Unicode
အခန်း 64 - မင်း လိုချင်လား?
“ ဆမ်မြူရယ်... ငါ မင်းကို ချစ်တယ် ”
ထိုစကားလုံးများသည် အနည်းငယ်မျှ တုံ့ဆိုင်းမှုမရှိဘဲ သူ့နှုတ်ဖျားမှ ပြတ်ပြတ်သားသား ထွက်လာခဲ့သည်။ ဒီခံစားချက်က သူ့နှလုံးသားထဲမှာ ပေါက်ဖွားနေခဲ့ပြီး ဖောက်ထွက်ရမဲ့အချိန်ကို စောင့်မျှော်နေခြင်းသာဖြစ်သည်။
စုဖေးသည် ဆမ်မြူရယ်အား တလက်လက် တောက်ပနေသော မျက်လုံးဝိုင်းဝိုင်းများဖြင့် စိုက်ကြည့်ကာ သူတို့အတွင်းမှ ခံစားချက်အားလုံးကို ပြသလိုက်သည်။ သူသည် ရိုးရှင်းသောဘဝဖြင့် နေထိုင်ခဲ့သည်။ မည်သူ့ကိုမှ သည်လိုခံစားချက်မျိုး မရှိခဲ့ဖူးသလို မည်သူကိုမှလည်း သည်လိုစကားမျိုး မပြောခဲ့ဖူးပေ။
ဆမ်မြူရယ်နှင့် တွေ့ဆုံပြီးနောက် တစ်ခါမှမဖြစ်တည်ခဲ့ဖူးသော ချစ်ခြင်းတရားများ ပေါက်ဖွား လာခဲ့သည်။ ဆမ်မြူရယ်သည် သူ ချစ်မိသွားသော ပထမဆုံးလူဖြစ်ပြီး တစ်ယောက်တည်းသောသူ ဖြစ်လိမ့်မည်ဟု သူ အခိုင်အမာ ယုံကြည်သည်။
ဖွင့်ပြောပြီးနောက် ပေါ့ပါးသွားသည့် သူ့စိတ်နှင့်စာလျှင် ဆမ်မြူရယ်သည် အနည်းငယ် မှင်တက်နေခဲ့သည်။
ဆမ်မြူရယ်သည် ယခုလိုအမူအရာမျိုး ပြသခဲသည်။ သူသည် အမြဲတမ်း တည်ငြိမ်ပြီး ဣန္ဒြေရသည်။ သူ့နှလုံးသားက ဒေါသပင်လယ်ဝေနေလျှင်ပင် သူ ၎င်းကို ဘယ်သောအခါမှ ထုတ်မပြခဲ့ပေ။ သူ့ခံစားချက်များကို ဖုံးကွယ်ထားခဲ့ပြီး သူ့ကိုယ်သူ ချုပ်တည်းထားခဲ့သည်။
သို့သော် ယခုတွင် စုဖေး၏ ပွင့်လင်းသော တဲ့တိုးဝန်ခံချက်နှင့် ရင်ဆိုင်ရသောအခါ ဆမ်မြူရယ်သည် နောက်ဆုံးတွင် သူ့အသက်အရွယ်နှင့် ကိုက်ညီသည့် အမူအရာတစ်ခုကို ပြသလာခဲ့သည်။
သူ၏ခရမ်းရောင် မျက်လုံးများက ပိုမိုတောက်ပလာပြီး ၎င်း၏ တောက်ပမှုသည် လှပပြီး စွဲမက်ဖွယ်ကောင်းလေသည်။ သူ့နှလုံးသားအောက်ခြေက ထွက်ပေါ်လာသည့် အပြုံးရေးရေးလေးကို ပြသလာခဲ့သည်။
သူ တအားပျော်နေတယ်။ သူ့တစ်သက်လုံး ဘယ်တုန်းကမှ ဒီလိုမပျော်ခဲ့ဖူးဘူး။