အခန်း 80 - ဇာတ်သိမ်းပိုင်း : ကိုယ် မင်းကို ဘယ်တော့မှ ထားမသွားဘူးလို့ ကတိပေးတယ်။
စုဖေး မျက်လုံးမှိတ်လိုက်သည်။ သူ ဆမ်မြူရယ်ကို တချက်လေးတောင် လှည့်မကြည့်ဝံ့တော့ပေ။ ဆမ်မြူရယ်၏အသိစိတ်ကို သူ ထိန်းချုပ်ထားသော်လည်း ဆမ်မြူရယ် သတိလက်လွတ်ဖြစ်နေလို့ အငိုက်မိသွားတာမှန်း သူ သိသည်။ ထို့အပြင် ဆမ်မြူရယ်သည် သူ့အပေါ် နည်းနည်းလေးတောင် သံသယမဝင်ခဲ့ပေ။ သို့သော်လည်း သူ နည်းနည်းမှ သတိမလွတ်ရဲချေ။ ထပ်ကြည့်နေရင် သူ့နှလုံးသားက ယိမ်းယိုင်လာတော့မှာမို့ သူ မြန်မြန်လုပ်မှရမည်။
ဤအခိုက်အတန့်တွင် သူ မြင်ခဲ့ရသည့် သူ့ရင်ဘတ်ကို အဇူရာဓားသွားဖြင့် ထိုးဖောက်ခံလိုက်ရသော ပုံရိပ်ယောင်ကို သတိရမိသည်။ ဖြစ်နိုင်ချေမျိုးစုံကို သူ စိတ်ကူးယဥ်ကြည့်ခဲ့ပြီး နောက်ဆုံးတွင် ၎င်းက ဖြစ်မလာနိုင်ဟု ကောက်ချက်ချခဲ့သည်။ သို့သော် ၎င်းက တကယ်ကြီး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့သလို ထိုကဲ့သို့သော အခြေအနေဖြစ်အောင် သူကိုယ်တိုင်က လိုလိုလားလား တွန်းပို့ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ အများကြီး လျှောက်မတွေးသင့်ကြောင်း သဘောပေါက်သဖြင့် စုဖေးသည် သူ့စိတ်ကိုအာရုံစိုက်လိုက်ပြီး ဆမ်မြူရယ်ကို ခုခံဖို့အခွင့်အရေး မပေးခဲ့ပေ။ သူသည် ဆမ်မြူရယ်၏ခန္ဓာကိုယ်ကို အတင်းအကျပ်ထိန်းချုပ်ထားပြီး ဆမ်မြူရယ်၏လက်ကို မြှောက်ကာ အဇူရာဓားသွားကို သူ၏ရင်ဘတ်ဆီသို့ ချိန်ရွယ်လိုက်သည်။
စုဖေးသည် မျက်လုံးများကို မဖွင့်ထားသော်လည်း သူ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ သူ့ရင်ဘက်ကို ထောက်ထားသော အဇူရာဓားသွား၏အေးစက်နေသော ထိပ်ဖျားကို ခံစားနေရသည်။ အနက်ရောင်ဓားသွားကို ဝန်းရံထားသည့် အားနည်းသော ဝိဉာဥ်အငွေ့အသက်များကိုလည်း ခံစားမိသည်။ ၎င်းတို့က ဆမ်မြူရယ် အလေးထားသောသူများ၏ အသက်ဝိညာဥ်များပင် ဖြစ်သည်။
သူ့ရင်ဘတ်မှာ စူးခနဲနာကျင်မှုကို ခံစားလိုက်ရသည်။ အဇူရာဓားသွားက သူ့ကိုယ်ထဲသို့ ထိုးဖောက်လာပြီမှန်း စုဖေး သိလိုက်သည်။ သို့သော် ၎င်းက မလုံလောက်သေးပေ။ စုဖေးက သွားကိုတင်းတင်းစေ့လိုက်ပြီး သူ၏လက်ကျန်ခွန်အားကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို ရှေ့တိုးလိုက်သည်။ နက်စွေးနေသည့်ဓားသွားက သူ့ရင်ဘတ်ကို ထုတ်ချင်းဖောက်ဝင်သွားသည်။