကို မြင်ရတဲ့အခါ ခံစားလိုက်ရတဲ့ ပျော်ရွှင်မှုပါပဲ!
စုဖေးသည် အသားမည်းမည်း နတ်ဆိုးကို ဖြတ်ကျော်ကာ ဆမ်မြူရယ်အနားသို့ ရောက်ရှိလာသည်။ သူက ဆမ်မြူရယ်၏ဓားကိုင်ထားသောလက်ကို ဆုပ်ကိုင်လိုက်သည်။ အဇူရာဓားသွား၏ ကြောက်မက်ဖွယ် သွေးဆာနေသောပုံရိပ်သည် ပျောက်ကွယ်သွားပြီး ချွန်ထက်သော ဓားမြှောင်အဖြစ်သို့ ပြောင်းလဲသွားသည်။