Unicode
အခန်း ၆၅ - ပင်ပန်းလွန်းလို့ သေတော့မယ်!
စုဖေး နိုးလာသောအခါ ကောင်းကင်သည် တောက်ပနေပြီး ပြတင်းပေါက်မှ ဝင်လာသော နေရောင်ခြည်သည် နွေးထွေးနေ၍ ပန်းမွေ့ရာသို့ စောင်သဖွယ် လွှမ်းခြုံနေသည်။ ပျော့ပျောင်းနူးညံ့မှုက အလွန်သက်တောင့်သက်သာရှိလှသည်။
သူ နည်းနည်းလေး လှုပ်လိုက်သောအခါ သူ့ခါးတွင် ရစ်ပတ်ထားသောလက်များ လှုပ်သွားသည်ကို သူ ခံစားလိုက်ရသည်။ စုဖေး ထပ်မလှုပ်ရဲတော့ချေ။
သတိထားပြီး ခေါင်းလှည့်ကြည့်လိုက်သောအခါ ဆမ်မြူရယ်ကို တွေ့လိုက်ရသည်။
ဆမ်မြူရယ်သည် အိပ်မောကျနေဆဲပင်။ သူ့မျက်လုံးများ မှိတ်ထားသည့်အခါ အလွန်အေးချမ်းနေပုံပေါ်သည်။ စုဖေး သူ့ကို မျက်တောင်မခပ် စိုက်ကြည့်နေပြီး သူသည် မျက်လုံးမှိတ်လျက်သားနှင့်ပင် အတော်လေး လှပနေပြီလို့ တွေးလိုက်သည်။ သူ၏မျက်ဝန်းလှလှလေးများကို မမြင်နိုင်လို့ အနည်းငယ် စိတ်မကောင်းဖြစ်မိပေမယ့် မျက်လုံးပိတ်ထားသောကြောင့် သူ့မျက်တောင်တွေကို ထင်ထင်ရှားရှား မြင်နေရသည်။ ၎င်းတို့က ထူထဲနေတာမျိုးမဟုတ်ဘဲ မျက်တောင်တစ်ချောင်းချင်းစီက ပေါ်လွင်နေကာ တစ်ခုနှင့်တစ်ခု သီးခြားစီဖြစ်နေလေသည်။ ၎င်းတို့က အပေါ်သို့ ကော့ညွှတ်နေကာ သူ့မျက်ခွံပေါ် အရိပ်ကျနေသည်။ သူ့ကို ကြည့်ရတာ အေးချမ်းနေ၏။
ဆမ်မြူရယ်၏မျက်လုံးထောင့်က အနည်းငယ် မြင့်တက်လာသည်ကို စုဖေး တွေ့လိုက်ရသည်။ သိမ်မွေ့လွန်းလှသဖြင့် သတိမထားမိလောက်အောင်ပင်။ သို့သော် ဤမျှနီးကပ်သော အကွာအဝေးမှ ကြည့်နေသည့်အတွက် သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
စုဖေးသည် သူ့အား အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ပြီး လုံးဝကို စိတ်ကျေနပ်သွားတော့သည်။ ထို့နောက် သူ အိပ်မပျော်ခင် ဆမ်မြူရယ်၏ အတောင်များကို ဝိုးတိုးဝါးတား မြင်လိုက်ရသည်ကို အမှတ်ရသွားသည်။
စိတ်လှုပ်ရှားစွာဖြင့် သူ့အကြည့်ကို ခပ်မြန်မြန် ရွေ့လိုက်သော်ငြား ကံမကောင်းစွာဖြင့် လှပသော အရိုးတောင်ပံတစ်စုံကို မတွေ့ရပေ။