"လိုင်းကားစီးရတာ အဆင်ပြေရဲ့လား အဏ္ဏဝါ။ ရေသောက်ပြီးနားလိုက်ဦး အပြင်မှာနေပူလာတာ"
ထီးကို အိမ်ထဲဝင်ဝင်ချင်း ညာဘက်က တန်းပေါ်မှာချိတ်ပြီး၊ ဖိနပ်နှစ်ဖက်ကို စင်ပေါ်၌ ချွတ်တင်လိုက်သည်။ ကတ္တီပါဖိနပ်တွေတန်းစီတင်ထားသည့် စင်ကလေးတစ်ခုကို ဖြတ်ခနဲပြေးမြင်မိသည်။
"ညို လိုက်ပို့တာမေမေ"
"ဟုတ်လား .. ညိုနဲ့သမီးလေးနဲ့ ငယ်ငယ်က ခဏခဏဆုံဖူးတယ် မမှတ်မိကြဘူးလားအချင်းချင်း"
မေမေ့ပါးပေါ်က ရှင်မတောင်သနပ်ခါးပါးကွက်ကလေးကိုငေး၍ အဏ္ဏဝါ ခေါင်းခါပြလိုက်သည်။
"အဏ္ဏဝါ ဖေဖေ့တိပ်ခွေတစ်ခွေပါ ပါသွားတယ်သမီးရေ"
အိမ်နောက်ဖေးမှထွက်လာသည့် ဖေဖေသည် ပုဆိုးကို ခပ်တိုတိုဝတ်ထားသည်။ ညစ်ပေနေသည့်စွပ်ကျယ်အင်္ကျီအဖြူဖြင့် မျက်နှာနှင့် ရင်ဘတ်တို့၌ ချွေးများပြည့်နေသည်။ အပင်များ နေရာချနေသည့်ပုံပင်။ အိမ်၏ ဘေးဘက် ပတ်ပတ်လည်၌ အပင်များဖြင့်သာပြည့်နေသည်။ ပန်းပင်များအကြောင်း သိပ်နားမလည်သည့်အတွက် မေမေနှင့်ဖေဖေ၏ ယခုစီးပွါးရေးကို အဏ္ဏဝါ စိတ်လည်းမဝင်စားလှပါ။
"ဘယ်အခွေလဲဖေဖေ။ အဏ္ဏဝါ ပြန်တောင်းပေးရမလား"
"ဘယ်ကောင်းမှာလဲအဏ္ဏဝါရဲ့။ မောင်ရယ် ထပ်ရှာဝယ်လို့ရပါတယ်။ ယိင်းနဲ့သမီးလေးနဲ့ အဟောင်းတန်းထပ်သွားဖြစ်ရင် ရှာခဲ့ပေးမယ်"
ဖေဖေ့ကို ရေတစ်ခွက်ကမ်းပေးနေရင်း မေမေပြောသည်။ ဖေဖေဟာ မေမေ့အပြောကို အပြုံးဖြင့်သာ ခေါင်းညိတ်ပြသည်။ ချစ်တတ်ပါပေ့ဟုသာ ကောက်ချက်ချရပါသည်။
"ဒါဆို နားပြီနော်။ တရေးလောက်အိပ်ပစ်ဦးမယ်"
အဏ္ဏဝါထိုသို့ပြောပြီးအခန်းတွင်းသို့ဝင်လာလိုက်သည်။ သူမ၏အခန်းဟာ သိပ်မကျယ်ပါ။ မကျယ်ဆို အိမ်ကလည်း အနည်းငယ်သေးသည်လေ။ ညိုတို့လို ခန့်ခန့်စွားစွားမဟုတ်။ သပ်သပ်ရပ်ရပ် အုတ်နှင့်သဲနှင့်သာ ဆောက်ထားသည့်အိမ်။ နံရဲဆေးများမရှိ။ မျက်နှာကျက်မရှိ။ ကုတင်ပေါ်၌ ပက်လက်လှန်လှဲလျှင် အိမ်ခေါင်မိုးသို့ မြင်နေရတတ်၏။ မိသားစုသုံးယောက်တည်းနေသည်မို့ဟု တွေးဆသော်ငြား ညိုတို့အိမ်ကတော့ ကျယ်လိုက်တာရယ်။ အထဲမှာလည်း အကောင်းစား ပရိဘောဂတွေချည်း။
YOU ARE READING
ညို