Unicode
အခန်း 67 - {ငါ မင်းကို သုံးရက်နဲ့သုံးညတောင် မနားတမ်း အဖော်ပြုပေးနိုင်တယ်}
အိမ်?
စုဖေး မျက်မှောင်ကြုတ်လိုက်သည်။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ဆမ်မြူရယ်၏မိဘများကို ဂိမ်းထဲမှာ ဖော်ပြထားခြင်းမရှိခဲ့သော်လည်း ဆမ်မြူရယ်တွင် ကလေးဘဝအမှတ်တရအချို့ ရှိနေဆဲဖြစ်သည်။
အဆုံးမဲ့အမှောင်ထုကြီးများဖြင့် ပြည့်နှက်နေသော ထိုကမ္ဘာသည် နတ်ဆိုးနယ်မြေသာ ဖြစ်နိုင်သည်။
ဆမ်မြူရယ်သည် နတ်ဆိုးနယ်မြေတွင် မွေးဖွားခဲ့သော်လည်း လူသားများ၏ နယ်မြေတွင် ကြီးပြင်းခဲ့သည်။
လူသားနယ်မြေ၏ အဓိကမြို့ကြီးသုံးခုအနက် တစ်ခုဖြစ်သည့် ကာတာမြို့ရှိ သာမာန်ရွာလေးတစ်ရွာ ဖြစ်သည်။ မဖွံ့ဖြိုးသေးသော တောင်ပေါ်ရွာကလေးဖြစ်သည်။
စုဖေး ထိုနေရာကို မြင်ဖူးသည်။ထိုနေရာနှင့် သူ့ရှေ့ရှိ ဒီနေရာက ဘာတူညီချက်မှမရှိပေ။ ထို့အပြင် စုဖေးသည် ဆမ်မြူရယ်က ထိုနေရာကို သူ့အိမ်အဖြစ် မှတ်ယူနေသေးသည်ဟု မထင်ပေ။
စုဖေးက ဆမ်မြူရယ်ကို မေးလိုက်သည်။
" အရင်က ဒီကို ရောက်ဖူးလား "
ဆမ်မြူရယ်က ပြန်ဖြေလာသည်။
" ဟင့်အင်း "
စုဖေး အံ့အားသင့်သွားသည်။ သူတို့ ဘဏ္ဍာတိုက်ထဲ စဝင်တုန်းက သူ ဒီကိုရောက်ဖူးတယ်လို့ ဆမ်မြူရယ် ပြောခဲ့တာကို စုဖေး ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
သူ ဆမ်မြူရယ်ကို မေးလိုက်တော့ ဆမ်မြုရယ်က မျက်မှောင်ကြုတ်ရင်း ပြန်မေးလာ၏။
" ကိုယ် အဲ့လိုပြောခဲ့တာလား "
နှစ်ယောက်လုံး ပဟေဠိဖြစ်သွားသည်။ တစ်ယောက်ကိုတစ်ယောက် လိမ်ပြောနေခြင်းမဟုတ်ဘူးဆိုတာ သူတို့နှစ်ယောက်လုံး သိကြသည်။ သို့သော် စုဖေးက ၎င်းကို သေသေချာချာ ကြားခဲ့သော်လည်း ဆမ်မြူရယ်က ၎င်းကို မှတ်မိသည့်ပုံမပေါ်ပေ။ ဘာတွေဖြစ်နေတာလဲ?