'အမှောင်ယံကြီးစိုးတဲ့ညရယ် တို့နှစ်ယောက်ရဲ့ ညအမှောင်ယံထဲ
တိတ်ဆိတ်ခြင်းကလွှမ်းမိုးလို့ ငြိမ်သက်ဆဲ တို့ရဲ့အမှောင်ယံညထဲ .. ဟိုး...ဟိုးအဝေးကြီးက ငြိမ်သက်ဆဲ ဆည်းလည်းသံကိုကြားတယ်'ချမ်းစိမ့်နေသော ည၏လေထုအတွင်း၌ ကက်ဆက်မှ သီချင်းသံလေး ပျံ့လွင့်နေသည်။ အိမ်ငယ်လေးကို ဝန်းရံနေသည့် ပန်းပင်များပေါ်တွင် နှင်းစကလေးများသည် ရေစများအဖြစ် တင်စပြုနေပြီ။
အိမ်ငယ်လေးအတွင်းတွင် သီချင်းသံကိုနားစွင့်နေသည့် ဦးကျော်စွာမှာ အိမ်အပြင်သို့ ခပ်ဆဆကြည့်ကာ ခြေတစ်ဖက်ကို သီချင်းသံစဉ်အလိုက် တစ်ချက်ချင်းလိုက်လှုပ်ရှားရင်း ထိုင်နေသည်။ မီးဖိုချောင်ဘက်မှ အသံများကိုလည်း တစ်ချက်ချက်ကြားနေရသည်။
"မေမေ ထမင်းက နည်းနည်းပျော့သွားသလားလို့နော်"
ထမင်းစားပွဲပေါ်သို့ ထမင်းအုပ်ကိုတင်ရင်း အဏ္ဏဝါပြောလိုက်သံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်မိသည်။ ယိင်းကတော့ အနောက်မှ ပန်းကန်များကိုင်ကာ ထွက်လာရင်း ရယ်ပြုံးနေသည်။
"ဟုတ်တယ်သမီး"
ထိုမျှသာ ပြော၍ စားပွဲ၌ဝင်ထိုင်လိုက်သည့် ယိင်းက ဦးကျော်စွာကို မေးဆတ်ပြကာ ခေါ်သည်။ ဦးကျော်စွာ ထမင်းစားစားပွဲသို့ ချက်ချင်းမသွား။ စောစောက သီချင်းကို တစ်ခေါက်သွားထပ်ဖွင့်လိုက်သည်။
"ဟင်းတွေက အသစ်ထပ်ချက်ထားတာပဲ"
ဦးကျော်စွာပြောတော့ ယိင်းက ခေါင်းညိတ်ပြသည်။ ထို့နောက် ပန်းကန်လေးချပ်ကို စားပွဲပေါ်၌ နေရာချသည်။ ထမင်းအုပ်ထဲမှ ထမင်းများကို ဖိတ်မကျအောင်သတိထားကာ ပန်းကန်များထဲသို့ ထည့်နေသည်။
သားအမိသားအဖသုံးယောက်လုံး စားပွဲ၌ ဝင်ထိုင်ပြီးလိုက်သည့်အခါ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။ အဏ္ဏဝါက သူ့မိခင်ကို တစ်ခုခုတောင်းဆိုနေသည့်အကြည့်များဖြင့် ကြည့်နေသည်။ ထိုသားအမိတွေ ဘာဖြစ်နေသည်ကို ဦးကျော်စွာမသိ။
"ညိုရေ ထမင်းစားစို့လေ သမီး"
ယိင်းက အဏ္ဏဝါ့၏အခန်းဘက်သို့ ခေါင်းကလေးစောင်းငဲ့ကာ အော်ပြောလိုက်သည်။ ဦးကျော်စွာ ထိုအခါမှပင် သဘောပေါက်သွားသည်။ သမီးလေးနဲ့ညိုနဲ့ စိတ်ကောက်ကြပြန်ပြီပဲ။
YOU ARE READING
ညို