အခန်း - ၄၆

25.5K 2.6K 181
                                    

"ဘာလို့လဲ။ ဘာလို့ ကျွန်မကိုပဲ စွန့်ပစ်ဖို့စဉ်းစားရတာလဲ"

ညို့ကို မေးတော့ ညိုက မျက်ရည်အဝဲသားနဲ့ အဏ္ဏဝါ့ကိုကြည့်သည်။ ဒါပဲ .. ဒီမိန်းမရဲ့လက်နက်က အဲ့ဒါပဲ။

"ညို့မှာ မင်းပဲရှိတာ။ မင်းကိုဘာကြောင့်စွန့်ပစ်ရမှာလဲ"

သူမကို ပြန်မေးလာသည့် ညို့မေးခွန်းကြောင့် အဏ္ဏဝါ၏ မျှော်လင့်ချက်ကြိုးမျှင်ကလေးများ ရိပ်ခနဲလှုပ်ရှားသွားသည်။

"အဲ့ဒါဆို မေမေတို့ကိုပြောခဲ့တဲ့စကားတွေက ဘာတွေလဲလို့"

စိတ်မရှည်စွာဖြင့် ညို့လက်များကို လှုပ်ယမ်းကာ မေးလိုက်မိသည်။ ညိုက အဏ္ဏဝါ၏ ဆံပင်များကို ခပ်ဖွဖွသပ်တင်ပေးရင်း မျက်နှာကို ခပ်စေ့စေ့ကြည့်နေသည်။

"မိသားစုတွေ သူငယ်ချင်းတွေကပေးတဲ့ ဒဏ်ရာကို မင်းမခံစားခဲ့ရဖူးတာ ညိုဝမ်းသာမိပါတယ်။ ညိုအခု ဝမ်းနည်းနေရတဲ့အတိုင်းအဆမျိုး မင်းသာခံစားရဖူးမယ်ဆိုရင် ညို မင်းအတွက်ပါ ငိုပေးမိမှာပဲ"

သူမ မေးလိုက်သော မေးခွန်းနှင့် မသက်ဆိုင်သည့်စကားဟုထင်ရသော်လည်း ညိုက စကားတိုင်းကို လက်လွတ်စပယ်ပြောတတ်သူ မဟုတ်။

"အဲ့တော့ ကျွန်မကိုအခု ဘာဖြစ်စေချင်နေတာလဲ"

မျက်မှောင်များကိုကြုတ်၍မေးသည့်အခါ ညိုက မာယာနွယ်ရှိသည့်ဘက်သို့ တစ်ချက်လှမ်းကြည့်နေသေးသည်။ မာယာနွယ်က ဘုရားရှိရာဘက်သို့ မျက်နှာမူကာ စစ်ကရက်ခဲရင်း ရပ်နေသည်။

"ညိုပြောပြီးသားလေ။ အဏ္ဏဝါပဲဖြစ်နေပေးပါလို့"

"ညို ကျွန်မ ညို့လိုစကားမတတ်ဘူး။ ကျွန်မကို ရှင်းရှင်းလင်းလင်းပြောစမ်းပါ"

"ချစ်တယ်"

ရုတ်တရက် ခါးကိုတင်းကျပ်စွာဖက်၍ ရင်ခွင်ထဲတိုးဝင်လာသောညို။ အဏ္ဏဝါသည် ချစ်သော ညို့ထံမှ မည်သို့ ရုန်းနိုင်စွမ်းမည်နည်း။

"သိပ်ချစ်တာပဲ အဏ္ဏဝါ"

လွန်ခဲ့သော လများတုန်းက ထိုစကားကလေးကို ညိုပြောခဲ့ဖူးသည်ပဲ။ အဏ္ဏဝါ သက်ပြင်းတစ်ချက်ကိုချကာ ညို့နဖူးကို ဖိကပ်နမ်းရှိုက်လိုက်မိသည်။

ညိုWhere stories live. Discover now