"ညရင်ခွင်မှာ သက်ဆင်းရောက်လာသော .. ကြယ်ပြာလေးရယ် တယုတယကြည့်ကာ၊ မနက်လင်းအာရုံချိန် တရွေ့ရွေ့နေမင်း ပေါ်လာခဲ့ရင် အဝေးမသွားနဲ့ကွယ် ..."
နံနက်ခင်းအချိန် ပန်းတွေနဲ့ကာရံထားတဲ့အိမ်ကလေးထဲ သီချင်းသံသဲ့သဲ့ လွင့်နေသည်။ ညို့ရဲ့ ညှို့ဓာတ်တွေပါပဲ။ မနေ့က ညိုပြန်ပို့ပေးပြီးတည်းက အဲ့သီချင်းကို အဏ္ဏဝါ အခါခါနားထောင်နေမိတာ။ ညိုက သူမကို ကြယ်ပြာကလေးဖြစ်စေချင်တယ်ပြောလိုက်လို့ပဲလားမသိပါ။
"မေမေ ညိုတို့အဖေက ဆုံးသွားတာနော်။ အဏ္ဏဝါက ဒီတိုင်း သူ့နိုင်ငံမှာရှိတယ်ပဲထင်နေတာ"
အငွေ့တထောင်းထောင်းထနေတဲ့ထမင်းကြော်ထဲက စတော်ပဲပြုတ်တွေကို ပြုံးကာငေးကြည့်ရင်း အဏ္ဏဝါပြောလိုက်တယ်။ ဖေဖေ့ပန်းကန်ထဲမှာတော့ ငါးနီတူခြောက်ကို ငရုတ်သီးအကြမ်းဖက်နဲ့ကြော်ထားတာလေးတွေပါ ပုံထားသည်။ ကြက်ဥအနှစ်မကျက်တကျက်ကတော့ အဏ္ဏဝါတို့သားအဖ အကြိုက်ဆုံးပင်။
"ဟုတ်တယ် အဏ္ဏဝါ။ ညိုက သနားစရာပါကွယ်။ မေမေပြောပြဖို့ မသင့်ပါဘူး အဲ့အထိ သူ့အဖြစ်ကဆိုးခဲ့တာ"
ဘာမှမသိရတာတောင် အဏ္ဏဝါဟာ ညို့ကို သနားစိတ်ဝင်နေပါရောလား။ ခက်ခဲတဲ့ကာလတွေကိုရော ညိုဘယ်လိုကျော်ဖြတ်တတ်သလဲ။ ဒီလိုပဲ စာအုပ်တွေဖတ် သီချင်းတွေလိုက်ညည်းရင်းပဲ ဖြတ်သန်းလေသလား။
"သမီးငယ်ငယ်က မေမေတို့ သူတို့ဆီကိုခဏခဏသွားတယ်လေ။ သူ့အဖေကို သတင်းမေးရတာတွေပဲ အကြိမ်ပေါင်းမနည်းဘူး"
"ရောဂါဖြစ်တာလား"
"ဆိုပါတော့"
ဖေဖေက အဏ္ဏဝါ့ပုခုံးကို တစ်ချက်ဖြစ်ညှစ်ပြီး သူ့ထိုင်ခုံ၌ ဝင်ထိုင်သည်။ ထို့နောက် ထမင်းကြော်ပန်းကန်ရဲ့ အလယ်မှာပုံထားတဲ့ ငါးခြောက်ကြော်တွေကို ပန်းကန်စွန်းသို့ကပ်သည်။ ကြက်ဥကြော်ကို ချက်ချင်းပင် နှစ်ပိုင်းဖြတ်လိုက်သည်မို့ ကြက်ဥအနှစ်များ ထမင်းကြော်ထဲသို့ ယိုဖိတ်ကျသွားသည်။
"ဒီနေ့ နောက်ဆုံးအတန်းချိန်က tuto ဆိုတော့ အိမ်ပြန်ရ စောမယ်ထင်တယ်။ အပြန်ကို လမ်းဆုံကနေ ဘာဝယ်ခဲ့ရမလဲ"
YOU ARE READING
ညို