အခန်း ၇၅ -ချစ်ရသူရဲ့ သစ္စာဖောက်ခံရခြင်း။
အခြေအနေတွေက ဝရုန်းသုန်းကားဖြစ်သွားတော့ စုဖေးတို့အဖွဲ့အတွက် ဝမ်းသာစရာပါပဲ။
သားပေါက်လေးနှင့် ဖက်တီးမီးလုံးကြီးက ကမောက်ကမအခြေအနေကို အခွင့်ကောင်းယူကာ တစ်ဖက်သို့ကူးလာသည်။ ၎င်းတို့နှစ်ဦးကြောင့် စုဖေး၏ယုံကြည်ချက်က အလွန်မြင့်လာခဲ့သည်။ သူတို့ လွတ်မြောက်ဖို့ ပိုသေချာလာပြီ။
စုဖေးသည် နဂါးနီကြီး၏နောက်ကျောပေါ်သို့ မတက်ခဲ့ပေ။ အခုအချိန်တွင် သူက မပျံသန်းနိုင်သေးချေ။ သူတို့လွတ်လမ်းအတွက် သူတို့ တိုက်ခိုက်ရမည်။ နီရယ်သည် ပြင်းထန်သော တိုက်ခိုက်မှုများကို ပစ်လွှတ်ရန် တာဝန်ရှိသောကြောင့် စုဖေးက သူ့အား လွတ်လွတ်လပ်လပ် နေခွင့်ပေးလိုက်သည်။ နီရယ်က သူ့ကို ကာကွယ်ဖို့ လိုအပ်နေသေးရင် သူ့ကိုသာ ချုပ်နှောင်ထားလိမ့်မယ်။ ဒါက လက်မခံနိုင်စရာပဲ။
အခုလက်ရှိအခြေအနေက ဘဏ္ဍာတိုက်ထဲမှာထက် အဆပေါင်းများစွာ ပိုအန္တရာယ်များသည်။ သူတို့ ပေါ့ဆလို့မရပေ။
ထို့ကြောင့် ဆမ်မြူရယ်က အရှေ့ဘက်ကို ဦးဆောင်နေစဉ် နီရယ်က အနောက်ဘက်ကို ဦးဆောင်သည်။ စုဖေး၊ သားပေါက်လေးနှင့် ဖက်တီးမီးလုံးကြီးက အလယ်တွင် ရှိနေ၏။
ဖွဲ့စည်းမှုပုံစံသည် ချွန်ထက်သောလက်နက်သဖွယ် ဖြစ်နေပြီး ရန်သူကို ထိုးဖောက်ကာ သူတို့အတွက် လမ်းကြောင်းကို အတင်းဖောက်ထုတ်ခဲ့သည်။
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူတို့ အဝိုင်းခံထားရာကနေ ဖောက်ထွက်နိုင်မှာ သေချာပါသည်။
သို့သော် လင်းဒီက သူတို့ကို ဒီလိုမြန်မြန်ဆန်ဆန် ရုန်းထွက်ခွင့်မပြုပေ။ အခြေအနေကို အကဲခတ်ရင်း သူ့မျက်လုံးများက မှေးကျဉ်းသွားသည်။ ရိုးရိုးသားသားဆိုရရင် သူ အံ့သြသွားမိတယ်။အဆိုးဆုံးအခြေအနေထိ သူ ခန့်မှန်းထားခဲ့ပေမယ့် သူတို့ ဒီလောက်ကြီးကြီးမားမား ဆုံးရှုံးရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက အဲဒီနတ်ဆိုးကြောင့်ပဲ။ ရက်အနည်းငယ်အတွင်းမှာ ဆမ်မြူရယ်ရဲ့စွမ်းအားက ကြောက်ခမန်းလိလိ တိုးတက်လာခဲ့တယ်။ တကယ်ကို အဆပေါင်းများစွာ တိုးတက်လာတာပဲ။