Unicodeအခန်း 56 - ဂရန့်လန် : ဖေး၊ ခေါင်းမမာစမ်းနဲ့။
ဒီတပ်ဖွဲ့က တကယ်မသေးလှဘူး။ သူတို့ ဘာလုပ်ချင်မှန်း စုဖေး မသိပေမယ့် သိဒ္ဓိပင်ကို ဂရန့်လန် ခုတ်လှဲတုန်းက သူ့ကို ကူညီပေးသူမှာ ခုနှစ်ယောက်သာ ရှိသည်။ သို့သော်လည်း ယခုအခါတွင် ဝတ်ရုံနက်နှင့်လူများစွာ ရှိနေသည်။
အကြမ်းဖျင်းအားဖြင့် လူလေးဆယ်ခန့်ရှိမည်ဟု စုဖေး ခန့်မှန်းမိသည်။
ထိုအချိန်၌ ၀တ်ရုံနက်များသည် လူစုခွဲကာ သူတို့အား စက်ဝိုင်းခြမ်းပုံစံ ဝိုင်းလိုက်ကြသည်။ နဂါးနီကြီးက အလွန်ကြီးမားသောကြောင့် နဂါးနှင့်ရင်ဆိုင်နေစဉ် စုဖေးနှင့်သူ့အဖွဲ့ကို ပိတ်ကာထားကြသည်။
တပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ သေချာပြင်ဆင်မှလာတာ ဖြစ်သည်။
သူတို့၏ရည်ရွယ်ချက်က ဘာလဲဆိုတော့... စုဖေး နှုတ်ခမ်းမဲ့လိုက်သည်။ သူနဲ့ ဆမ်မြူရယ်မှာ စွဲမက်စရာ ဘာမှမရှိဘူး။ သူတို့က ဘဏ္ဍာတိုက်၏ နှစ်မြှုပ်နေသော ရတနာများအတွက် လာတာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ဒီနဂါးနီကြီးအတွက် ဖြစ်နိုင်သည်။
လက်ရှိအချိန်တွင် အနက်ရောင်ဝတ်ရုံနှင့်လူများမှလွဲ၍ သတိမလစ်ဘဲ ကျန်ရှိနေသူများမှာ စုဖေးနှင့် သူ့အဖွဲ့အပြင် နဂါးနီကြီးသာရှိသည်။
နဂါးနီသည် ဒေါသတကြီး ပြေးလာပြီး ဟိန်းဟောက်လိုက်သည်။
“ ကျူးကျော်သူတွေ! ”
ထိုအသံက ကျယ်လောင်စူးရှနေပြီး ရဲလန်၏ဘုံဘာသာစကားဖြင့် ပြောလိုက်တာ ဖြစ်သည်။ စုဖေးက ကြောင်အစွာ ငေးကြည့်မိသည်။ ဒီနဂါးနီက ရဲလန်ဘုံဘာသာစကားကို တကယ် ပြောနိုင်တယ်ပေါ့!
နဂါးနီကြီး ဟိန်းပြီးသွားသောအခါ ဆမ်မြူရယ်က တစ်ဆက်တည်း ဆက်ပြောလိုက်သည်။
“ ကျွန်တော့်ကို ခင်ဗျားကျောပေါ်တင်သွားပြီး ဒီကျူးကျော်သူတွေကို နှိမ်နှင်းခွင့်ပြုပါ ”
နဂါးနီကြီးသည် ခေါင်းငုံကာ ဆမ်မြူရယ်ကို တက်လာရန် အချက်ပြလေသည်။