၂၀၂၇ ခုနှစ် သန်လျင်မြို့။
နေ့လယ်အချိန်ပင် ဖြစ်လင့်ကစား ကောင်းကင်ယံမှာ အုံ့မှိုင်းဝေဝါးနေသည်။ ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး၏ ဆည်းလည်းသံများကိုလည်း ကျယ်လောင်စွာကြားနေရသည်။ မိုးရွာတော့မည်ထင်သည်။ လေပြင်းများက ရှေ့ပြေးရောက်ရှိနေကြသည်။
အဏ္ဏဝါသည် ခြံရှေ့ရှိ မြေကွက်လပ်လေးတွင် ရပ်လျက် လမ်းမထက်သို့ ငေးမောကြည့်နေမိသည်။ ရင်တွင်းရှိ ပူလောင်နေသော ပူလောင်မှုကို မသိကျိုးကျွံပြုကာ တစ်စုံတစ်ခုကို မျှော်နေမိသည်။ ကားများတစ်စီးပြီးတစ်စီး ဖြတ်သွားသော်လည်း ညို့၏ကားအနက်ရောင်ကလေးကိုတော့ မတွေ့ရသေးပါ။ ပခုံးအောက်အထိ ရှည်လျားနေပြီဖြစ်သော ဆံပင်ရှည်များကို စိတ်ရှုပ်စွာဖြင့် လက်ကောက်ဝတ်တွင်ပတ်ထားသော ခေါင်းစည်းကြိုးအညိုရောင်လေးဖြင့် ကမန်းကတန်းစည်းနှောင်လိုက်သည်။ ခပ်ပွပွ တီရှပ်အဖြူရောင်မှာ လေအဝေ့၌ လှပ်ခနဲ ပို၍ဖောင်းပွသွားသည်။
မြေကြီးပေါ်ရှိ ခဲလုံးလေးများကို အကြောင်းပြချက်မဲ့ ကန်ကျောက်နေမိသည်။ လက်သီးကို ခပ်ဖွဖွဆုပ်၍ ကိုယ့်ပေါင်သို့ ပြန်ထုနေမိသည်။ ဟိုဘက်သည်ဘက် လမ်းလျှောက်သည်။ ကျိုက်ခေါက်ဘုရားလမ်းအဆင်းဘက် မျက်စိရှေ့မြင်ကွင်းထဲသို့ တရွေ့ရွေ့တိုးဝင်လာသော ကားအနက်ရောင်လေးကို မြင်လိုက်ရသောအခါ အဏ္ဏဝါ ကျောများမတ်သွားတော့သည်။
ကားရပ်ရန်နေရာပေး၍ ခြံအဝနားလေး၌ သူမ ကပ်ကာ ရပ်နေလိုက်ပါသည်။ ကားပေါ်မှ ညိုဆင်းမလာသေးခင် ကားအနားသို့သွားကာ ကားတံခါးကို အပြေးကလေး ဖွင့်ပေးလိုက်သည်။ ဖျော့တော့နေသော ညို့မျက်နှာလှလှကလေးကို အရင်ဆုံးမြင်လိုက်ရသည်မို့ အဏ္ဏဝါ ရင်ထဲ လှပ်ခနဲဖြစ်သွားပါသည်။
"အဆင်ပြေရဲ့လား ညို။ ကျွန်မ စိတ်တွေပူနေတာ"
"အထဲဝင်ရအောင်လေကွယ် ညိုပြောပါတယ် ထွက်မစောင့်ပါနဲ့ဆိုတာ"
ဂုတ်ဝဲလောက်သာရှိတော့သော ညို့ဆံပင်တိုလေးကို ငေးကာ အဏ္ဏဝါ ပြုံးပြလိုက်သည်။
"အဆင်ပြေရဲ့လား တယောညို။ ဆေးရုံတင်ထားရမယ်တဲ့လား"
ဖေဖေက အိမ်ထဲတွင် ထိုင်စောင့်နေခဲ့သည်။ ညို့ကိုမြင်မြင်ချင်းမေးလိုက်သည့်အခါ ညိုက ခေါင်းကို အသာညိတ်သည်။
YOU ARE READING
ညို