Unicode
အခန်း ၃၂ -အမှန်တရားကို သိခြင်း.....
“....ငါ မင်းလက်ထဲမှာ မသေပါဘူး ”
အခြားသူများသည် ဤထူးဆန်းသော အာမခံချက်ကြောင့် ခေါင်း(သို့မဟုတ်)အမြီး မခွဲထုတ်နိုင်သော်လည်း ဆမ်မြူရယ်သည် ၎င်းကိုကြားပြီးနောက် တောင့်တင်းသွားခဲ့သည်။ သူသည် စုဖေးကို ကျောပေးလျှက် မလှုပ်မယှက် ရပ်နေ၏။ သူ့ကျောပြင်သည် ဖြောင့်စင်းနေပြီး ဆောင်းရာသီတွင် အဖော်မဲ့စွာ ထီးထီးကြီးရပ်တည်နေသည့် ထင်းရှူးပင်ကြီးကဲ့သို့ပင်။ အထီးကျန်ဆန်ပြီး ဘယ်သူ့ကိုမှ မှီခိုစရာမရှိဘူး။
အချိန်အတန်ကြာ မတိုးသာမဆုတ်သာ အခြေအနေမှာရှိပြီးနောက် ဆမ်မြူရယ်၏အသံသည် နောက်ဆုံး၌ တိုးညင်းစွာ ထွက်ပေါ်လာသည်။
“ ငါ သူတို့ကို ငါ့လက်နဲ့ သတ်ခဲ့တယ်။ ငါက သူတို့ရဲ့ခန္ဓာကိုယ်တွေကို အပိုင်းပိုင်းဆုတ်ဖြဲခဲ့ပြီး သူတို့ရဲ့နှလုံးတွေကို ဆွဲထုတ်ခဲ့တယ်။ အရာအားလုံး ကျိုးပဲ့ပျက်စီးကုန်တယ်။ အဆုံးမရှိတဲ့ အော်ဟစ်သံတွေက လေထဲမှာ ပြည့်နှက်နေပြီး မြေပြင်မှာ သွေးတွေ အိုင်နေတယ်။ ငါ့ရဲ့ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက ပျောက်ဆုံးသွားခဲ့တယ်။ ငါ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ခဲ့ဘူး။ ငါအားလုံးကို ဖျက်စီးခဲ့တယ် ... မကောင်းဆိုးဝါး တစ်ကောင်လို ”
ထို့နောက် သူ လှည့်ကြည့်လိုက်သောအခါ သူ၏ခရမ်းရောင် မျက်လုံးများက နတ်သူငယ်အပေါ်တွင် မြဲမြံစွာ ကျရောက်နေ၏။
“မင်း မကြောက်ဘူးလား ”
ဆမ်မြူရယ် စကားပြောလိုက်သည့်အခါ သူ့အသံက ညင်သာနေပေမယ့် သူ့မျက်လုံးထဲမှာ ဘာခံစားချက်မှ မတွေ့ရဘူး။ သူ၏ကြည်လင်သော ခရမ်းရောင်မျက်လုံးများသည် ရေခဲကဲ့သို့ အေးစက်နေသော်လည်း စုဖေးသည် ထိလိုက်ရုံနှင့် လုံးလုံးကွဲကြေသွားလိမ့်မည်ဟု ခံစားရသည်။
“ ငါ ကြောက်တယ်။ ငါက သူရဲဘောကြောင်တယ်လေ ”
စုဖေးက သူ့ကိုယ်သူ လှောင်ရယ်လိုက်သော်လည်း သူက ယုံကြည်ချက်ရှိရှိဖြင့် ဆက်ပြောခဲ့သည်။ “ ဒါပေမယ့် ငါ ဒါကို အရင်ကတည်းက ပြောခဲ့ပြီးသားပဲ... ငါ မင်းကို ထားခဲ့မှာ မဟုတ်ဘူး ” ငါ ကြောက်နေရင်တောင် ငါ ဆက်ထိန်းထားမယ်! ဒါ ငါ့ကတိပဲ!